ရှာကီလာဘီဘီ၏ ကိုယ်ဝန်ဆောင်ကာလ ပထမငါးလသည် အရာအားလုံး အဆင် ပြေချောမွေ့ခဲ့သည်။ သူသည် မမွေးသေးသည့် သူ့ရင်သွေးငယ်၏ အမည်ကိုပင် ကြိုတင်ရွေးချယ်ခဲ့ပြီး ကလေးအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ဝယ်ယူထားခဲ့သည်။
သူ့ကိုယ်ဝန်ကို နေအိမ်နှင့် ဆေးရုံတွင် ပုံမှန်စစ်ဆေးလေ့ရှိသည်။ အာထရာဆောင်းရိုက်ခဲ့ချိန်က ကလေးငယ်၏ အနေအထားမှာ ဇောက်ထိုးဖြစ်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဆရာဝန်က သူ့ကို ကျန်းမာရေးပြုစုစောင့် ရှောက်မှုများ ပိုမိုခံယူရန်နှင့် အနားယူရန် အကြံပြုခဲ့သည်။
ထို့နောက် ပါကစ္စတန်တွင် နွေရာသီကာလ မိုးများရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားလာခဲ့သည်။ နိုင်ငံတောင်ပိုင်း ရာဂျန်ပူရမြို့ရှိ ဘီဘီ၏နေအိမ်မှာလည်း ရေလွှမ်းမိုးခံခဲ့ရသည်။ လက်ရှိတွင် သူသည် ရေဘေးဒုက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများနေထိုင်သည့် စခန်းတစ်ခုတွင် နေထိုင်နေရသည်ဟု အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ကလေးမီးဖွားရက် နီးကပ်လာချိန်တွင် ယင်းစခန်း၌ ကျန်းမာရေးပြုစုစောင့်ရှောက်မှု မရှိသလောက်နီးပါးဖြစ်နေသည့် အခြေအနေအပေါ် စိုးရိမ်းထိတ်လန့်မိသည်ဟု ဘီဘီက ဆိုသည်။
“ကျွန်မရဲ့ ကျန်းမာရေး ရုတ်တရက်ယိုယွင်းလာမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ”ဟု ၎င်းက ပြောကြားခဲ့သည်။ သူသည် တစ်ခါတစ်ရံတွင် သွေးပေါင်ချိန်ကျတတ်ပြီး ယင်းစခန်းတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာဟာရကိုလည်း မစားသောက်ရကြောင့် ဘီဘီက ဆိုသည်။
“ကျွန်မ ဒီစခန်းကိုရောက်တာ နှစ်လရှိပါပြီ။ ညတိုင်း မြေကြီးပေါ်မှာပဲ အိပ်ရပါတယ်။ အဲဒါက ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်”ဟု ဘီဘီက ပြောကြားခဲ့သည်။
ပါကစ္စတန်တွင် မကြုံစဖူး ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကျန်းမာရေးစောင့် ရှောက်မှုရရှိရန် အခက်တွေ့နေသည်။ ပါကစ္စတန်၏ သုံးပုံတစ်ပုံသည် ရေလွှမ်းမိုးမှု ခံခဲ့ရပြီး လူပေါင်းသန်းချီ ရေဘေးသင့်ခဲ့ကာ ရေလွှမ်းမိုးမှုခံခဲ့ရသည့် နေရာဒေသများတွင်နေထိုင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးပေါင်း ၆,၀၀၀၀ ထက်မနည်းရှိသည်ဟု အမေရိကန်အခြေစိုက် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အဖွဲ့ဖြစ်သည့် Population Council ၏အဆိုအရ သိရသည်။
ရေဘေးသင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုမှာ ယာယီတဲများထိုးထားသည့် စခန်းများ သို့မဟုတ် ရေလွှမ်းမိုးခံခဲ့ရသည့် မိမိတို့၏ကျေးရွာများနှင့် မြို့များတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် နေထိုင်နေရသည်။
