၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ရော်ဘာတန်ချိန် ၈၈၀၀ ကျော် တင်ပို့ခဲ့ပြီး ယခင်လထက်တန်ချိန် ၃၅၀၀ ကျော် တင်ပို့မှုလျော့ကျ

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ရော်ဘာတန်ချိန် ၈၈၀၀ ကျော် တင်ပို့ခဲ့ပြီး ယခင်လထက်တန်ချိန် ၃၅၀၀ ကျော် တင်ပို့မှုလျော့ကျ
Published 25 October 2022

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် ရော်ဘာတန်ချိန် ၈၈၀၀ ကျော်တင်ပို့ခဲ့ပြီး ယခင်လထက်တန်ချိန် ၃၅၀၀ ကျော် တင်ပို့မှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ဒေါ်လာ ၃ ဒသမ၅၇၂ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ နီးပါး တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၈ ဒသမ ၄၂၃သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၆၃၅၀ ကျော် တင်ပို့ခဲ့သည်။ နယ်စပ်မှ တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၈ဝနီးပါးနှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန်စုစုပေါင်း ၉၇၀ ကျော်တင်ပို့ခဲ့သည်။

ယင်းကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၈၈၁၀ တင်ပို့ခဲ့သည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၃၅၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ၄၄၉ သန်းကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၄၄၉ ဒသမ ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင် ရွက်ခြင်းကဏ္ဍစသည်တို့လည်း ပါဝင်သည်။