အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်လာခြင်းအပေါ်  မည်သို့အရေးယူမည်နည်း

အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်လာခြင်းအပေါ်  မည်သို့အရေးယူမည်နည်း
ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းရှိ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ဝင်းအနီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် တွေ့ရစဉ် (Photo – CJ)
ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းရှိ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ဝင်းအနီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် တွေ့ရစဉ် (Photo – CJ)
Published 16 October 2022

(၁) ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ကျိုက်ထီးရိုး ကင်မွန်းချောင်း တောင်တက်ကားဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၂ ရက် နံနက် ပိုင်းက KNLA တပ်မဟာ (၁) နှင့် PDF များက အကြောင်းမဲ့လာရောက် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ သုံးဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က KNLA တပ်မဟာ (၁) နှင့် PDF များမှာ ဆောင်နိုင်ကြီးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင်းတောင်တက်ဂိတ်ကို အကြောင်းမဲ့ ပစ်ခတ်ကာ ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

“ဒီနေ့ (အောက်တိုဘာ ၁၂ ရက်) မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက် တဲ့ မော်တော်ယာဉ်ဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဒေသ မှာရှိတဲ့ ဒေသခံတွေ၊ မျက်မြင်တွေ ပြောပြချက်အရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းချက်အရ အဲဒီဘက်မှာရှိနေတဲ့ PDF ၁၂ ဦးခန့်က ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာ ဘက်ကနေ ကားတစ်စီးနဲ့ ရောက်လာတယ်။ ရောက်လာပြီး ကျိုက်ထီး ရိုးတောင်တက် တောင်ဘက်ကား ဂိတ်ရဲ့ အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ တောင်တက်ကား လမ်းပေါ်ကနေ ကားဂိတ်ဘက်ကို ၄၀ မမ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဘုရားဖူး အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။

“ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာတဲ့ ပြည်သူတွေထဲက အမျိုးသမီး သုံးဦး သေဆုံးခဲ့ပါတယ်။ ဘုရားဖူးလာတဲ့ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ် ရာရရှိခဲ့တယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကို ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒဏ်ရာရရှိတဲ့သူတွေကို ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ကျိုက်ထိုပြည်သူ့ ဆေးရုံကြီးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လိုအပ်လာရင် တပ်မ တော်ဆေးရုံတွေမှာ ပို့ဆောင်ကုသ ပေးဖို့ စီစဉ်လျက်ရှိပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုဖြစ်စဉ်သည် KNLA တပ်မဟာ (၁) နှင့် PDF ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် သာသနာ့နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်သည့်အပြင် ယင်းစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (ဃသကညအနမအနမမသမငျာ ဗခအငသည) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက,က ထုတ်ပြန်သည်။

“ကျွန်တော်တို့အနေနဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေကို ဆက်လက်ပြီးတော့ ပြတ်ပြတ်သားသား ချေမှုန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကင်မွန်းချောင်း ကျေးရွာမှာရှိတဲ့ ဘုရားဖူးဂိတ်ကို ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက် PDF တွေရဲ့ နောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံချေမှုန်းလျက်ရှိပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

(၂) အောက်တိုဘာ ၁၂ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး ကင်မွန်းချောင်းတောင်တက် ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသား စည်းအရုံး(KNU)ကလည်း အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အနီးရှိ စစ်ဆေးရေးဂိတ်အား အောက်တိုဘာ ၁၂ ရက်က မိတ်ဖက်တော်လှန်ရေးအင်အားစုများက သွားရောက်ပစ်ခတ်ခဲ့ပြီးနောက်  လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ  မိနစ် ၄၀ တွင် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဘုရားဖူးဧည့်သည် အမျိုးသမီး သုံးဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တောင်တက်ကားဂိတ်နားက စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင် အဖွဲ့တွေက လာပစ်တာ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က ပြန်ပစ်တာ” ဟု ကင်မွန်းချောင်းရွာသား စောထို့ကိဘောက ပြောကြားကြောင်း KNU ဗဟို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(၃) ကျိုက်ထီးရိုး ကင်မွန်းချောင်း တောင်တက်ကားဂိတ်ကို ပစ်ခတ်ခဲ့ခြင်းသည် NCA စာချုပ်ပါ လိုက်နာ ရမည့်အချက်များကို ဖောက်ဖျက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ထုတ်ပြန်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ တော်၊ ကင်မွန်းချောင်း တောင်တက် ကားဂိတ်ကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် ခန့် တွင် KNU/KNLA တပ်မဟာ (၁) နှင့် PDF များက ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုရားဖူးပြည်သူ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

KNU/KNLAအနေဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ရာ လက်ရှိကာလတွင် တပ်မတော်နှင့် သဘောထားချင်းမတိုက်ဆိုင်သည့်တိုင်အောင် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိရာ ယခုကဲ့သို့ သီတင်းကျွတ်ကာလ ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများ မော်တော်ယာဉ်စီးရန် စောင့်ဆိုင်းနေသည့် ကင်မွန်းချောင်း တောင်တက်ကားဂိတ်သို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ ကင်မွန်းချောင်း တောင်တက် ကားဂိတ်ရှိ ဘုရားဖူးပြည်သူများအား ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းင်းတို့ လာရောက်ခဲ့သည့်နေရာ ဖြစ်သည့် ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီး ကျေးရွာသည် KNU^KNLA တပ် မဟာ (၁) က လွှမ်းမိုးသည့်နေရာ ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ PDF များကို စစ်သင်တန်း ပေးခြင်းပြုလုပ်ပြီး ၎င်းတို့၏လုပ်ရပ်များကို ပံ့ပိုးပေးနေသည့် KNU/KNLA အဖွဲ့၌ အဓိကတာဝန်ရှိပြီး ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများ၏ ပြောကြားချက်နှင့် သက်သေခံချက်များအရလည်း ၎င်းတို့၌ အဓိကတာဝန်ရှိကြောင်း ပေါ်လွင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြစ်မဲ့ ဘုရားဖူးပြည်သူများအား တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီးသုံးဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိအောင် ပြုမူလုပ်ဆောင်ခဲ့သည့်  NUG၊ CRPH၊ PDF များနှင့် KNU/KNLA တပ်မဟာ (၁) မှ တပ်ဖွဲ့ဝင်များအား KNU/KNLAအဖွဲ့အနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(၄) အောက်တိုဘာ ၁၂ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး ကင်မွန်းချောင်းတောင်တက် ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြည့်မည်ဆိုလျှင်  အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်လာသည်ကို တွေ့ရသည်။ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဘုရားဖူးပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရှိခဲ့သည့်အတွက် ယင်းဖြစ်စဉ်အပေါ် ပြစ်တင်ဝေဖန်မှုများက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အရပ်သားပစ်မှတ်များ တိုက်ခိုက်ခံရမှုဖြစ်စဉ် အများအပြားဖြစ်ပေါ်ခဲ့သည်။

ခရီးသည်တင်ကားများကို ပစ်ခတ်ခြင်း၊ ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခြင်း၊ ကျောင်းများကို ပစ်ခတ်ခြင်းနှင့် အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်ခတ်ခြင်း စသည့်ဖြစ်စဉ်များမှာ ပိုမိုဖြစ်ပွားလာခဲ့သည်။

NCA သဘောတူစာချုပ် အခန်း (၃) ပါ အရပ်သားများကို အကာအကွယ်ပေးခြင်းကဏ္ဍတွင်လည်း ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လိုအပ်သလို ပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်း၊ လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူလူထု၏ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရဆိုသည့် လိုက်နာရမည့်အချက်များပင် ဖြစ်သည်။

ထို့ပြင် အရပ်ဘက်ဆိုင်ရာ လေယာဉ်၊ ပစ္စည်းများနှင့် အရပ်သားများကို ထိခိုက်အောင် တိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များ၊ ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များ၊ ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law)အရ ကြီးလေးသော ပြစ်မှုများကို ချိုးဖောက်ကျူးလွန်ခြင်းလည်း ဖြစ်သည်။

စစ်ရေးပစ်မှတ် မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သား ပြည်သူများအား ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရလည်း စစ်ရာဇဝတ်မှု (War Crime) ကိုကျူးလွန်ခြင်းဖြစ်သည်။

ထို့ုပြင် ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ် (Four Geneva Convention) ကို အခြေခံသော လက်နက်ကိုင်ပဋိ ပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law)တွင် မည်သည့် လက်နက်ကိုင် ပဋိပက္ခမျိုး (နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ/နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင်ပဋိပက္ခ)တွင် အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် ပြဋ္ဌာန်းထားကြောင်းလည်း သိရသည်။

ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များအား တိုက်ခိုက်ခြင်းသည် အထက်ပါ နိုင်ငံတကာဥပဒေများနှင့် NCA ပါသဘောတူအချက်အလက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီး လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်စွာအကြမ်းဖက် ပြစ်မှုကျူးလွန်ခဲ့သူများကို တာဝန်ရှိသူများက မည်ကဲ့သို့ ထိထိရောက်ရောက်အပြစ်ပေး အရေးယူမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။   

Most Read

Most Recent