လာမည့် အောက်တိုဘာ ၁၂ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားအား ရွှေလုပ်ငန်းရှင် ၂၄ ဦးက ရောင်းချပေးသွားမည်

လာမည့် အောက်တိုဘာ ၁၂ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားအား ရွှေလုပ်ငန်းရှင် ၂၄ ဦးက ရောင်းချပေးသွားမည်
Published 10 October 2022

လာမည့် အောက်တိုဘာ ၁၂ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားအား ရွှေလုပ်ငန်းရှင် ၂၄ ဦးက ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်နှင့်အသင်းဝင် ၂၄ ဦးက မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားအား ရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါရွှေလုပ်ငန်းရှင်များတွင် ဦးနေမျိုးထက် (အကယ်ဒမီ) ရွှေဆိုင်မှ ၂၀၀ ကျပ်သား၊ ဦးဝင်းစိန်(ရွှေအသင်း-ဒုဥက္ကဋ္ဌ) က ၁၀၀ ကျပ်သား၊ အောင်သမာဓိရွှေဆိုင်က ၁၀၀ ကျပ်သား၊ ဇွဲထက်ရွှေဆိုင်က ၁၀၀ ကျပ်သားအပါအဝင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်နှင့် အသင်းဝင် ၂၄ ဦးက ရောင်းချပေးသွားမည်ဟု သိရသည်။

ရန်ကုန်မြို့တွင် မီးလင်းရွှေအချိန် ၁၀ ပိဿာ ရောင်းချမည်ဖြစ်ပြီး အသင်းဝင်များမှအပ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

မီးလင်းရွှေအချိန် ၁၀ ပိဿာကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ရွှေအသင်းရုံးခန်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး လာရောက်ဝယ်ယူသူများအနေဖြင့် မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

“အသင်းဝင်ကလွဲရင် ကျန်တဲ့သူအကုန် ဝယ်လို့ရတယ်။ သန်းခေါင်စာရင်းယူခိုင်းတာက တစ်မိသားစုတည်းက လူငါးယောက်လောက် လာဝယ်မှာစိုးလို့ ယူခိုင်းတာ။ လုပ်စားလို့မရအောင်ပေါ့” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားသည်။

အောက်တိုဘာ ၉ ရက်တွင် မန္တလေးမြို့၌ ရွှေတစ်ကျပ်သား ကျပ် ၂၅ သိန်းလေးသောင်းနှုန်းဖြင့် မီးလင်းရွှေ ခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ရာ အကုန်နီးပါးရောင်းချခဲ့ရကြောင်း မန္တလေးရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

စျေးနှုန်းမှာ ရွှေတစ်ကျပ်သားလျှင် ၂၅ သိန်းလေးသောင်းနှုန်းဖြင့် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီမှစတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး တစ်နာရီကျော်အကြာတွင် ရွှေခုနစ်ပိဿာကို အကုန်နီးပါးရောင်းချခဲ့ရကြောင်း သိရသည်။

အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လေလံစနစ်ဖြင့် ရောင်းချပေးသည့် ရွှေခြောက်ပိဿာမှာလည်း အောက်တိုဘာ ၆ ရက်က ပြုလုပ်သည့်လေလံပွဲတွင် အားလုံးရောင်းချခဲ့ရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရွှေလေလံပွဲတွင် တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းဖြင့် လေလံအောင်မြင်သွားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ရွှေသုံးပိဿာကို လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ ကြမ်းခင်းစျေးအဖြစ် တစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်း သတ်မှတ်ခဲ့ပြီး ကျပ် ၂၄ သိန်းခွဲဖြင့် နှစ်ပိဿာ၊ ၂၄ သိန်းရှစ်သောင်းဖြင့် တစ်ပိဿာ ရောင်းချခဲ့ရကြောင်း မန္တလေးရွှေအသိုင်းအဝိုင်းမှ သိရသည်။

Most Read

Most Recent