ရေးမြို့နယ်၊ ခေါဇာမြို့ရှိ မြို့မရဲစခန်းအား ယမန်နေ့က လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့

ရေးမြို့နယ်၊ ခေါဇာမြို့ရှိ မြို့မရဲစခန်းအား ယမန်နေ့က လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်ခဲ့
Published 2 September 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့ရှိ၊ မြို့မရဲစခန်းအား စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက လက်နက်ပိုင်အဖွဲ့တစ်ခုမှာ လာရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မနေ့(စက်တင်ဘာလ (၁) ရက်) မနက် (၆) နာရီလောက်က ကားတစ်စီးနဲ့ လက်နက်ကိုင်တွေရောက်လာပြီး မြို့မစခန်းထဲကို ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်။ ရဲစခန်းအတွင်းကလည်း ပြန်လည်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေတော့ မသိရဘူး ဟု ဒေသခံတစ်ဦး ကပြောကြားသည်။

အဆိုပါ ခေါဇာမြို့မရဲစခန်း ပစ်ခတ်မှုအား မွန်ပြည်နယ် ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF – S က ဆင်ဖြူစစ်ဆင်ရေးအမည်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်ရေးသားထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မွန်ပြည်နယ် ရေးမြို့နယ် (ရေးခရိုင်) အတွင်းရှိ ရဲစခန်းများ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်များ နှင့် ဌာနဆိုင်ရာနေရာများတွင် မကြခဏ ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက် မွန်းလွဲပိုင်းက ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ ရေးမြို့မရဲစခန်းရှေ့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက်ကလည်း ရေးမြို့၊ ရန်မျိုးအောင် ရပ်ကွက်ရှိ မြို့နယ် လ.ဝ.ကရုံးအား လက်နက်ကိုင်များမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ရာမှ လ.ဝ.က ဝန်ထမ်း (၂) ဦးနှင့် အရပ်သားတစ်ဦးသေဆုံးကာ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့အပြင် ဩဂုတ်လ (၂၅) ရက် နံနက်ပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့ မော်လမြိုင် - ထားဝယ်ကားလမ်းမပေါ်ရှိ ရေးမြစ်ကူးတံတား လုံခြုံရေးဂိတ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ရေးမြို့ခံများ၏ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent