ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းနည်းပြ အန်ဆယ်လော့တီ၏နေရာကို ဆက်ခံမည့်သူအတွက် ဆန်ခါတင်ရွေးချယ်ထားပြီး ယင်းထဲတွင် အသင်းဂန္ထဝင်ကစားသမား ရာအူးလ်နှင့် လေဗာကူဆင်နည်းပြသစ် အလွန်ဆိုတို့ပါဝင်ကြောင်း သိရသည်။
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီသည် ၂၀၂၁ ဇွန်တွင် ရီးယဲလ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါချန်ပီယံဆုများကို ရယူပေးနိုင်ခဲ့သည်။
ထို့ပြင် ယခုရာသီတွင်လည်း ရီးယဲလ်အသင်းမှာ တာထွက်ကောင်းနေပြီး လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိနေသော်လည်း ရီးယဲလ်အသင်းဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်သည် အန်ဆယ်လော့တီ၏နေရာတွင် ဆက်ခံရန် ရှာဖွေထားပြီးဖြစ်သည်။
Media Foot ၏ဖော်ပြချက်အရ ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အန်ဆယ်လော့တီ၏နေရာကို ဆက်ခံရန်အတွက် ဇီဒန်းကဲ့သို့နည်းပြမျိုး ဖန်တီးရန် အလိုရှိနေပြီး အသင်းကစားသမားဟောင်းများဖြစ်သည့် ရာအူးလ် နှင့် အလွန်ဆိုတို့ကို မျက်စိကျနေခြင်းဖြစ်သည်။
ရာအူးလ်သည် လက်ရှိတွင် ရီးယဲလ်(B) အသင်းကို ကိုင်တွယ်နေပြီး အလွန်ဆိုမှာမူ အောက်တိုဘာ (၅) ရက်ကမှ လေဗာကူဆင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။















