ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေး နွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ အစိုးရဘက်က ကမ်းလှမ်းခဲ့သည်။
ယင်းကမ်းလှမ်းချက်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များအကြား အကြိမ် ပေါင်းများစွာ တွေ့ဆုံဆွေးနွေးညှိ နှိုင်းပြီးနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် ၌ NCA စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။
၂၀၁၅ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့ (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ် မြောက်ရေး တပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ပါဝင်လက် မှတ်ရေးထိုးခဲ့ကြသည်။
ကနဦးဆွေးနွေးမှုများတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ရခိုင်ပြည်လွတ် မြောက်ရေးကောင်စီ (ANC) တို့ ကဲ့ သို့သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ပါဝင်ဆွေး နွေးခဲ့ကြသော်လည်း အဆုံးသတ် NCA စာချုပ်လက်မှတ်ရေးထိုးရာ တွင်မူ ၎င်းတို့ပါဝင်ခဲ့ခြင်းမရှိပေ။
NCA စာချုပ် လက်မှတ်ရေးထိုး ပြီးနောက် အစိုးရ၊ လွှတ်တော်၊ တပ် မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြား NCA ကို အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်အ စိတ်အပိုင်း (၁) ၊ (၂) ၊ (၃) တို့ကို ချုပ် ဆိုနိုင်ခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အဖွဲ့အစည်းအသီးသီး စွဲကိုင် အသုံးပြုခဲ့သော NCA စာချုပ်သည် အောက်တိုဘာ ၁၅ ရက်တွင် သက် တမ်း (၇) နှစ်ရှိခဲ့ပြီဖြစ်သည်။
NCA စာချုပ် (၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နေ ပြည်တော်တွင် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ တာဝန်ရှိသူ တချို့ တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့၏ ထိပ် ပိုင်း ခေါင်းဆောင်များ အဆိုပါ အခမ်း အနားသို့ တက်ရောက်သည်ကို မ တွေ့ရပေ။
အောက်တိုဘာ ၁၅ ရက်တွင် နစကဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA (၇) နှစ်မြောက် အထိမ်းအမှတ် မိန့် ခွန်းပြောကြားသည်။
မြန်မာနိုင်ငံ၏ အခြေခံနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက် သည် တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးဖြစ်သည်ဟု နစကဥက္ကဋ္ဌက ၎င်း၏ NCA (၇) နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
NCA စာချုပ်သည် မြန်မာနိုင်ငံ အတွက် အရေးတကြီး လိုအပ်နေ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင ် အဓိကအကျဆုံး အခြေခံလုပ် ဆောင်ရမည့် အချက်ဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ပြည်ပစွက်ဖက်မှု ကင်းစွာဖြင့် တိုင်းရင်းသားညီအစ်ကို အချင်းချင်း မျက်နှာချင်းဆိုင် တွေ့ ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ အောင်မြင်မှု ရရှိမည်ဟုလည်း ၎င်းင်း က ဆိုသည်။
ပြည်တွင်းပြည်ပက မြန်မာ့ငြိမ်း ချမ်းရေးအကျိုးကို မလိုလားသူများ ရှိနေသရွေ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးဆွေးနွေးမှုများသည် ထင်သ လောက် ခရီးပေါက်မည်မဟုတ်ဟု နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် နစကအနေဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို ဆောင် ရွက်ရာတွင် လက်တွေ့ကျပြီး ဖြစ်နိုင် သော လုပ်ဆောင်ချက်များကို ဦးစား ပေး ဆောင်ရွက်လျက်ရှိကြောင်း လည်း နစကဥက္ကဋ္ဌက ပြောကြား သည်။
နစကနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အကြား နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးထား သည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာ တွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကို အားလုံးက သ ဘောတူကြသည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက် လက် ဆောင်ရွက်ရာမှာ ရပ်တည် သွားရမယ့် အခြေခံအချက် ၂ ခု ရှိပါမယ်။ ဒါတွေကတော့ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်သွားပါမယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည် သွားပါမယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် တိုင်းရင်းသားများ၏ ဆန္ဒနှင့် လိုလားချက်များကို ဒီမိုက ရေစီနည်းကျ ဆောင်ရွက်ပေးနိုင်ရန် အတွက် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲသို့ တိုင်းရင်းသား ကိုယ်စားလှယ်များ စုံစုံညီညီ ရောက် ရှိရန် လိုအပ်သည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
သို့မှသာ လူမျိုးစုအလိုက် လို လားချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး စု ပေါင်းဆုံးဖြတ်အကောင်အထည် ဖော်နိုင်မည်ဟု နစကဥက္ကဋ္ဌက ပြော ကြားသည်။
“ကျွန်တော်တို့အနေနဲ့ တိုင်း ရင်းသားများရဲ့ တောင်းဆိုချက်၊ လို လားချက်တွေထဲက ဖြစ်နိုင်တာ၊ ဖြစ် သင့် တာတွေကို အကောင်အထည် ဖော်နိုင်ဖို့ အချို့သောဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်သင့်တာပြင်ရပါလိမ့်မယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
တိုင်းရင်းသားများကို ကိုယ်စား ပြုမှု အများဆုံးဖြစ်သော အမျိုးသား လွှတ်တော်၏ အဆိုပြုချက်များနှင့် ဥပဒေမူကြမ်းများသည် ပြည်သူ့ လွှတ်တော်နှင့် ကွဲလွဲမှုရှိသဖြင့် ပြည် ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ် သည့်အခါ လူများစုဖြစ်သည့် ပြည် သူ့လွှတ်တော်ကသာ လွှမ်းမိုးသွား သည်ဟု ၎င်းက ဥပမာပေး ထောက် ပြပြောဆိုသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဆိုပါက ယခုကဲ့ သို့သော ကိစ္စမျိုးတွင် တိုင်းရင်းသား များအရေးကို ထည့်သွင်းစဉ်းစားရ လိမ့်မည်ဟု ၎င်းက ဆိုသည်။
ဥပဒေပြုရေးမဏ္ဍိုင်တွင် ထိန်းညှိမျှတမှုရှိစေရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို အလေးထားသောအားဖြင့် သီးခြား ဥပဒေပြုခွင့်များကို လွှတ်တော်အ လိုက်ပေးထားပြီး လုပ်ဆောင်နိုင်ပါ က ပိုမိုကောင်းမွန်မည်ဟု ၎င်းက ယူဆသည်။
“ကျွန်တော်တို့အနေနဲ့ ဒါတွေ ကို ဆောင်ရွက်နိုင်ဖို့ တည်ဆဲဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရ ပါလိမ့်မယ်။ ဒါမှသာ တိုင်းရင်းသား အားလုံး ဒီမိုကရေစီရဲ့အနှစ်သာရ၊ ပြည်ထောင်စုစနစ်ရဲ့ ကောင်းမွန်အဓိပ္ပာယ်ပြည့်ဝမှုတွေကို ခံစားနိုင် မှာ ဖြစ်ပါတယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
NCA စာချုပ် (၇) နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံပွဲတွင် ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင် စီ (RCSS) ကိုယ်စားလှယ် ဗိုလ်မှူး ကြီး ဆောင်းဟန်က အမှတ်တရ စ ကား ပြောကြားခဲ့သည်။
NCA စာချုပ် အကောင်အ ထည်ဖော်ခဲ့သည့် ငါးနှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ် ငန်းများအပါအဝင် ကဏ္ဍအသီးသီး ကို ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းအချက်ကို အသိ အမှတ်ပြုရမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဆောင်းဟန်က ဆိုသည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အ ကျပ်အတည်းကြောင့် NCA စာချုပ် အကောင်အထည်ဖော်ခြင်းလုပ်ငန်း များ ရပ်တန့်သွားခဲ့ပြီး NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးမှာလည်း ပါဝင်သည့် အ ဖွဲ့အစည်းများ မရှိတော့သဖြင့် မဖြစ် နိုင်တော့သည့် အခြေအနေဆီသို့ တွန်းပို့ခဲ့သည်ဟု ၎င်းင်းကဆိုသည်။
NCA လက်မှတ်ရေးထိုးပြီး (၇) နှစ်တာ ကာလအတွင်း တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲများတွင် သူ့မူ၊ ကို ယ့်မူ အသေစွဲကိုင်ခြင်း၊ ဆွေးနွေး ဖော်ဆွေးနွေးဖက်အပေါ် လေးစားမှု မရှိခြင်း၊ အပေါ်စီးမှ အတင်းအကျပ် ဖိအားပေး သဘောတူစေခြင်း၊ ဆွေး နွေးရန် နေရာအား တစ်ဖက်သတ် သတ်မှတ်ခြင်းများသည် ဆွေးနွေးညှိ နှိုင်းမှု အောင်မြင်ရေးအတွက် ကြီး မားသော အဟန့်အတားများဖြစ်ခဲ့ သည်ဟုလည်း ဗိုလ်မှူးကြီး ဆောင်း ဟန်က ဆိုသည်။
နောင်တွင် ပြုလုပ်မည့် ဆွေး နွေးညှိနှိုင်းပွဲများတွင် နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်စေသော ဆွေးနွေးပွဲ အခင်းအကျင်းအား မဖြစ်မနေ ညှိ နှိုင်းပူးတွဲဖန်တီးပေးရန် ဗိုလ်မှူးကြီး ဆောင်းဟန်က တောင်းဆိုခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ ပြီးနောက် NCA ၏ အခန်းကဏ္ဍသည် မှေးမှိန်သွားခဲ့သည်။
NCA စာချုပ်အရ ဖြစ်ပေါ်ခဲ့ သော နိုင်ငံရေးဆွေးနွေးပွဲများတွင် လည်း မူဝါဒရေးရာ သဘောထား မတိုက်ဆိုင်မှုများကြောင့် ဆွေးနွေး ပွဲရလဒ်များမှာ ထင်သလောက် ခရီး မရောက်ဖြစ်ခဲ့ရသည်။
တပ်နေရာချထားရေးတွင် ပြေ လည်မှုမရရှိသဖြင့် တပ်မတော်နှင့် ုြူဗ ၊ RCSS တို့အကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြသည်။
NCA စာချုပ်အား ပူးတွဲအ ကောင်အထည်ဖော်ရန် အားနည်း ချက်များရှိခဲ့သဖြင့် တိုက်ပွဲများ ဖြစ် ပွားခဲ့ရကာ အရပ်သားများကို နေ ရပ်စွန့်ခွာစေခဲ့ရသည်။
နစကအစိုးရအနေဖြင့် NCA စာချုပ်ကို လက်ကိုင်ပြု၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် နေဆဲဖြစ်သည်။
သို့သော်လည်း NCA စာချုပ် လက်မှတ်ရေးထိုးထားသော KNU၊ CNF နှင့် ABSDF တို့မှာ နစကနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိပေ။
ထို့ပြင် နိုင်ငံတစ်ဝန်း ဒေသအ များအပြားတွင် တိုက်ပွဲများ၊ အကြမ်း ဖက်မှုများကြောင့် ပြည်သူလူထု၏ လုံခြုံရေးမှာလည်း စိုးရိမ်ဖွယ်ရာ အ နေအထားတွင် ရှိနေဆဲဖြစ်သည်။
နစကအနေဖြင့် ၂၀၂၂ ခုနှစ် ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ် ထားသော်လည်း လက်ရှိအချိန်အထိ မငြိမ်းချမ်းမှုများကသာ လွှမ်းမိုးနေ ဆဲဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် လက်နက်ကိုင်ဆောင်ထား သည့် အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်မည်ဖြစ် ပြီး ဆွေးနွေးရန် တစ်ဖွဲ့ကျန်နေလျှင် ပင် ယင်းတစ်ဖွဲ့နှင့် ပတ်သက်သည့် မငြိမ်းချမ်းမှုကို အရပ်သားများ ခံစား နေရဦးမည်ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ နစကအစိုးရက အာမခံထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စ နစ်ကို အခြေခံသော ပြည်ထောင်စု ကို တည်ဆောက်နိုင်မည်ဖြစ်သည်။










