အကျပ်အတည်းများကြောင့် ဂျာမနီကိုသွားရန် အိပ်မက်နေသော တူနီးရှားသားများ

အကျပ်အတည်းများကြောင့် ဂျာမနီကိုသွားရန် အိပ်မက်နေသော တူနီးရှားသားများ
Published 6 December 2022
Translate by ဇင်မျိုး

ဘာသာစကားအတားအဆီးနှင့် မြောက်အာဖရိကနိုင်ငံတူနီးရှား၏ ပြင်သစ်နှင့်ရှည်လျားသော ဆက်ဆံရေးသမိုင်းကြောင်းတို့ရှိနေသော်လည်း ဂျာမနီသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော တူနီးရှားလူငယ်များ အတွက် အဓိကခရီးပန်းတိုင်ဖြစ်လာသည်။

ကလေးမွေးဖွားနှုန်းနိမ့်ကျနေခြင်းနှင့်အတူ ဥရောပအကြီးဆုံးစီးပွားရေးနိုင်ငံဂျာမနီသည် အလုပ်ကြမ်းအတွက် တောင်းဆိုလျက်ရှိပြီး နှစ်ပေါင်းများစွာ စီးပွားရေးအကျပ်အတည်းကြောင့် ပင်ပန်းနွမ်းနယ်နေသော တူနီးရှားနိုင်ငံသားအများအပြားမှာ အခြားနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်ရန် တရားဝင်လမ်းကြောင်းတစ်ခုအတွက် အခွင့်အလမ်းကိုမြင်ကြသည်။

ပင်လယ်ရပ်ခြားတွင် ရွှေ့ပြောင်းနေထိုင်လိုသော တူနီးရှားနိုင်ငံသားအရေအတွက်သည် နည်းနေဆဲဆိုသော်လည်း ရွှေ့ပြောင်းလိုသူအရေအတွက်မှာ လျင်မြန်စွာတိုးလာနေသည်။ ဂျာမနီသည် ဇန်နဝါရီမှ အောက်တိုဘာအထိ တူနီးရှားနိုင်ငံများအတွက် အလုပ်လုပ်ခွင့် (Work Permit) ၅၄၇၄ ကို ခွင့်ပြုပေးထားရာ ၂၀၂၂ ခုနှစ် တစ်ခုနှစ်ပတ်လုံးတွင် ခွင့်ပြုထားသော အရေအတွက် ၄၄၆၂ မှ မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်၏အရေအတွက်ထက် နှစ်ဆကျော်ဖြစ်သည်။

ဂျာမနီသည် မူလနိုင်ငံများအတွက် ခွဲတမ်းသတ်မှတ်ချက်များမရှိထားဘဲ နိုင်ငံခြားဒီပလိုမာများကို အသိအမှတ်ပြုမှုတိုးလာသည်ဆိုသောအချက်က အလားအလာကို နှိုးဆွပေးလျက်ရှိသည်။

“ဂျာမနီဟာ အလုပ်သမားတွေအတွက် အင်မတန်ကြီးမားတဲ့ လိုအပ်ချက်ရှိနေပါတယ်။ ကျန်းမာရေးနဲ့ အိုင်တီကဏ္ဍတို့မှာသာမက ကြိုဆိုဧည့်ခံရေး၊ တည်ဆောက်ရေး၊ ဖိုက်ဘာကြိုးတွေချတာ ဒါမှမဟုတ်အကြီးစား ကုန်တင်ယာဉ်တွေမောင်းနှင်တာတို့မှာလည်း လိုအပ်နေပါတယ်” ဟု နာဂျက်စ်ရာမနီက ပြောသည်။ သူသည် Get In Germany ဆိုသည့် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီကို ဦးဆောင်နေသည့် ဘာလင်အခြေစိုက် တူနီးရှားနိုင်ငံသားဖြစ်သည်။

အလုပ်ရှင်အချို့မှာ ဗီဇာလုပ်ငန်းစဉ်များ ဖြေလျှော့ရေးကို အထောက်အကူဖြစ်စေရန် ကန်ထရိုက်များ ကမ်းလှမ်းကြပြီး ၎င်းတို့၏ အနာဂတ်အလုပ်သမားများကို အကူအညီပေးရန် ဘာသာစကားသင်တန်း ခြောက်လစာကိုပင် ပေးကြသည်။

ဂျာမန်အတန်းများအတွက် လိုအပ်ချက်သည် ၂၀၂၀ ခုနှစ်ကတည်းက သိသိသာသာမြင့်တက်လာသည်ဟု တူးနစ်မြို့တွင် ဘာသာစကားကျောင်း ဖွင့်ထားသော ယက်ဖ်ဘီနာဇူးက ပြောသည်။