ရေလွှမ်းမိုးမှုများကြောင့် ကျန်းမာရေး အဆောက်အအုံ ၁၅ဝဝနှင့် လမ်းများ ပျက်စီးခဲ့သဖြင့် အမျိုးသမီးများသည် ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့် ဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၃၀၀၀၀ ကျော်သည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အရေးတကြီး လိုအပ်နေပြီး တစ်ရက်လျှင် ကလေး ၂၀၀၀ ခန့်သည် ဘေးကင်းလုံခြုံမှုမရှိသည့် အခြေအနေများတွင် မွေးဖွားနေရသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ထို့ကြောင့် အာရှတွင် ယခင်ကတည်းက မွေးကင်းစကလေးငယ်များ သေဆုံးမှုအမြင့် ဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည့် ပါကစ္စတန်တွင် မွေးကင်းစကလေးငယ်သေဆုံးမှုနှုန်းနှင့် မိခင်များနှင့် ကလေးများအတွက် မီးဖွားပြီးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ပိုမိုမြင့်တက်လာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။
ထို့ပြင် စားဝတ်နေရေးပြဿနာ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများအဖြစ် ကလေးသူငယ် လက်ထပ်ထိန်းမြားမှုများနှင့် မလိုချင်သည့် ကိုယ်ဝန်ရရှိမှုများလည်း ပိုမိုမြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
ပါကစ္စတန်၏ကျန်းမာရေးစနစ်သည် ယခင်ကတည်းက အားနည်းနေသဖြင့် လက်ရှိတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကျန်းမာရေးသည် လျစ်လျူရှုခံရမည်ဆိုပါက သေဆုံးမှု၊ မသန်စွမ်းမှုနှင့် ရောဂါများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ကုလသမဂ္ဂ၏ Population Fund မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူ ရာရှစ်အာမက် က ပြောကြားခဲ့သည်။
“အဆိုးဆုံးကတော့ အမျိုးသမီးကျန်းမာ ရေးလုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေနဲ့ ဆေးဝါးတွေ နည်းပါးနေတာ ဖြစ်ပါတယ်။ အဲဒီအရင်းအမြစ်တွေဟာ နောက် ထပ်စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ အစိုးရရဲ့ ဦးစားပေးကိစ္စတွေက ဘာတွေပါလဲ။ သူတို့တွေ ငွေရော သုံးချင်ပါရဲ့လား”ဟု အာမက်က ပြောကြားခဲ့သည်။
ရေလွှမ်းမိုးခံခဲ့ရသည့် ဖာဇီပူရနှင့် ရာဂျန်ပူရမြို့များရှိ ယာယီစခန်းများတွင် နေထိုင်နေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် ၎င်းတို့သည် လွန်ခဲ့သည့်နှစ်လက ၎င်းင်းတို့နေထိုင်သည့် စခန်းများသို့ ရောက်ရှိခဲ့ချိန်ကတည်းက ၎င်းတို့၏ ကိုယ် ဝန်များအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဝန်ဆောင်မှုများမရရှိခဲ့ကြောင်း သိရသည်။
ဆေးပေးခန်းများသည်လည်း အနည်းငယ်ဖျားနာမှုများအတွက်သာ ဆေးဝါးများထုတ်ပေးနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဆေးဝါးများမရှိပေ။
ရှာကီလာဘီဘီနှင့် သူ့မိသားစုသည် ယာယီစခန်းမှ ထွက်ခွာလာခဲ့ပြီးနောက် ရေလွှမ်းမိုးခံခဲ့ရသဖြင့် ပျက်စီးနေသည့် ၎င်းတို့၏ နေအိမ်အနီးတွင် ယာယီတဲထိုးပြီး နေထိုင်ခဲ့ကြသည်။ အစိုးရက သူတို့ မိသားစုကို တစ်လစာ ဂျုံ၊ ထောပတ်ဆီနှင့် ပဲနီလေးတို့ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။
သူ့ကိုယ်ဝန် မီးဖွားရက် ကျော်လွန်သွားသော်လည်း ဆရာဝန်များက သူ့ကိုယ်ဝန်အခြေအနေသည် ကောင်းမွန်ကြောင်းနှင့် စိုးရိမ်စရာမလိုကြောင်း ပြောကြားခဲ့သည်ဟု ဘီဘီက ဆိုသည်။
အခြားကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်အရွယ် ပါဗင်းဘီဘီကလည်း သူနေထိုင်သည့်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုမရှိသဖြင့် ပုဂ္ဂလိကဆေးခန်းသို့ သွားရောက်ခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို ဝယ်ယူရန် ငွေကြေးတတ်နိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
“အရင်ကတော့ ကျွန်မတို့ မွေးမြူရေး ခြံရှိတာကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေအတွက် ပူစရာမလိုဘဲ အားရှိတာတွေကို စားဖြစ်ပါတယ်”ဟု ပါဗင်းဘီဘီက ပြောကြားခဲ့သည်။
လက်ရှိတွင် ရေလွှမ်းမိုးမှုကြောင့် သူတို့မွေးမြူထားသည့် တိရစ္ဆာန်များကို ထားစရာနေရာနှင့် ကျွေးစရာ အစားအစာများမရှိတော့သဖြင့် ရောင်းချခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“ကျွန်မတို့ အမျိုးသမီးဆရာဝန်တွေ၊ အမျိုးသမိးသူနာပြုတွေနဲ့ မီးယပ်ရောဂါ အထူးကုတွေ လိုအပ်နေပါတယ်”ဟု ပါဗင်းဘီဘီက ပြောကြားခဲ့သည်။ သူသည် သားတစ်ဦး၊ သမီးတစ်ဦးမွေးဖွားခဲ့သည့် မိခင်ဖြစ်ပြီး သူ့သားမှာ မွေးဖွားပြီး ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့သည်ဟု ဆိုသည်။
ရေဘေးဒုက္ခသည်များနေထိုင်သည့် စခန်းများတွင် မိသားစုဝင် ငါးဦး၊ ခုနစ်ဦးနှင့် ထိုထက်ပိုမိုများပြားသည့် မိသားစုများ စုပြုံနေထိုင်နေရပြီး မိသားစုတစ်စုစီသည် တဲတစ်လုံးထဲတွင် စုပြုံအိပ်စက်နေရကာ အများစုမှာ အိပ်ယာများမရှိဘဲ ဖျာများပေါ်တွင်သာ အိပ်စက်နေရသည်။ အသက်ဘေးမှလွတ်ရန် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည့် ရေဘေးဒုက္ခသည်အချို့လည်း ရှိနေသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှာ အသင်းအဖွဲ့များနှင့် အလှူရှင်များသည် ပါကစ္စတန် ရေဘေးဒုက္ခသည်များကို ကူညီရန် ၎င်းတို့ တတ်နိုင်သည့်ဘက်က ပါဝင်လုပ်ဆောင်ပေးနေသည်။
UNFPA သည် ပါကစ္စတန်၏ ရေဘေးသင့်ပြည်နယ် လေးခုတွင် မွေးကင်းစကလေးငယ်များအတွက် လိုအပ်သည့်အရာများကို ကူညီထောက်ပံ့ပေးနေသည်။
ကရာချီအခြေစိုက် NGO ဖြစ်သည့် Mama Baby Fund အဖွဲ့ကလည်း ဆင်းပြည်နယ်နှင့် ဘာလူချီစတန်ပြည်နယ်များတွင် ကျန်းမာရေးအတွက် လိုအပ်သည့်ပစ္စည်းကိရိယားများကို ထောက်ပံ့ပေးနေသည်။ ကရာချီတွင် အခြေစိုက်သည့် နောက်ထပ် NGO အဖွဲ့ဖြစ်သည့် Association For Mothers and Newborns အဖွဲ့ကလည်း ဆင်းပြည်နယ်တွင် ကျန်းမာရေးထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်။
“အစိုးရရဲ့ တုံ့ပြန်မှုကတော့ တော်တော်ကြီးကို အကြမ်းဖျင်းဆန်ပါတယ်။ ဒါက လူ တွေအများကြီးအတွက် နေရာထိုင်ခင်းပေဖို့နဲ့ နေရာရွှေ့ပြောင်းရေးအတွက်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့ပြီး ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အမျိုးသမီးတွေရဲ့ သတင်းတွေကိုလည်း ကျွန်တော်ကြားခဲ့ရပါတယ်”ဟု အာမက်က ပြောကြားခဲ့သည်။
Ref : AP










