ရစ်လာဘရို့သည် နာဆာတွင် အလုပ်လုပ်နေသည်မှာ ၃၇ နှစ် ရှိပြီဖြစ်သည်။ သို့ရာတွင် လပေါ်ကို ပြန်သွားရန် အမေရိကန်၏ ကြိုးပမ်းမှုသည် လက်ရှိအချိန်ထိ ၎င်း၏အလုပ်သက်တမ်းတွင် ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်သည်ဟု ဆိုသည်။
လာဘရို့သည် ယခုလနှောင်းပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားသော Artemis 1 အတွက် ဦးဆောင်ပျံသန်းရေး ဒါရိုက်တာဖြစ်သည်။ Artemis 1 သည် ၁၉၇၂ ခုနှစ်တွင် နောက်ဆုံးအပိုလိုမစ်ရှင်နောက်ပိုင်း လူသားများကို သယ်ဆောင်ပေးနိုင်သော အာကာသယာဉ်ကို လပေါ်သို့ ပထမဆုံးပို့ဆောင်ပေးမည်ဖြစ်သည်။
“ဒါဟာ ကျွန်တော်ပါဝင်ဆောင်ရွက်ဖူးတဲ့ အရာတွေထက်ကို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းနေပါ” ဟု လာဘရို့က တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ နာဆာ၏ မစ်ရှင်ထိန်းချုပ်ရေးစင်တာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Artemis 1 ကို မလွှတ်တင်မီ အကြိုညသည် အချိန်ကြာကြာ မျှော်လင့်စောင့်စားရသောညဖြစ်ပြီး နားချိန်နည်းနည်းသာရမည်ဟု အသက် ၆၀ နှစ်ရှိ လာဘရို့က အေအက်ဖ်ပီကို ပြောသည်။
“ကျွန်တော်ကတော့ စိတ်လှုပ်ရှားနေတော့မှာပါပဲ။ များများစားစားအိပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါက တော့သေချာပါတယ်” ဟု မော်နီတာအကွက်ငယ်အများအပြားပေါ်နေသည့် ဧရာမဖန်သားပြင်ရှေ့တွင် ၎င်းက ပြောသည်။
လူမဲ့စမ်းသပ်ပျံသန်းရေး အာကာသယာဉ် Artemis 1 ကို Space Launch System (SLS) ဖြင့် လွှတ်တင်မည်ဖြစ်သည်။ Space Launch System (SLS) ဒုံးပျံကို စတင်အသုံးပြုသည့်အခါ ၎င်းသည် ကမ္ဘာပေါ်တွင် စွမ်းအားအကောင်းဆုံးဒုံးပျံ (Rocker) ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် Artemis 1 အာကာသယာဉ်ကို ဧရာမ SLS ဒုံးပျံဖြင့် ပထမဆုံးလွှတ်တင်မှု ဖြစ်လာမည်ဖြစ်သည်။
Artemis 1 အာကာသယာဉ်သည် လူလိုက်ပါမည့် Orion အာကာသယာဉ်ငယ်ကိုလည်း လ၏ပတ်လမ်းထဲကို တွန်းပို့ပေးမည်ဖြစ်သည်။ Artemis 1 သည် ကမ္ဘာသို့ပြန်မလာမီ အာကာသထဲတွင် ၄၂ ရက်ကြာ ဆက်လက်ပျံသန်းနေမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်မှစတင်ကာ အာကာသယာဉ်မှူးများသည် အလားတူခရီးစဉ်အတွက် Orion ယာဉ်ငယ်ပေါ်ကို သွားကြမည်ဖြစ်သည်။ အစောဆုံးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်များသည် လပေါ်ကို တစ်ဖန်ခြေချကြမည်ဖြစ်သည်။
