သြဂုတ် ၂ ရက်၊ ၂၀၂၂ နေ့လယ်ပိုင်း။
မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ ထွက်ခွာလာခဲ့သည့် ပျံသန်းရေးသင်္ကေတ SPAR19 ဟု သင်္ကေတပြုထားသော အမေရိကန် လေတပ်ပိုင် ဘိုးအင်း စီ - ၄၀ စီ (Boeing C-40-C) လေယာဉ်ကြီးသည် အရှေ့တောင်ဘက်အရပ်ရှိ အင်ဒိုနီးရှားပိုင် ဘော်နီယိုကျွန်းများဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ထားသော အမေရိကန်စစ်အခြေစိုက်စခန်းများအနက် တစ်ခုရှိရာ ပါပူဝါနယူးဂီနီသို့ သွားလေသလားဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူအချို့ ခန့်မှန်းကြည့်ကြသည်။ ထို့နောက် လေယာဉ်သည် မြောက်ဘက်သို့ကွေ့ကာ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ပိုင်းတစ်လျှောက် ပျံသန်းနေပြန်သည်။
ရည်ရွယ်ရာခရီးလမ်းဆုံးကို တည့်တည့်မသွားဘဲ သုံးနာရီကျော် ကွေ့ပတ်ပျံသန်းလျက်ရှိသော လေယာဉ်ပေါ်တွင် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်အင်္ဂါစဉ်အရ တတိယမြောက်ပုဂ္ဂိုလ် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ အမှူးပြုသော ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာခဲ့သည်။ ထိုင်ဝမ်သမိုင်းတစ်လျှောက် အမေရိကန်၏ အဆင့်မြင့်ပုဂ္ဂိုလ်ခရီးစဉ် ဖြစ်သည့်အားလျော်စွာ ဤခရီးစဉ် မပျံသန်းမီကပင် တရုတ်နှင့် အမေရိကန်အကြား နှုတ်ရေးစကားတတ်၊ သံတမန်အသုံးအနှုန်းဆိုင်ရာ ဝေါဟာရများကို အပြင်းထန်ဆုံး အသုံးပြုကာ တိုက်ပွဲစခဲ့ကြပြီးဖြစ်သည်။ ထို့အတွက် ခရီးစဉ်ပျံသန်းကာလအတွင်း အရှေ့နှင့်တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်စစ်ရေး ဇုန်ပိုင်နက်ကို ရှောင်ရှားကာ နန်စီပယ်လိုစီအား ထိုင်ဝမ်အရောက် ဆောင်ကြဉ်းပေးရန်မှာ အမေရိကန်လေတပ်၏ တာဝန်ဟု ဆိုရပါမည်။ ကွာလာလမ်ပူမှ ထိုင်ဝမ်သို့ ပုံမှန်ပျံ သန်းပါက ၄ နာရီနှင့် ၁၅ မိနစ်သာ ကြာမြင့်ရမည့်ခရီးစဉ်သည် ရှောင်ကွင်းလမ်းကြောင်းယူခဲ့သည့်အတွက် နောက်ထပ်သုံးနာရီတိုးကာ ခုနစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ကြောင်း လေကြောင်းပျံသန်းမှုခြေရာခံ Flight Rader 24 ၏ ညွှန်ကြားရေးမှူး အီယန်ပက်ချန်နစ်က နယူးယောက်တိုင်းမ်သတင်းစာသို့ ပြောကြားခဲ့သည်။