“အရင်တုန်းကတော့ ကျွန်တော့်မှာ လူတစ်အုပ်စု ဒါမှမဟုတ် နှစ်အုပ်စုရှိပါတယ်။ အခုတော့ခြောက်အုပ်စု ဒါမှမဟုတ် ခုနစ်အုပ်စုအထိ တိုးလာပါတယ်” ဟု ၎င်းက ပြောသည်။

အချိန်မှန်ခြင်းသည် နောက်ကျခြင်းဖြစ်သည် (puenktlich ist schon spaet)ဆိုသည့် အကြံပေးစကား အပါအဝင်၏ အခြေခံဂျာမန်ယဉ်ကျေးမှုဆိုင်ရာစံနှုန်းများကိုလည်း ယက်ဖ်ဘီနာဇူးက သင်ပေးသည်။

ကုန်စျေးနှုန်းကြီး အလုပ်အကိုင်နည်းပါး

ပြင်သစ်ကိုလိုနီနိုင်ငံအဖြစ် တူနီးရှားသမိုင်းကြောင်းဆိုသည်မှာ တူနီးရှားပြည်သူများက တိုင်းခြားဘာသာစကားများကို အသုံးပြုနေကြသည်ဟု အဓိပ္ပာယ်သက်ရောက်စေကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ရောနှောမှုတို့ကတစ်ဆင့် အခြားယဉ်ကျေးမှုတွေအတွက်လည်း ကျွန်တော်တို့က အလွန်ပွင့်လင်းပါတယ်” ဟု ၎င်းက ပြောသည်။

အာရပ်ကမ္ဘာ၏ နာမည်အလွန်ကောင်းသော ပညာရေးစနစ်များကြောင့် ဘာသာစကားသင်တန်းကျောင်းများ၏ ကျောင်းသားများမှာ အရည်အချင်းမြင့်မားသူများ ဖြစ်လေ့ရှိကြသည်ဆိုသော်လည်း ၎င်းတို့မှာ ဘွဲ့ရလူငယ်ရာခိုင်နှုန်း ၃၀ ကို ထိခိုက်စေသော အလုပ်လက်မဲ့ဖြစ်မှု၏ ကျိန်စာတိုက်ခံထားရသည်။

Hijiab ဝတ်ထားသော အသက် ၂၅ နှစ်အရွယ် ဟိုက်ဒရာလစ်အင်ဂျင်နီယာမလေး နာမိုင်းမက်ဆီးယားက အစ္စလာမ်မုန်းတီးရေးကြောင့်ဟုဆိုကာ ပြင်သစ်ထက် ဂျာမနီကို ရွေးချယ်ထားသည်ဟု ပြောသည်။

ပျမ်းမျှလစာဒိုင်နာ ၁၀၀၀ (ယူရို သို့မဟုတ် ဒေါ်လာ ၃၀၀ ဝန်းကျင်)ရသော တူနီးရှားလိုမဟုတ်ဘဲ သူ့အနေဖြင့် “လေးစားမှု၊ ဆုကြေး၊ လစာအသင့်အတင့်” ရရန် မျှော်လင့်ထားသည်ဟု ပြောသည်။

လိုအပ်ချက်မြင့်မားသော အိုင်တီနည်းပညာရှင်များပင် ၎င်းတို့အလုပ်လုပ်ကာစတွင် အမြင့်ဆုံးဒိုင်နာ ၂၀၀၀ ရရန် မျှော်မှန်းနိုင်သည်။

တူနီးရှားမှ ထွက်ခွာရန် မျှော်လင့်ထားသူ အများစုကဲ့သို့ပင် နာမိုင်းသည် ဂျာမန်သင်ခန်းစာများနှင့် ဗီဇာလျှောက်ထားခြင်းတို့အတွက် ကုန်ကျမှုကို မိဘများထံမှ အကူအညီရရှိထားသည်။

“နေထိုင်စရိတ် မြင့်တက်လာတာနဲ့အတူ လစာဟာ မိသားစုထူထောင်ဖို့နဲ့ မိသားစုကို ထောက်ပံ့ဖို့ မလုံလောက်ပါဘူး” ဟု ၎င်းက ပြောသည်။

ငွေကြေးဖောင်းပွမှုသည် အောက်တိုဘာတွင် year-on-year ၉ ဒသမ ၀ ရာခိုင်နှုန်းအထိအမြင့်ဆုံးဖြစ်ခဲ့သည်။ ဇိန်းအယ်လ် အဘီဒင်းဘင်အလီကို ပြုတ်ကျသွားစေသည့် ၂၀၁၁ တော်လှန်ရေးထက်ပင် ပို၍စောစွာ ဖြစ်ပေါ်နေသော နှစ်ချီစီးပွားရေးအကျပ်အတည်းကို တူနီးရှားက ကြံ့ကြံ့ခံနေရသည်။

