ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့်အမှုများအား လက်ခံစစ်ဆေးနေသည့် မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီး ဦးမြင့်ဆန်း COVID-19 ကူးစက်ခံရခြင်းကြောင့် အမှုများအား စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် သြဂုတ် ၂၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၉ ရက်ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ စသည့်အမှုများနှင့်ပတ်သက်၍ စစ်ဆေးရန်ချိန်းဆိုထားခြင်းဖြစ်သော်လည်း တရားသူကြီးဖြစ်သူ COVID-19 ရောဂါ ကူးစက်ခံထားရခြင်းကြောင့် အမှုများအားစစ်ဆေးခဲ့ခြင်းမရှိဘဲဖြင့် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
အထက်ပါအမှုများသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများနစ် နာဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။
NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ယခုကိုဗစ်ကူးစက်ခံထားရသည့် တရားသူကြီးသည် အခြားအမှုဖြစ်သည့် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်မှ ပေးအပ်သည့် အမေရိကန်ဒေါ်လာငါးသိန်းခွဲအား ဒေါ်အောင်ဆန်းစုကြည်က ရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ကိုလည်း လက်ခံစစ်ဆေးနေခြင်းဖြစ်သည်။