အာကာသထဲတွင် Artemis 1 ပျံသန်းနေချိန်အတွင်း နာဆာဝန်ထမ်းတစ်ဒါဇင်ခန့်ပါသောအဖွဲ့သည် မစ်ရှင်ထိန်းချုပ်ရေးစင်တာတွင် တစ်ရက်ကို ၂၄ နာရီလုံး ရှိနေကြမည်ဖြစ်သည်။ Artemis 1 ၏ အာကာသခရီးစဉ်အတွက် မစ်ရှင်ထိန်းချုပ်ရေးစင်တာကို ပြန်လည်ပြုပြင်ထားပြီး အဆင့်မြှင့်တင်ထားသည်။ Artemis 1 ကို ထိန်းချုပ်ရေးအတွက် နာဆာဝန်ထမ်းအဖွဲ့သည် သုံးနှစ်ကြာ ဇာတ်တိုက်နေကြရသည်။
“ဒီမစ်ရှင်ဟာ လုံးလုံးအသစ်ပါ။ ဒုံးပျံတစ်ခုလုံး အသစ်၊ အာကာယာဉ်တစ်ခုလုံး အသစ်၊ ထိန်းချုပ်ရေးစင်တာကလည်း လုံးဝအသစ်ပါ” ဟု flight dynamics officer (အာကာသယာဉ်၏ ဝေဟင်လမ်းကြောင်း တစ်ခုလုံးထိန်းချုပ်ရေးအရာရှိ) ဘရိုင်ယန်ပယ်ရီက ရှင်းလင်းပြောကြားသည်။ Orion ၏ ဝေဟင်လမ်းကြောင်းတစ်ခုလုံးကို ၎င်းက ကြီးကြပ်ရမည်ဖြစ်သည်။
“ကျွန်တော်ရဲ့နှလုံးဟာ စည်းချက်ကျကျခုန်နေတော့မယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ်။ ဒါပေမဲ့ စူးစူးစိုက်စိုက်နဲ့ကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်” ဟု လွန်ခဲ့သောနှစ်များတွင် အာကာသခရီးစဉ်လမ်းကြောင်းအများအပြားကို ထိန်းချုပ်ရာတွင် တာဝန်ထမ်းဆောင်ခဲ့သော ဘရိုင်ယန်ပယ်ရီက ရင်ဘတ်ကို ပုတ်ပြရင်းပြောသည်။
ဧရာမရေကူးကန်
Artemis 1 မစ်ရှင်အတွက် မစ်ရှင်ထိန်းချုပ်ရေးစင်တာကို အဆင့်မြှင့်တင်မှုများပြုလုပ်ထားသောကြောင့် Johnson Space Center တစ်ခုလုံးက ဝန်ထမ်းအားလုံးသည် ယခုမစ်ရှင်အတွက် ပျော်နေကြသည်။
အာကာသယာဉ်မှူးများကို လေ့ကျင့်ပေးသည့် ဧရာမရေလှောင်ကန်ကြီးသည် အရှည်ပေ ၂၀၀ ကျော်၊ အကျယ်ပေ ၁ဝဝနှင့် အနက်ပေ ၄၀ ရှိရာ အဆောက်အအုံအတွင်းပိုင်း၌ တည်ဆောက်ထားသည့် ကမ္ဘာ့အကြီးဆုံးရေကူးကန်ဖြစ်သည်။ ထိုရေကူးကန်ကြီး၏ အလယ်တွင် အနက်ရောင်လိုက်ကာကို ထောင်ထားသည်။
ရေကူးကန်တစ်ဖက်ခြမ်းရှိ Neutral Buoyancy Lab တွင် နိုင်ငံတကာအာကာသစခန်း၏ပုံစံတူကို ရေထဲမြုပ်ထားသည်။ ပြောရမည်ဆိုလျှင် လပေါ်က ပတ်ဝန်းကျင်အနေအထားကို ရေကူးကန်၏ အောက်ခြေတွင် ဖြည်းဖြည်းချင်း ပြန်လည်ဖန်တီးနေခြင်းဖြစ်သည်။ ရေကန်အောက်ခြေတွင် ချထားသော ဧရာမကျောက်တုံးများကို ငါးအလှမွေးကန်များ ထုတ်လုပ်သည့်ကုမ္ပဏီက ဖန်တီးပေးထားခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့လအနည်းငယ်မှာ ကျွန်မတို့ဟာ ရေကန်အောက်ခြေမှာသဲတွေကိုစပြီး ထည့်ခဲ့တာဖြစ်ပါတယ်။ ဒီကျောက်တုံးကြီးတွေကို လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ ရခဲ့တာဖြစ်ပါတယ်” ဟု Neutral Buoyancy Lab ၏ ဒုတိယအကြီးအကဲလီဆာရှောက ပြောသည်။ “ဒါတွေဟာ ကျွန်မတို့အတွက် အားလုံးအသစ်တွေပါ။ တိုးတက်မှုအပိုင်းကလည်း တော်တော်လေးများလာပါတယ်” ဟု ဆိုသည်။
