မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စ ဗစ်ကီဘိုးမန်းအား လကဝ အက်ဥပဒေ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့် စစ်ဆေးနေဟု နစက ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စ ဗစ်ကီဘိုးမန်းအား လကဝ အက်ဥပဒေ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့် စစ်ဆေးနေဟု နစက ထုတ်ပြန်
Published 25 August 2022

Myanmar Centre for Responsible Business ကို စီမံခန့်ခွဲနေသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် ဟောင်း မစ္စ ဗစ်ကီဘိုးမန်းနှင့် မြန်မာ ပန်းချီဆရာဖြစ်သည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့အား ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လက်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့်၍ စစ်ဆေးနေကြောင်း နိုင်ငံတ်ာစီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း မစ္စ ဗစ်ကီဘိုးမန်းနှင့် မြန်မာ ပန်းချီဆရာဖြစ်သည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့အား ဖမ်းဆီးထားသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည်သွင်းဖြေကြားထားခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံသူ၏ ဗီဇာနေခွင့်သက်တမ်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်အထိဖြစ်ပြီး ၎င်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်စည်းကမ်း ဥပဒေများ ပုံစံ(က)တတိယပိုင်းအား ကိုင်ဆောင်၍ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်အိမ်ရာတွင် နေထိုင်ရန်ဖြစ်ပြီး နေထိုင်ရမည့် မှတ်ပုံတင်လက်မှတ်အား ၂၀၂၂ ခုနှစ် မတ် ၉ ရက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

ဦးထိန်လင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မစ္စ ဗစ်ကီဘိုးမန်းတို့သည် ထုတ်ပေးသည့် နေရပ်လိပ်စာတွင် နေထိုင်မှုမရှိဘဲ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဦးထိန်လင်း၏ နေအိမ်တွင် ၂၀၂၁ ခုနှစ် မတ် ၄ ရက်မှ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်အထိ နေထိုင်ခဲ့ကြောင်း၊ ယင်းသို့ ပြောင်းရွှေ့နေထိုင်ရာတွင် နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်တွင် လိပ်စာပြောင်း လျှောက်ထားရန် ပျက်ကွက်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ အပိုင် ၁၁(၂)(က)(ခ)အား ကျူးလွန်သဖြင့် ယင်းဥပဒေပုဒ်မ- ၅(ခ) ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လက်တလော ပြဋ္ဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၄(၂)ကို ကျူးလွန်သဖြင့် ယင်းဥပဒေ ပုဒ်မ ၁၃(၁)ကို ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ဦးထိန်လင်းသည် ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေကို ဆန့်ကျင်ပြီး ဇနီးဖြစ်သူ၏ နေထိုင်မှုနှင့် ပတ်သက်၍ နေရပ်လိပ်စာပြောင်းရွှေ့ နေထိုင်သည်ကို သိရှိလျက် ဆက်လက်နေထိုင်ရန် ကူညီခဲ့ခြင်းကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လက်တလော ပြဋ္ဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၁၃(င)ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည့်အတွက် ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။

Most Read

Most Recent