ဂျာနယ်လစ်ခါရှိုဂီ အသတ်ခံရမှုအတွက် အမှန်အတိုင်း ထုတ်ပြန်သွားမည်ဟု တူရကီ ကတိပြု

ဂျာနယ်လစ်ခါရှိုဂီ အသတ်ခံရမှုအတွက် အမှန်အတိုင်း ထုတ်ပြန်သွားမည်ဟု တူရကီ ကတိပြု
အောက်တိုဘာ ၂၂ ရက်တွင် အစ္စတန်ဘူ၌ ဆော်ဒီကောင်စစ်ဝန်ရုံး အပြင်ဘက်တွင် စောင့်ကြပ်နေသူနှစ်ဦးကို တွေ့ရစဉ် (Photo: AP)
အောက်တိုဘာ ၂၂ ရက်တွင် အစ္စတန်ဘူ၌ ဆော်ဒီကောင်စစ်ဝန်ရုံး အပြင်ဘက်တွင် စောင့်ကြပ်နေသူနှစ်ဦးကို တွေ့ရစဉ် (Photo: AP)
Published 22 October 2018
Ref: AFP

ဆော်ဒီအာရေဗျအစိုးရအား ဝေဖန်သူ ဂျာနယ်လစ် ဂျမယ်ခါရှိုဂီ၏အလောင်း မည်သည့်နေရာတွင် ရှိနေသည်ကို မသိရှိကြောင်းနှင့် ၎င်းအား သတ်ဖြတ်ရန် စီစဉ်မှုကို အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က သိရှိခဲ့ခြင်း မရှိကြောင်း ရီယာ့ဒ်က ထုတ်ပြန်ခဲ့စဉ် ခါရှိုဂီသေဆုံးမှုအကြောင်းအား အဖုံးအကွယ်မရှိဘဲ အမှန်တရားကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟု တူရကီသမ္မတ ရီဆပ် တေယစ်အာဒိုဂန်က အောက်တိုဘာ ၂၁ ရက်တွင် ကတိပြုခဲ့သည်။

ခါရှိုဂီသည် အစ္စတန်ဘူရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲတွင် အသတ်ခံခဲ့ရကြောင်း ဆော်ဒီအာဏာပိုင်များက ဝန်ခံခဲ့ပြီးနောက် အာဒိုဂန်၏ ကတိပြုမှု ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စအတွက် တရားမျှတမှု ရရှိရန် ကြိုးပမ်းနေပြီး အဖြစ်မှန်ကို သာမန်အနေအထားများဖြင့်သာမက အလုံးစုံဖွင့်ချသည့် နည်းလမ်းဖြင့် ထုတ်ဖော်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က အစ္စတန်ဘူတွင် စုဝေးမှုတစ်ခု၌ ကတိပေးခဲ့သည်။ 

တင်းမာစွာ ရပ်တည်ရန် အမေရိကန် အစိုးရကို ဖိအားများ ကျရောက်လာစဉ် အလွန်အမင်း ရှေးရိုးစွဲ ဆော်ဒီဘုရင်အစိုးရအား ဝေဖန်သည့် ၀ါရှင်တန်ပို့စ်ဆောင်းပါးရှင် ခါရှိုဂီအသတ်ခံရမှုအား ဆော်ဒီက လိမ်လည်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲခဲ့ပြီး ထိုကိစ္စတွင် ထရန့်၏ အပြင်းထန်ဆုံး မှတ်ချက်ဖြစ်ခဲ့သည်။

ခါရှိုဂီအသတ်ခံရမှုသည် ဧရာမ အမှားအယွင်းတစ်ခုဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ကို ကျော်လွန်သူတစ်ဦးချင်းစီက ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အား ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒယ်အယ်ဂျူဘီယာက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုအစီအစဉ်အား နာမည်အတိုကောက် MBS ဟု သိကြသော အိမ်ရှေ့မင်းသားက ညွှန်ကြားခဲ့ခြင်း မဟုတ်ကြောင်း၊ ခါရှိုဂီ၏ အလောင်းလည်း မည်သည့်နေရာ၌ ရှိနေသည်ကို မသိရကြောင်း ဂျူဘီယာက Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

အောက်တိုဘာ ၂ ရက်တွင် အစ္စတန်ဘူသို့ လေကြောင်းခရီးစဉ်နှစ်ခုဖြင့် ရောက်ရှိလာသည့် ဆော်ဒီအမျိုးသား ၁၅ ဦးသည် ခါရှိုဂီသေဆုံးမှုနှင့် ဆက်နွှယ်နေသည်ဟု ယုံကြည်ကြောင်း တူရကီတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ သို့သော် ထို ၁၅ ဦးထဲတွင် ပါဝင်သူတစ်ဦးသည် ပြီးခဲ့သော နှစ်အနည်းငယ်က ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရီယာ့ဒ်က ပြန်လည် ထုတ်ပြန်ခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် မိုဟာမက်ဘင်ဆယ်မန်သည် ဆော်ဒီထီးနန်းဆက်ခံမည့်သူဟု ကြေညာခံရပြီးနောက် ယခုလတွင် အသက် ၆၀ ပြည့်တော့မည့် ခါရှိုဂီသည် ဇာတိဆော်ဒီမှ ထွက်ပြေးပြီး အမေရိကန်တွင် ခိုလှုံရန် ကြိုးပမ်းခဲ့သည်။ မီဒီယာ၌ ဆယ်စုနှစ်များစွာကြာ လုပ်ကိုင်စဉ် အစ္စလာမ္မစ်နှင့်လစ်ဘရယ် အမြင်နှစ်မျိုးစလုံးကို ထောက်ခံအားပေးခဲ့သည့် ခါရှိုဂီသည် တူရကီအမျိုးသမီးတစ်ဦးနှင့် စေ့စပ်ထားသည်။

ရီယာ့ဒ်သည် ခါရှိုဂီအား သတ်ဖြတ်ပြီး အလောင်းအား အပိုင်းပိုင်းပြုလုပ်မှုကို အစိုးရ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့သည်ဟု တူရကီတာဝန်ရှိသူများက ယခုအခါ ယုံကြည်လာကြသည်ဟု တူရကီအစိုးရလိုလားသည့် မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent