မွန်ပြည်နယ်အတွင်း ပြန်လည်ခေါင်းထောင်လာတဲ့ COVID-19 

မွန်ပြည်နယ်အတွင်း ပြန်လည်ခေါင်းထောင်လာတဲ့ COVID-19 
Photo - ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ
Photo - ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ
Published 23 October 2022
ဘိုဘိုမြင့်

ယခုနှစ် မတ်လနောက်ပိုင်း မွန်ပြည်နယ်အတွင်းမှာ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ ရောဂါကူးစက်ဖြစ်မှုနှုန်းတွေ သိသိသာသာလျော့နည်း ကျဆင်းသွားပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း အနည်းငယ်ပြန်တက်လာပြီး လက်ရှိ အောက်တိုဘာလ တတိယပတ်မှာတော့ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းက ပြန်လည်များပြားလာတာ တွေ့ရပါတယ်။

မွန်ပြည်နယ်မှာ ယခုနှစ်အတွင်း Positive လူနာတွေ့ရှိမှုတွေက ဇန်နဝါရီလအတွင်းမှာ COVID-19 Positive လူနာပေါင်း ၁၂၂ ဦးသာရှိခဲ့ပြီး အတည်ပြုလူနာ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ ရောဂါကူးစက်မှုနှုန်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီးတော့ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၆၇၀ ဦးရှိခဲ့ကာ ဓာတ်ခွဲအတည်ပြုလူနာ၃၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ COVID-19 ကူးစက်ကပ်ရောဂါအရေး ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေထံမှသိရပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာက COVID-19 ကူးစက်ကပ်ရောဂါရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Omicron ကြောင့် ကူးစက်မှုနှုန်းမြန်တဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း များပြားခဲ့တဲ့ သဘောမျိုးဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ရောဂါကူးစက်မှုအားလုံးလိုလိုသည် Omicron ကြောင့်ဖြစ်သည်ဟု ယူဆဖွယ်ရှိပါကြောင်း နဲ့ ရောဂါကူးစက်ဖြစ်ပွားသူများ၏ ၇၀ ရာခိုင်နှုန်းဟာ Omicron ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းဟာ Delta အကြွင်းအကျန်အဖြစ် ဆက်ရှိနေသည် ယူဆရပါကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေက သုံးသပ်ခဲ့ကြပါတယ်။

မတ်လအတွင်းမှာလည်း ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၀၃၀ ဦးရှိခဲ့ပြီး အတည်ပြုလူနာ ရှစ်ဦးသာရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးသူအရေအတွက်မှာ ယင်းပမာဏထက် ပိုမိုများပြားတယ်လို့ COVID-19  ကူးစက်ကပ်ရောဂါအရေး ကူညီဆောင်ရွက်ခဲ့ကြသူတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီကနေ ဩဂုတ်လအတွင်းမှာတော့ မွန်ပြည်နယ်မှာ COVID-19  Positive လူနာပေါင်း ၁၇၀ ဦးသာရှိခဲ့ပြီး အများအားဖြင့်က ပြည်ပနိုင်ငံကပြန်လာကြသူတွေထံမှာ တွေ့ရှိခဲ့ရပြီး ပြည်တွင်းကူးစက်မှုက မရှိသလောက်သာဖြစ်ခဲ့ရပါတယ်။

စက်တင်ဘာလအတွင်းမှာတော့ မွန်ပြည်နယ်မှာ COVID-19 ကူးစက်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာပြီး စက်တင်ဘာမှာ COVID-19 Positive လူနာသစ်ပေါင်း ၃၁၁ ဦးရှိခဲ့ပြီးတော့ ပြည်တွင်းကူးစက်မှုကနေ ၂၅၇ ဦးအထိရှိထားပါတယ်။ အဲဒီလို COVID-19  Positive လူနာတွေထဲမှာ အရင်က ရောဂါကူးစက်ဖြစ်ပွားဖူးသူတွေလည်း ပါဝင်ကြသလို COVID-19 ကာကွယ်ဆေးထိုးနှံထားသူတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

ချောင်းဆုံမြို့နယ်က COVID-19 Positive လူနာတစ်ဦးဆိုရင် အရင်ကလည်း COVID-19  ဖြစ်ဖူးသလို ကာကွယ်ဆေးကိုလည်း လေး ကြိမ်ထိုးနှံထားပေမဲ့ ရောဂါကူးစက်ခံရတယ်လို့  ချောင်းဆုံးမြို့နယ်မှ COVID-19 ကူးစက်ကပ်ရောဂါအရေးကူညီဆောင်ရွက်ပေးနေသူတွေထံမှ သိရပါတယ်။ ဒါ့အပြင်ကို အခြေခံပညာကျောင်းတချို့မှာလည်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေရှိခဲ့ပါသေးတယ်။

ထို့ပြင် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ခုနစ်ဦးအထိသေဆုံးခဲ့တယ်လို့ COVID-19 ကူးစက်ကပ်ရောဂါအရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။

အောက်တိုဘာလအတွင်းမှာတော့ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းက သိသိသာသာပြန်လည်မြင့်တက်လာတာတွေ့ရပါတယ်။

အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ COVID-19  Positive လူနာသစ် ၁၀၉ ဦး တွေ့ရှိပြီး ဘီးလင်းမြို့နယ်မှ COVID-19  Positive လူနာသစ် ၂၂ ဦး၊ သထုံမြို့နယ်အတွင်းမှ COVID-19 Positive လူနာသစ် ၄၄ ဦးနဲ့ ပေါင်မြို့နယ်မှ COVID-19 Positive လူနာသစ် ၂၇ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ထို့အတူ မော်လမြိုင်မြို့နယ်မှ COVID-19  Positive လူနာသစ် ၂၆၃ ဦးအထိရှိခဲ့ပြီး ကျိုက်မရောမြို့နယ်မှ COVID-19 Positive လူနာသစ် ၄၆ ဦး၊ ချောင်းဆုံမြို့နယ်မှ COVID-19 Positive လူနာသစ် ၇၂ ဦးရှိခဲ့ပါတယ်။

အလားတူ မုဒုံမြို့နယ်မှ COVID-19 Positive လူနာသစ် ၆၀ ဦး၊ သံဖြူဇရပ်မြို့နယ်မှ COVID-19 Positive လူနာသစ် ၉၄ ဦး၊ ရေးမြို့နယ်မှ COVID-19  Positive လူနာသစ် ၁၀ ဦးနဲ့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအနက် ၃၇ ဦးမှာ COVID-19 Positive ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၂၁ ရက်အတွင်းမှာ COVID-19 Positive လူနာသစ်ပေါင်း ၇၈၄ ဦးအထိရှိခဲ့တဲ့အတွက် ဒီပမာဏဟာ ပြီးခဲ့တဲ့ မတ်လနောက်ပိုင်းမှာ ကူးစက်ဖြစ်ပွားမှုနှုန်းများအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင်ကို ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၄ ဦးအထိသေဆုံးခဲ့တယ်လို့သိရပြီး အများအားဖြင့်က ရောဂါအခံရှိသူ၊ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူတွေဖြစ်ကြတယ်လို့ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနထံမှ သိရပါတယ်။

လက်ရှိ COVID-19 ကူးစက်ကပ်ရောဂါက မျိုးကွဲတွေအများကြီးဖြစ်နေတဲ့အတွက်ကို မွန်ပြည်နယ်အတွင်းမှာ ရောဂါကူးစက်ဖြစ်ပွားမှုများက တစ်ကြော့ပြန် များလာကြောင်းနဲ့ စစ်တဲ့သူတိုင်း Positive ဖြစ်တာမျိုးတွေ့နေရတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာနန္ဒဝင်း ပြောကြားပါတယ်။

“ကာကွယ်ဆေးထိုးနှံထားသူတွေအနေနဲ့ကတော့ အသက်အသေအပျောက်အင်မတန်နည်းပါတယ်။ ဒါပေမဲ့ ကာကွယ်အကြိမ်အပြည့်ထိုးထားကြတယ်ဆိုပေမဲ့လည်း ပေါ့ဆလို့တော့မရဘူး။ လူတွေက ကာကွယ်ဆေးအကြိမ်အပြည့်ထိုးထားတယ်ဆိုပြီးတော့ Mask မတပ်ကြတော့ဘူး။ လက်မဆေးကြတော့ဘူး။ Hand Gel တွေမသုံးကြတော့ဘူး။ လူစုလူဝေးတွေပြန်လုပ်လာကြတဲ့အခါမှာ ကူးစက်မှုနှုန်းကလည်း ပြန်များလာတဲ့သဘောလည်းပါပါတယ်” လို့ ဒေါက်တာနန္ဒဝင်း က ပြောကြားပါတယ်။

ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး နှစ်မျိုးခွဲထားပါကြောင်း၊ တစ်မျိုးက တခြားရောဂါအခံရှိတဲ့သူများနဲ့ နောက်တစ်မျိုးက တခြားရောဂါအခံမရှိသောသာမန်လူများအဖြစ် ခွဲထားပါကြောင်း၊ COVID-19 ကလည်း မာယာများသည့်အတွက် ရောဂါအခံရှိသူတွေမှာလည်း တစ်ယောက်နှင့်တစ်ယောက်ကလည်း ရောဂါလက္ခဏာများက မတူညီကြကြောင်း၊ ဥပမာအားဖြင့် ဆီးချိုသွေးတိုးရောဂါအခံရှိနေသည့် Positive လူနာနှစ်ယောက်ကို နှိုင်းယှဉ်စိစစ်ကြည့်တဲ့အခါမှာ 

ရောဂါဖြစ်ပွားပုံက ခပ်ဆင်ဆင်ဆိုပေမဲ့ ဝေဒနာခံစားရပုံက မတူညီတာမျိုးတွေလည်းရှိပါကြောင်း၊ ထို့အတွက်ကြောင့်လည်း Positive လူနာများကို ရောဂါကုသပေးရသည့် အခါမှာလည်း အခြေခံအားဖြင့်တူညီပေမဲ့ လူနာတစ်ဦးချင်းစီ၏ ဝေဒနာခံစားရမှုအလိုက် အနည်းငယ်ကွဲပြားမှုရှိကြောင်း ဒေါက်တာနန္ဒဝင်း က ဆိုပါတယ်။    ၎င်းကဆက်လက်ပြီး “အဲဒီတော့ ကာကွယ်ဆေးထိုးထားပြီးပြီဆိုပေမဲ့ မပေါ့ဆကြပါနဲ့။ Mask တပ်ကြပါ။ လက်ဆေးကြပါ။ ရောဂါကူးစက်ခံရပြီးဆိုရင်လည်း ငါးရက်နေရင် ငါပြန်ကောင်းသွားပဲဆိုပြီး တခြားလူနာတွေက ပြန်ကောင်းသွားကြပေမဲ့ ကိုယ်က ပြန်ကောင်းချင်မှ ကောင်းပါမယ်။ ကိုယ့်မှာက ရောဂါအခံတစ်ခုခုရှိနေမယ်ဆိုရင် တကယ်တတ်ကျွမ်းနားလည်တဲ့ သမားတော်တွေနဲ့ပြသမယ်။ ဓာတ်မှန်ရိုက်စရာရှိရင် ရိုက်ရမယ်။ ဆေးရုံတက်ရမယ်ဆိုရင်လည်း တက်ကိုတက်ရပါမယ်။ ဆေးသွင်းစရာရှိရင်လည်း သွင်းကိုသွင်းရပါမယ်။ ဆေးသောက်စရာရှိရင် သောက်မယ်။ အဲဒီလိုမျိုးလုပ်ဆောင်သွားမယ်ဆိုရင်တော့ ပြန်ကောင်းသွားပါမယ်။ အချိန်တန်တော့ ငါပြန်ကောင်းသွားမှာပဲဆိုပြီး ပါရာစီတမောတို့၊ ဘာမီတွန်တို့လောက်သောက်ပြီး အိမ်မှနေနေမယ်ဆိုရင် ရောဂါအခြေအနေက ပိုမိုဆိုးဝါးသွားနိုင်ပါတယ်။ အဓိကကတော့ COVID-19  ကို မပေါ့ဆစေချင်ပါဘူး” လို့ ပြောပါတယ်။

“COVID-19 က ငါးရက်ကြာရင်ပြန်ကောင်းသွားကြတယ်ဆိုပေမဲ့ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိတဲ့လူနာတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ ရောဂါပျက်စီးပုံက တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ တချို့ Positive လူနာတွေက ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်လျော့ကျသွားတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားနိုင်ပါတယ်။ အဲဒီလိုလူနာမျိုးကို ဓာတ်ဆားရည်တိုက်ရင်ပဲ ပြန်ကောင်းသွားတာမျိုးရှိပါတယ်။ တချို့ Positive လူနာတွေက အသည်းကို နည်းနည်းလေးထိသွားတယ်။ အဲဒီတော့ အသည်းနဲ့ပတ်သက်တဲ့ အားဆေးတွေနဲ့ကုသလိုက်တဲ့အခါမှာ ပြန်ကောင်းလာပါတယ်။ တချို့ဆိုရင် COVID-19 ဖြစ်ပြီးနောက်ပိုင်းမှ လူကတရှောင်ရှောင်ဖြစ်နေတာက တစ်ဦးနဲ့တစ်ဦး ရောဂါပျက်စီးပုံချင်းမတူလို့ဖြစ်တာပါ။ အဲဒီတော့ COVID ကို မပေါ့ဆကြဖို့နဲ့ ရောဂါကူးစက်ဖြစ်ပွားခဲ့မယ်ဆိုရင်လည်း သေချာတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီးဆေးကုသမှုကို သေသေချာချာခံယူရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးကိုလည်းခြောက်လပြည့်တိုင်း Booster တစ်ကြိမ်ထိုးကြပါ” လို့ ဒေါက်တာနန္ဒဝင်းက တိုက်တွန်းပြောဆိုပါတယ်။

သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာလလည်းဖြစ်သလို ပွဲလမ်းသဘင်တွေများပြားတဲ့ အခုလိုအချိန်ကာလအတွင်းမှာ လူစုလူဝေးတွေကလည်း များပြားလာတဲ့အတွက်ကြောင့် COVID-19 ကူးစက်ကပ်ရောဂါဖြစ်ပွားမှုနှုန်းကလည်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ထားကြပါတယ်။

ကပ်ရောဂါရဲ့သဘောက ကူးစက်ဖြစ်ပွားမှုနှုန်းများသွားလိုက်၊ ပြန်ကျသွားလိုက်နဲ့ သွားနေတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ကလည်း မိမိရဲ့ကျန်းမာရေးကို သတိပြုကြဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ်ကျန်းမာနေမှ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကို စိတ်လက်ရွှင်လန်းစွာ လျှောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး သတိအမြဲရှိကြစေဖို့ တိုက်တွန်းပါရစေ။ 

Most Read

Most Recent