ရေထဲတွင် အာကာသယာဉ်မှူးများသည် အလေးချိန်မဲ့သည့် အတွေ့အကြုံကို သိကြရမည်ဖြစ်သည်။ လပေါ်ကို နောက်ဆုံးသွားမည့် ခရီးစဉ်များအတွက် လေ့ကျင့်ရာတွင် ပုံစံတူဖန်တီးမှုများ (simulation) သည် လ၏ ခြောက်ပုံတစ်ပုံရှိသောဆွဲအားနှင့် တစ်ထပ်တည်းကျအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ကမ္ဘာဆွဲအားနှင့်နှိုင်းယှဉ်လျှင် လသည် ဆွဲအား ခြောက်ပုံတစ်ပုံသာရှိသည်။
ရေကူးကန်အပေါ်ပိုင်းရှိ အခန်းတစ်ခန်းမှတစ်ဆင့် အာကာသယာဉ်မှူးများကို အဝေးမှ လမ်းညွှန်မှုများလုပ်သည်။ လပေါ်တွင် အာကာသယာဉ်မှူးများသည် လေးစက္ကန့်ကြာ ဆက်သွယ်ရေးနှောင့်နှေးမှုကို ကြုံကြရမည်ဖြစ်သည်။
လက်ရှိတွင် အာကာသယာဉ်မှူးခြောက်ဦးကို လေ့ကျင့်ပေးထားပြီးဖြစ်ကာ စက်တင်ဘာလကုန်ပိုင်း လောက်တွင် နောက်ထပ်ခြောက်ဦးကို လေ့ကျင့်ပေးမည်ဖြစ်သည်။ ထပ်မံလေ့ကျင့်ပေးမည့် အာကာသယာဉ်မှူး ခြောက်ဦးသည် Artemis မစ်ရှင်များအတွက် နာဆာက ဖန်တီးပေးသည့် အာကာဝတ်စုံသစ်များကို ဝတ်ဆင်ကြရမည်ဖြစ်သည်။
“ကျွန်တော်တို့က အာကာသယာဉ်ကို ပျံခိုင်းထားဆဲ၊ အာကာသစခန်းကို တပ်ဆင်နေဆဲမှာပဲ ဒီလေ့ကျင့်ရေးစင်တာဟာ အကောင်းဆုံးအနေအထားဖြစ်လာခဲ့တာဖြစ်ပါတယ်” ဟု လေ့ကျင့်ရေးစင်တာရုံး၏ အကြီးအကဲ ဂျွန်ဟက်စ်က ရှင်းပြသည်။
ထိုအချိန်အတောအတွင်း အာကာဝတ်စုံပြည့်ဝတ်ထားသော အာကာသယာဉ်မှူးများသည် နှစ်စဉ် လေ့ကျင့်ရေးအစီအစဉ် ၄၀၀ လုပ်ခဲ့ကြရသည်။ ယနေ့တွင်မူ အာကာသယာဉ်မှူးများသည် လေ့ကျင့်ရေးအစီအစဉ် ၁၅၀ ခန့်သာ လုပ်ကြရတော့သည်။ သို့ရာတွင် Artemis အစီအစဉ်သည် Neutral Buoyancy Lab ကို အရေးပေါ်အနေအထားသစ်ဖြင့် သက်ဝင်လှုပ်ရှားလာစေသည်။
အေအက်ဖ်ပီသတင်းအဖွဲ့က Neutral Buoyancy Lab ကို ရောက်ရှိသွားချိန်တွင် အင်ဂျင်နီယားများနှင့် ရေငုပ်သမားများက လပေါ်၌ တွန်းလှည်းဆွဲပုံကို စမ်းသပ်လျက်ရှိကြသည်။
ရွှေရောင်ခေတ်သစ်
ရေကူးကန်တွင် လေ့ကျင့်ရေးတစ်ကြိမ်သည် ၆ နာရီအထိ ကြာတတ်သည်။ “အခုလေ့ကျင့်တာဟာ မာရသွန် နှစ်ကြိမ်ပြေးရတာနဲ့ ဆင်တူနေပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ ပြေးရတဲ့မာရသွန်က လက်တွေနဲ့ ပြေးရတာမျိုးပါ” ဟု အာကာသယာဉ်မှူး ဗစ်တာဂလိုဗာက အေအက်ဖ်ပီသတင်းအဖွဲ့ကို ပြောကြားခဲ့သည်။