“တောင်တရုတ်ပင်လယ်ကို ပုံမှန်လမ်းကြောင်းအတိုင်း ဖြတ်ပျံလိုက်ရင် လေယာဉ်ကို တရုတ်တွေ အနှောင့်အယှက်ပြုလာနိုင်တယ်။ အခုလိုရှောင်ကွင်းလိုက်တဲ့အတွက် ပဋိပက္ခကို စီမံခန့်ခွဲရာရောက်တဲ့အပြင် တင်းမာမှုအနေအထားကိုလည်း တစ်စုံတစ်ရာ လျော့ကျသွားစေပါတယ်”ဟု စင်ကာပူနိုင်ငံ၊ နန်ယန်းနည်းပညာ တက္ကသိုလ်၊ ရာဂျာရက်တမ်ကျောင်းမှ သုတေသီ ကောလင်းကောက်က ထင်မြင်ချက်ပေးခဲ့သည်။ သို့သော် ပယ်လိုစီ၏ အာရှခရီးစဉ် စတင်ခဲ့ချိန်ကပင် ထိုင်ဝမ်သို့ သွားဖြစ်၊ မသွားဖြစ်နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်ခဲ့ရာ ကွာလာလမ်ပူမှ အဆိုပါလေယာဉ် စတင်ထွက်ခွာချိန်မှ ထိုင်ဝမ်သို့ ဆင်းသက်ချိန်အတွင်း လေယာဉ်လမ်းကြောင်းကို စောင့်ကြည့်သူပေါင်း ၂ ဒသမ ၉ သန်းအထိရှိခဲ့ကြောင်း Flight Rader 24 ဝက်ဘ်ဆိုက်က ထုတ်ပြန်သည်။
နောက်ဆုံး ထိုင်ဝမ်စံတော်ချိန် ည ၁ဝး၄၃ နာရီ၌ တိုင်ပေလေဆိပ်သို့ အမေရိကန်ပြည်ထောင်စုပိုင် လေတပ်ပို့ဆောင်ရေးလေယာဉ်ကြီး ဆင်းသက်ခဲ့ပါသည်။ လေဆိပ်၌ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူနှင့် ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျု (AIT) တိုင်ပေရုံး ညွှန်ကြားရေးမှူး စန္ဒရာ အူကရစ်တို့က ကြိုဆိုခဲ့ကြသည်။ ညအိပ်တည်းခိုရာ တိုင်ပေ ဂရန်းဟေးယက်ဟိုတယ်သို့ မရောက်မီမှာ ပင် နန်စီပယ်လိုစီသည် တွစ်တာလူမှုကွန်ရက်ပေါ်၌ “ထိုင်ဝမ်၏ နိုးကြားတက်ကြွလျက်ရှိသော ဒီမိုကရေစီကို ပ့ံပိုးရန်အလို့ငှာ တွေဝေယိမ်းယိုင်ခြင်းကင်းသော ကတိကဝတ်”အဖြစ် သက်သေပြုသည့်အနေနှင့် ထိုင်ဝမ်မြေကို သူခြေချခဲ့ ပြီဖြစ်ကြောင်း ရေးသားခဲ့လေသည်။
၁၉၇၂ ခုနှစ် အမေရိကန်သမ္မတ နစ်ကဆင်လက်ထက် အမေရိကန်နှင့် တရုတ်တို့ ပြန်လည်ချည်နှောင်ခဲ့သော ချစ်ကြည်ရေးနှောင်ကြိုး၏ အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးသုတေသီတို့က တစ်ညီတစ်ညွတ်တည်း သုံးသပ်ခဲ့ကြပါသည်။
“၁၉၇၁ ခုနှစ်မှာပေါ့။
နဂိုယာမှာ
ဂလင်းကိုဝမ်နဲ့ ကျွမ်စီတုံးတို့
ပင်ပေါင်ကစားခဲ့ကြသတဲ့။
နောက်တစ်နှစ်ကြာတော့
ပီကင်းမှာ
နစ်ဆင်က ချူအင်လိုင်းနဲ့
လက်ဆွဲနှုတ်ဆက်ပါလေရော။
အခုလို နှစ် ၅၀ ကျော်အကြာမှာ
ပလိုစီ ထိုင်ဝမ်အသွား
ဘိုင်ဒင်နဲ့ ရှီကျင်ပင်းတို့
လေယာဉ်ပျံတမ်း ကစားကြပြန်တယ်။
ခင်ဗျားတို့ ပင်ပေါင်မကစားကြတော့
ဘူးလား။”
■ ထိုင်ဝမ် ကျွန်းလား၊ နိုင်ငံလား၊ ကျွန်းနိုင်ငံလား
ကျွန်တော်တို့ငယ်ငယ် ပထဝီ ဝင်သင်ယူခဲ့စဉ်က ဖော်မိုဆာကျွန်းဟု အမည်တွင်သော ထိုင်ဝမ်သည် အာရှတိုက်အရှေ့ပိုင်း၊ အရှေ့နှင့် တောင်တရုတ်ပင်လယ်ဆုံရာ အရပ်၊ ပစိဖိတ်သမုဒ္ဒရာ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of ChinaPRC)၊ အရှေ့မြောက်ဘက်တွင် ဂျပန်နိုင်ငံနှင့် တောင်ဘက်တွင် ဖိလစ်ပိုင်နိုင်ငံတို့ ဝန်းရံထားသည်။ ကျွန်းပေါင်း ၁၆၈ ကျွန်း ပါဝင်ပြီး စုစုပေါင်း ၃၆,၁၉၃ စတုရန်းကီလိုမီတာ (၁၃,၉၇၄ စတုရန်းမိုင်) ကျယ်ဝန်းကာ ဖော်မိုဆာဟု လူသိများခဲ့သော အဓိကကျွန်းကြီး ထိုင်ဝမ်မှာ ၃၅,၈၀၈ စတုရန်းကီလိုမီတာ (၁၃,၈၂၆ စတုရန်းမိုင်) အကျယ်အဝန်းရှိသည်။ ကျွန်း၏အရှေ့ဘက်ပိုင်းတွင် တောင်တန်းများထူထပ်ပြီး ကျွန်း၏ ကျန်သုံးပုံတစ်ပုံဖြစ်သော အနောက်ဘက်ပိုင်းတွင် မြို့နေလူဦးရေ ထူထပ်သည်။ မှီတင်းနေထိုင်သူ စုစုပေါင်းလူဦးရေ ၂၃ ဒသမ ၉ သန်းရှိသော ထိုင်ဝမ်သည် တစ် စတုရန်းကီလိုမီတာ၌ လူဦးရေ ၆၅၀ (တစ်စတုရန်းမိုင်၌ ၁၆၈၄ ဦး) နှုန်းဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်းဆုံး တိုင်းပြည်တစ်ခုအဖြစ် အပါအဝင်ဖြစ်သည်။
သမိုင်းကြောင်းကို အတိုချုပ်ရလျှင် ‘တရုတ်’ (China) ဟူသော အမည်ရင်းမြစ်ကို ကိုယ်စားပြုသည့် တရုတ်စာလုံးမှာ Zhongguo ဖြစ်သည်။ စာလုံးနှစ်ခုပေါင်းထားသော အဆိုပါဝေါဟာရကို ထပ်မံခွဲခြားပါက zhong သည် ဗဟို သို့မဟုတ် အလယ်ဟု အဓိပ္ပာယ်ရပြီး guo မှာ အစိုးရ သို့မဟုတ် တိုင်းနိုင်ငံတော်ဟု အဓိပ္ပာယ်ရသည်။ ၁၉၁၂ ခုနှစ်၌ တရုတ်ပြည်မကြီးအတွင်း ဒေါက်တာ ဆွန်ယက်ဆင်တည်ထောင်ခဲ့သော နိုင်ငံတော်အစိုးရကို တရုတ်သမ္မတနိုင်ငံ (Republic of China - ROC ) ဟု ကမ္ဘာသိခေါ်တွင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၌ နိုင်ငံပေါင်းချုပ်အသင်းကြီးသို့ ဝင်ရောက်ခဲ့သလို ဒုတိယကမ္ဘာစစ်အပြီး ပေါ်ထွက်လာသည့် ကမ္ဘာ့ကုလသမဂ္ဂ၌ စတင်တည်ထောင်သော ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင်ပင် ကနဦးအဖွဲ့ဝင်ဖြစ်လာခဲ့သည်။ သို့သော် သမိုင်းရေအလျဉ်သည် စဉ်ဆက်မပြတ် စီးဆင်းနေသော သဘောသဘာဝအတိုင်း မော်စီတုန်းဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီက ခရီးရှည်ချီတက်ပွဲမှတစ်ဆင့် တရုတ်နိုင်ငံနယ်နိမိတ်နှင့် ပြည်သူလူထုကို စုစည်းနိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China - PRC) အဖြစ် ထူထောင်ကြောင်း ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်၌ ကြေညာခဲ့သည်။ ROC အစိုးရအနေဖြင့် မြို့တော်ပီကင်းကို လက်လွှတ်ခဲ့ရရုံမျှမက တရုတ်ပြည်မကြီးမှ စွန့်ခွာကာ တိုင်ပေ (ဖော်မိုဆာကျွန်း) သို့ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ရောက်ရှိသွားခဲ့သည်။ ROC အာဏာသက်ရောက်ရာ ပိုင်နက်နယ်မြေအားလုံးကိုလည်း ၁၉၅၀ ပြည့်နှစ် မေ ၁ ရက်၌ ကွန်မြူနစ်များထံ အလုံးစုံ စွန့်လွှတ်ခဲ့ရ၏။
ထိုင်ဝမ်ရောက် ROC အစိုးရအနေဖြင့် ဗဟိုကို ကိုယ်စားပြုချုပ် ကိုင်နိုင်စွမ်းမရှိသည့်တိုင် China ဆိုသော စကားရပ်ကို နိုင်ငံအမည်အဖြစ် ဆက်လက်သုံးစွဲခဲ့သည်။ တစ်ဖန် ကုလသမဂ္ဂ၌ နိုင်ငံအလိုက် ကိုယ်စားပြုမှုထိုင်ခုံကို China အတွက် တစ်ခုံသာရှိရာ ပြည်မကြီးရှိ ကွန်မြူနစ် PRC အစိုးရနှင့် ထိုင်ဝမ်ရှိ ROC အစိုးရအကြား ‘ကိုယ်စားပြုထိုင်ခုံဆိုင်ရာ ပဋိပက္ခဖွဲမီး’မှာ ဆယ်စုနှစ် နှစ်ခုတိုင်အောင် တငွေ့ငွေ့လောင်ကျွမ်းနေလေသည်။ ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂက China ဟူသော ကိုယ်စားပြုထိုင်ခုံအတွက် ပီကင်းအခြေစိုက် မော်စီတုန်းဦးဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People Repulbic of China - PRC) အစိုးရကို တရားဝင် အသိအမှတ်ပြုခဲ့သည်။ ထိုင်ဝမ်ရောက် ROC အစိုးရအနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် စောဒကတက်ခဲ့သည့်တိုင် ထိုင်ဝမ်ရှိ ROC အစိုးရကို အသိအမှတ်ပြုမှုမှာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၃ နိုင်ငံကသာ နိုင်ငံတော်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုထားကြသည်။
■ အတိတ် ရွှေရတုကာလက အမေရိကန်-တရုတ်ဆက်ဆံရေး
၁၉၇၁ ခုနှစ် ကမ္ဘာ့အစီအစဉ်ကို ပြန်ကြည့်ပါက ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နှင့် ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံး ကာလဖြစ်သည်။
ကမ္ဘာ့မြေပုံကို ဖြန့်ခင်းကာ ၀ါဒရေးရာအရ ကွန်မြူနစ်အုပ်စု၏ အနီရောင် အခြယ်မခံနိုင်သော တိုင်းပြည်ပိုင်နက်တိုင်း၌ အမေရိကန်ဦးဆောင်သော အရင်းရှင်နိုင်ငံများက နည်းလမ်းပေါင်းစုံသုံးကာ အင်အားချိန်ခွင်လျှာ လိုက်ညှိနေချိန်ဖြစ်သည်။
ကွန်မြူနစ်ဝါဒကို အမည်ခံထားပုံချင်း တူညီသည့်တိုင် မာ့က်စ်ဝါဒအပေါ် ချဉ်းကပ်ပုံ၊ အဓိပ္ပာယ် ဖွင့်ဆိုပုံ၊ ခံယူကျင့်သုံးပုံတို့မှာတရုတ်နှင့် ဆိုဗီယက်အကြား သိသိသာသာ ကွဲပြားနေခဲ့သည်။ ထိုအချက်ကို အမိအရဖမ်းဆုပ်လျက် အမေရိကန်သည် “ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်နိုင်ကြောင်း” ဖော်မြူလာအတိုင်း တရုတ်ပြည်မကြီးရှိ မော်စီတုန်း၏ PRC အစိုးရအား “ပင်ပေါင်ကစားပွဲ” မှ အစပြုကာ သံခင်းတမန်ခင်းကို ရွှေလမ်းငွေလမ်း ဖောက်ခဲ့လေသည်။
ထိုအချိန်က ဆိုဗီယက်ယူနီယံ၏ ခြိမ်းခြောက်မှုကို ဘုံတူညီစွာ ခံစားနေရသည်ဟုထင်မြင်သော တရုတ်နှင့် အမေရိကန်ခေါင်းဆောင်များသည် အတွေးအခေါ်ချင်း လျှိုမြောင်ချောက်ကမ်းပါးခြားနေသည့်တိုင် အမျိုးသားအကျိုးစီးပွားအတွက် ချစ်ကြည်ရေးတံတားထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။
