ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ရုရှားက ယူကရိန်းကို ဒုံးကျည်များဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှား၏လက်နက်တိုက်ထဲတွင် ဒုံးကျည်အရေအတွက် မည်မျှကျန်ရှိနေသနည်း၊ မည်သို့သော ဒုံးကျည် အမျိုးအစားများ ကျန်ရှိနေသနည်းဆိုသည်နှင့်ပတ်သက်၍ စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိသည်။ တစ်နည်းအားဖြင့်ဆိုရသော် ရုရှားအနေဖြင့် ယူကရိန်းအား ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်မှုကို မည်မျှကြာအောင် လုပ်ဆောင်နိုင်မနည်းဆိုသည်ကို အကဲခတ်များက သုံးသပ်နေခြင်းဖြစ်သည်။
ယူကရိန်းစစ်ပွဲ ရှစ်လနီးပါးကြာမြင့်လာခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ရုရှား၌ ပစ်မှတ်အတိအကျ ချေမှုန်းနိုင်သော တာဝေးပစ်ဒုံးလက်နက်များ နည်းပါးလာသည့်အတွက် တိကျမှုပိုနည်းသော ဒုံးကျည်များကို မလွှဲမရှောင်သာ အသုံးပြုနေရခြင်းဖြစ်ကြောင်း အကဲခတ်အချို့က ဆိုသည်။
အောက်တိုဘာ ၈ ရက်တွင် ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်နှင့် ဆက်သွယ်ထားသော ကာ့ချ်တံတား ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ရုရှားအနေဖြင့် ယူကရိန်းအား ယင်းကဲ့သို့ အပြင်းအထန်တိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်နိုင်ရန် လုံလောက်သည့် လက်နက်ခဲယမ်း ရှိမရှိဆိုသည်မှာလည်း မရေမရာရှိနေဆဲဖြစ်သည်။
ရုရှားဘက်က မည်သို့ပြောသနည်း
ရုရှားတာဝန်ရှိသူများကမူ ၎င်းတို့စစ်တပ်တွင် တာဝေးပစ်ဒုံးကျည်များ အလုံအလောက်ရှိနေကြောင်းနှင့် လက်နက်စက်ရုံများက ထုတ်လုပ်မှုများ တိုးမြှင့်လျက်ရှိကြောင်း အခိုင်အမာပြောဆိုကာ ရုရှားတို့ လက်နက်ခဲယမ်းများ နည်းပါးလာပြီဟူသော အနောက်နိုင်ငံများ၏ ပြောဆိုချက်များကို ပယ်ချခဲ့သည်။
သို့ရာတွင် ရုရှားစစ်တပ်က ဒုံးကျည်အရေအတွက် မည်မျှအသုံးပြုခဲ့သနည်းဆိုသည်နှင့် မည်မျှကျန်ရှိနေသနည်းဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသကဲ့သို့ ရုရှား၏လက်နက်ခဲယမ်းအင်အား အခြေအနေကို သီးခြားလေ့လာဆန်းစစ်နိုင်မည့် အချက်အလက်များလည်း မရှိပေ။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက သူသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော အစည်းအဝေးတစ်ခု၌ လက်နက်ထုတ်လုပ်မှု တိုးမြှင့်ရေးအစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ၎င်းအစည်းအဝေး၌ အဖွင့်မိန့်ခွန်းပြောကြားစဉ်အတွင်း အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိပေ။
ရုရှားတို့ မည်သည့်လက်နက်များကို အဓိကအားထားနေသနည်း
အောက်တိုဘာ ၁၀ ရက်မှ စတင်၍ ယူကရိန်းအနှံ့အပြားသို့ ရုရှားစစ်တပ်က ဒုံးကျည်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့စဉ်က ရုရှားသည် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များပေါ်မှ ပစ်လွှတ်သည့် Kh-55 နှင့် Kh-101 ခရုဇ်ဒုံးကျည်များ၊ သင်္ဘောမှ ပစ်လွှတ်သည့် ကာလီဘာခရုဇ်ဒုံးကျည်များနှင့် မြေပြင်မှ ပစ်လွှတ်သည့် အစ္စကန်ဒါဒုံးကျည်များကဲ့သို့ တာဝေးပစ်ဒုံးကျည်မျိုးစုံကို အသုံးပြုခဲ့သည်။