ဂလိုဗာသည် နိုင်ငံတကာအာကာသစခန်းတွင် ခြောက်လနေထိုင်ခဲ့ပြီးနောက် လွန်ခဲ့သောနှစ်တွင် ကမ္ဘာကို ပြန်ရောက်လာသည်။ ယခုအခါ ၎င်းသည် ပုံစံတူအမျိုးမျိုးအဖုံဖုံ ဖန်တီးထားသော အဆောက်အအုံတစ်ခုတွင် အလုပ်လုပ်နေသည်။
၎င်း၏ အလုပ်တာဝန်မှာလပေါ်သို့ လူလိုက်ပါမည့် Artemis မစ်ရှင်များတွင် လိုက်ပါရမည့် အာကာသယာဉ်မှူးများကို နာဆာက နောက်ဆုံးရွေးချယ်သည့်အခါ လုပ်ဆောင်ရသည့် လုပ်ထုံးလုပ်နည်းများနှင့် ဟက်ဒ်ဝဲ (Hardware) တို့ကို စစ်ဆေးအတည်ပြုရာတွင် အကူအညီပေးရသော အလုပ်ဖြစ်သည်။ ယခုတစ်ကြိမ် လပေါ်ကို လူလိုက်ပါသည့်ခရီးစဉ်တွင် ဂလိုဗာကိုယ်တိုင် ပါဝင်လာနိုင်သည်။ လေ့ကျင့်ပေးထားသော အာကာယာဉ်မှူးများသည် လပေါ်ကို သွားရန် အဆင်သင့်ဖြစ်နေကြသည်ဟု ၎င်းက ပြောသည်။
လပေါ်ကို အာကာသယာဉ်များ ဆင်းသက်မည့်လ၏ တောင်ဝင်ရိုးစွန်းရှိ မှောင်မိုက်နေသောအခြေအနေများတွင် လမ်းလျှောက်ရာ၌ အာကာသယာဉ်မှူးများ ကျင့်သားရစေရန် VR headset များကို အသုံးပြုကြရသည်။
လ၏ တောင်ဝင်ရိုးစွန်းပေါ်က မိုးကုတ်စက်ဝိုင်းတွင် နေသည် မထွက်သလောက်ပင်ဖြစ်ရာ အမြဲတမ်း အချိန်ကြာကြာ မှောင်နေတတ်ပြီး မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေသည်။
အာကာသယာဉ်မှူးများသည် Orion အာကာသယာဉ်ငယ်လို အာကာသယာဉ်အသစ်နှင့်လည်းကောင်း၊ အဆိုပါယာဉ်ပေါ်က ပစ္စည်းကိရိယာများနှင့်လည်းကောင်း ကျင့်သားရအောင် လုပ်ကြရသည်။
ယာဉ်မှူး၏ ထိုင်ခုံတွင်ထိုင်၍ ပုံစံတူဖန်တီးကာ လေ့ကျင့်ရသည့်နေရာတစ်ခု၌ နောင်တွင် လပေါ်က အာကာသစခန်းဖြစ်လာမည့် Gateway နှင့် အာကာသယာဉ်ကို ချိတ်ဆက်ရသည့်လေ့ကျင့်မှုကိုလည်း ပြုလုပ်ကြရသည်။
အခြားလေ့ကျင့်ရာနေရာတစ်ခုတွင် လူလေးဦးစာအတွက် ကုဗပေ ၃၁၉ ရှိသော Orion အာကာသယာဉ် ငယ်၏ပုံစံတူကို အသုံးပြုကာ လေ့ကျင့်နေသည်ကို တွေ့ရသည်။
“သူတို့က အရေးပေါ်ထွက်တဲ့ လေ့ကျင့်ရေးကို ဒီမှာလုပ်နေကြတာဖြစ်ပါတယ်” ဟု Orion အစီအစဉ်၏ လက်ထောက်မန်နေဂျာ ဒက်ဘီကော့က အေအက်ဖ်ပီကို ပြောသည်။
လပေါ်ပြန်သွားရေးနှင့် နာဆာ၏ အနာဂတ်အတွက် ဟူစတန်တွင် အလုပ်လုပ်နေသူတိုင်း စိတ်လှုပ်ရှားနေကြသည်ဟု ကော့က ပြောသည်။ ဒက်ဘီကော့သည် Orion အစီအစဉ်အတွက် အလုပ်လုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်သည်။
“ဒါဟာ ရွှေရောင်ခေတ်သစ်နဲ့ဆင်တူနေတယ်လို့ ကျွန်မထင်ပါတယ်” ဟု ကော့က ပြောသည်။
Ref:AFP