နှေးကွေးနေသော တိုးတက်မှု၊ များပြားလှသည့် ပြည်သူ့ကြွေးမြီ၊ အသစ်ဝင်လာသူများကို ပိတ်ထားသည့်ကဏ္ဍများနှင့်အတူ အလုပ်အကိုင်များ ရှားပါးနေသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၊ ယူကရိန်းစစ်ပွဲ၏ ဆိုးကျိုးတို့က အလုပ်အကိုင်ရှားပါးမှုကို ပိုမိုဆိုးရွားစေသည်။

အန္တရာယ်များသည့် ပင်လယ်ပြင်ဖြတ်ကျော်မှုများ

တူနီးရှား၏ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မရေမရာဖြစ်စေသော သမ္မတကိုင်းဆေယက်၏ ၂၀၂၁ အာဏာချုပ်ကိုင်မှုက စီးပွားရေးဆိုင်ရာ ယုံကြည်မှု မြင့်တက်လာစေရေးကို အထောက်အကူ မပေးခဲ့ပေ။

လူငယ်နှစ်ဦးတွင် တစ်ဦးသည် နိုင်ငံမှ ထွက်ခွာချင်ကြသည်ဟု Tunisian Forum for Economic and Social Rights အုပ်စုက ပြောသည်။

လွန်ခဲ့သော ငါးနှစ်တွင် အင်ဂျင်နီယာ ၄ဝဝဝဝနှင့် ဆရာဝန် ၃၃၀၀ ကျော်အပါအဝင် အချို့က တရားဝင်ထွက်ခွာကြပြီး လူထောင်ပေါင်းများစွာမှာ ယာယီအသုံးပြု သောလှေများဖြင့် အီတလီသို့ အန္တရာယ်များသည့် ခရီးများသွားရန် ပိုမိုကြိုးပမ်းကြရာ အချို့မှာ လမ်းခရီးတွင် ရေနစ်ကုန်ကြသည်။

တရားဝင်ထွက်ခွာမည့်သူများထဲတွင် အသက် ၂၈ နှစ်အရွယ် အီလေးဂျီလက်ဆီ ပါဝင်သည်။ သူသည် ဂျာမနီကိုသွားရန်ပြင်ဆင်နေစဉ် သံလွင်ဆီတစ်ပုလင်းနှင့် အမွှေးအကြိုင်အချို့ကို ခရီးဆောင်လက်ဆွဲသေတ္တာထဲ ထည့်နေသည်။

မိသားစုက သူ့ကို နှုတ်ဆက်စကားပြောရန် ကောဘာမြို့၌ ရောက်ရှိနေသောကြောင့် သူသည် နိုင်ငံမှ ထွက်သွားရန် ဘယ်တော့မှ ဆန္ဒမရှိဟု ပြောသည်။

“ဒါပေမဲ့ သုံးနှစ်ပညာသင်ပြီးပြီး ဆေးရုံတချို့မှာလည်း အလုပ်သင်အဖြစ် လုပ်ခဲ့ပြီးပြီဆိုတော့ တူနီးရှားမှာ အလုပ်မလုပ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်” ဟု  ၎င်းက ပြောသည်။

ဂျီလက်ဆီသည် ဂျာမနီမြို့ကြီး ဝက်စ်ဘာဒင်တွင် အကြီးတန်းသူနာပြုအဖြစ် အလုပ်စာချုပ်ချုပ်ထားသည်။ ပထမခြောက် လအတွက် နေထိုင်စရိတ်အခမဲ့ဖြစ်သည်။

လစာကောင်းသည့်အပြင် ကပ်ရောဂါကြောင့်လည်းကောင်း၊ နှစ်ချီပစ်ထားခြင်းကြောင့်လည်းကောင်း အခြေအနေဆိုးရွားနေသော ကျန်းမာရေးစနစ်ရှိရာ တူနီးရှားထက်ပိုကောင်းသော အလုပ်ခွင်အခြေအနေများကို ရှာတွေ့မည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။

“ကျွန်တော်တို့ရဲ့ဆေးရုံတွေဟာ ပစ္စည်းကိရိယာမရှိတဲ့ ဒဏ်ကို ခံစားနေကြရတာပါ။ ဒါဟာလူနာတွေနဲ့ ပဋိပက္ခဖြစ်ရပါတယ်” ဟု ၎င်းက ပြောသည်။ “ဒါဟာ တကယ်ဗျာ များရပါတယ်” ဟု ဆိုသည်။

ဂျာမနီတွင် သူငယ်ချင်းများလည်းရှိနေပြီး နောက်ထပ်ပညာသင်ကြားမှုကို လွယ်လွယ်လုပ်နိုင်မည်ဖြစ်သောကြောင့် ကနေဒါ၊ ပြင်သစ်၊ ပင်လယ်ကွေ့တို့ထက် ဂျာမနီကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

သူသည် ဂျာမနီတွင် အမြဲတမ်းနေလိမ့်မည် မဟုတ်ပေ။ “ကျွန်တော့်အသက် ၅၀ ဆိုရင် ပြန်လာချင်ပါတယ်” ဟု သူက ပြောသည်။

Ref;AFP

Most Read

Most Recent