ထို့အပြင် ရုရှားစစ်တပ်က မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရာတွင် S-300 မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို အကြိမ်ကြိမ် အသုံးပြုခဲ့ခြင်းသည်လည်း ရုရှား၌ လက်နက်အင်အားနည်းလာသည့် လက္ခဏာတစ်ခုဖြစ်ကြောင်း အကဲခတ်အချို့က ရှုမြင်ကြသည်။
ရုရှားက ၎င်းတို့၏လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် သင်္ဘောဖျက်ဒုံးကျည်များကို လိုက်လျောညီထွေ ပြောင်းလဲအသုံးပြုလာခြင်းသည် မြေပြင်ပစ်မှတ်များကို ချေမှုန်းရန်ရည်ရွယ်သော ပိုမိုအဆင့်မြင့်သည့် ဒုံးကျည်များ နည်းပါးလာသည့် လက္ခဏာပင်ဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ ပညာရှင်တစ်ဦးဖြစ်သူ အီယန်ဝီလီယမ်စ်က သုံးသပ်ခဲ့သည်။
ရုရှား၏ S-300 လေကြောင်းရန် ကာကွယ်ရေး စနစ်များဖြင့် တိုက်ခိုက်မှုများသည် အခိုင်အမာခံစစ်ပြင်ထားသော စစ်ရေးပစ်မှတ်များကို ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်းမရှိဘဲ မိမိပစ်လိုသည့် အဆောက်အအုံတစ်ခုကို ပစ်မှတ်ထားသော မြေပြင်တိုက်ခိုက်မှုတွင်ပင် တိကျမှုမရှိနိုင်ကြောင်း ဝီလီယမ်စ်က ဆိုသည်။
“တကယ်တော့ အဲဒါကဒုံးကျည်တွေကို လေထဲကိုပစ်လိုက်ပြီး မြေပြင်ပေါ်ပြန်ကျတဲ့နေရာကို ကြည့်နေသလိုပါပဲ” ဟုလည်း ၎င်းက ပြောကြားသည်။
သို့ရာတွင် ထိုကဲ့သို့အသုံးပြုခြင်းမှာ ပိုမိုအဆင့်မြင့်သော လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်များဖြင့် အစားထိုးခံရသည့် သက်တမ်းကြာမြင့်နေပြီဖြစ်သော ဒုံးကျည်မျိုးကွဲများ အများအပြားကျန်ရှိနေခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ဦးစားပေးပစ်မှတ်များကို တိုက်ခိုက်ရန် တန်ဖိုးကြီးသည့် အဆင့်မြင့်တာဝေးပစ်ဒုံးကျည်များကို ချွေတာလိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ကိန်းဂဏန်းအချက်အလက်များရရှိရန် ခက်ခဲနေသည့်တိုင် ရုရှား၏ လက်နက်အသုံးပြုပုံများက အခြေအနေကို ညွှန်ပြလျက်ရှိသည်။ မကြာသေးမီက မိုင်ကိုလေ့မြို့၌ ရုရှားက တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာတွင်လည်း မြေပြင်ပစ်မှတ်ကို ပစ်ခတ်ရန်အတွက် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ကို အသုံးပြုခဲ့ကြောင်း သိရသည်။
ယင်းသည် ရုရှား၌ လက်ကျန်ဒုံးကျည်များ ကျိန်းသေပေါက်နည်းပါးလာသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးသိပ္ပံမှ စစ်ဘက်လေကြောင်းဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်ဂလက်စ်ဘယ်ရီက ဆိုသည်။
အမေရိကန်က မည်သို့ပြောသနည်း
ရုရှား၌ စွမ်းဆောင်ရည်အမြင့်ဆုံး လက်နက်များ တစ်စတစ်စ လျော့နည်းလာသည့် သက်သေသာဓကများ ရှိနေပြီဟု သမ္မတဘိုင်ဒင်အစိုးရက ယုံကြည်ထားသော်လည်း ရုရှားအနေဖြင့် ကိယက်ဗ်နှင့် အခြားယူကရိန်းမြို့များရှိ အရပ်သားများနေထိုင်ရာ ဒေသများအား အပြင်းအထန်တိုက်ခိုက်နေမှုကို လျှော့ချမည့် အရိပ်အယောင်များ မတွေ့ရသေးကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
ရုရှား၌ ဒုံးကျည်ပမာဏ မည်မျှကျန်ရှိနိုင်သည်ဆိုသည့်အပေါ် အမေရိကန်၏ ယူဆချက်ကိုလည်း လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း ကာ့ချ်တံတား ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက်တွင် ရုရှားက အကုန်အကျ ပိုမိုသက်သာသည့် တာတိုပစ်အမြောက်များ သို့မဟုတ် ရော့ကက်များကို အသုံးမပြုဘဲ ခရုဇ်ဒုံးကျည်များကို အသုံးပြုကာ တိုက်ခိုက်ခဲ့ပုံကို အမေရိကန်အစိုးရ၏ လေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ ရုရှားတို့တွင် စရိတ်စက ပိုသက်သာပြီး ထိရောက်သည့် တာလတ်ပစ်လက်နက်များ ရှားပါးနေခြင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ထောက်ပံ့ဖြည့်တင်းမှု ပြဿနာတို့ကြောင့် လက်နက်အင်အားဖြည့်တင်းရန် အခက်တွေ့နေမှုကို အရိပ်အမြွက်ပြနေသည်ဟုလည်း ၎င်းတာဝန်ရှိသူများက ပြောကြားသည်။
ကာ့ချ်တံတား ဖောက်ခွဲခံရသည့်ဖြစ်စဉ်မတိုင်မီက ကိယက်ဗ်အနေဖြင့် တိုက်ခိုက်မှုဒဏ်မှ အတန်ငယ် သက်သာရာရခဲ့ခြင်းမှာ ရုရှားက အကန့်အသတ်ရှိလာသည့် လက်နက်ခဲယမ်းအင်အားကို ချွေတာရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်ပုံရကြောင်း ရုရှား၏စစ်ရေးအင်အားကို ဆန်းစစ်လေ့လာဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် အမည်မဖော်လိုသော အမေရိကန်အစိုးရ တာဝန်ရှိသူများက ဆိုသည်။
ပစ်မှတ်များ ရွေးချယ်ခြင်း၏နောက်ကွယ်
ရုရှားက တိကျမှုမြင့်မားခြင်းမရှိသည့် ဒုံးကျည်များကို ဖောဖောသီသီအသုံးပြုကာ ပစ်ခတ်နေခြင်းသည် လေကြောင်းကာကွယ်ရေးစနစ်များကို ဖရိုဖရဲဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ပြီး တစ်ဖက်တွင် ဦးစားပေး ပစ်မှတ်များနှင့် အဓိကကျသည့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် ၎င်းတို့၏အကောင်းဆုံး ဒုံးကျည်များကို အသုံးပြုလျက်ရှိသည်။
ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခြင်းကြောင့် အရပ်ဘက်ပစ်မှတ်များအား ထိမှန်မည်ကို ရုရှားအနေဖြင့် သိရှိသော်ငြားလည်း ယူကရိန်းဘက်က ထိတ်လန့်တုန်လှုပ်ကာ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံခေါင်းညိတ်လာအောင် ဖိအားပေးနိုင်ရန် ရည်ရွယ်လျက် မဟာဗျူဟာကျကျလုပ်ဆောင် နေခြင်းဖြစ်နိုင်သည်ဟု ဝီလီယမ်စ်က ဆိုသည်။
“ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းကို အသုံးပြုနေတာဟာ ပိုပြီးထင်ရှားသထက် ထင်ရှားလာပြီဖြစ်တယ်” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ရုရှားက ယူကရိန်း၏မြို့တော် ကိယက်ဗ်နှင့် အခြားဒေသများကို ဒုံးလက်နက်များ၊ လက်နက်ကြီးများဖြင့် အပြင်းအထန် အရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီးနောက်တွင် သမ္မတဘိုင်ဒင်အစိုးရက ယူကရိန်းအား ဒေါ်လာ ၇၂၅ သန်း တန်ကြေးရှိသည့် စစ်လက်နက်များနှင့် အခြားစစ်ရေးအကူအညီများ ပါဝင်သည့် ထောက်ပံ့မှုအသစ်များကို ပေးပို့သွားမည်ဟု အိမ်ဖြူတော်က ကြေညာထားပြီး ဥရောပမဟာမိတ်နိုင်ငံများကလည်း ယူကရိန်းအား စစ်ရေးအကူအညီများ ပေးအပ်သွားမည်ဟု အသီးသီးကြေညာထားသည်။
Ref:AP