ပေါ်လစီအပြောင်းအလဲ ကနဦး အချက်ပြမှုအဖြစ် ၁၉၇၀ ပြည့်နှစ် အမျိုးသားနေ့ချီတက်ပွဲ ကျင်းပရာသို့ စစ်ပြန် အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုးကိုမော်က ဖိတ်ကြားခဲ့ပြီး တိန့်အန်မင်ရင်ပြင် စင်မြင့်တွင် သူ့ဘေး၌ထားခဲ့၏။ နောက်နှစ်နွေဦးတွင် ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲ၌ တရုတ်နှင့် အမေရိကန်ကစားသမားများ လက်ဆောင်အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ ထို့နောက် မော်သည် အမေရိကန်ပင်ပေါင်အသင်းကို တရုတ်ပြည်သို့ ဖိတ်ခေါ်ရန် ရဲရဲဝံ့ဝံ့ဆုံး ဖြတ်ချက်ချခဲ့တော့သည်။
နစ်ကဆင်သည် မော်၏အချက်ပြမှုကို အမိအရ ဆုပ်ကိုင်လိုက်သည်။ ပင်ပေါင်ဒီပလိုမေစီကို ခင်းကျင်းပြီးနောက် နှစ်လအကြာတွင် တရုတ်အပေါ် ၂၁ နှစ်ကြာ ကုန်သွယ်ရေးပိတ်ဆို့မှုကို အဆုံးသတ်ပေးခဲ့သည်။ ထို့နောက် ၁၉၇၁ ခုနှစ် ဇူလိုင်လ၌ သူ၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဟင်နရီ ကစ်ဆင်ဂျားကို ကွန်မြူနစ် တရုတ်ပြည်အရောက် စေလွှတ်ခဲ့သည်။
ထိုသို့ သံတမန်ရေးရာ ကစားကွက်ကို အကောင်းဆုံးအကောင်အထည်ဖော်ခဲ့သူ ခေါင်းကိုင်ဖခင်များမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျားနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ ဖြစ်ကြောင်း သမိုင်းက အသိအမှတ်ပြုပါ၏။ ထိုနှစ်ဦး၏ လက်သိပ်ထိုးဆောင်ရွက်ချက်များမှသည် ရလဒ်အဖြစ် ၁၉၇၂ ခုနှစ်၌ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းနှင့် အမေရိကန်သမ္မတ နစ်ကဆင်တို့ မြို့တော်ဘေဂျင်းတွင် မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောနိုင်ခဲ့သည်။
နစ်ကဆင်၏ ချစ်ကြည်ရေးခရီး၌ ရှန်ဟိုင်းထုတ်ပြန်ချက် (the Shanghai Communique) ပေါ်ထွက်ခြင်းက အမြင့်မားဆုံးရလဒ် ဖြစ်စေခဲ့၏။ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု၏ အခြေခံအထောက်အထားဖြစ်သကဲ့သို့ တိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလျက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ရေရှည်ကို မျှော်တွေးလျက် တရုတ်နှင့် တိုက်ရိုက်တွေ့ဆုံကာ အပေးအယူညှိနှိုင်းမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။
သို့ဖြစ်၍ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် ပထမဦးဆုံး တွေ့ဆုံပြီးချိန်၌ နစ်ကဆင်က “တရုတ်တစ်နိုင်ငံတည်းသာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ”ဟု အတည်ပြု ပြောကြားခဲ့သည်။ တစ်ဖန် ကစ်ဆင်ဂျာ၏ ရေရှည်မျှော်တွေးတတ်ပုံ ပြယုဂ်အဖြစ် “ထိုင်ဝမ်ရေလက်ကြား၏ တစ်ဖက်တစ်ချက်စီရှိ တရုတ်လူမျိုးများအနေဖြင့် (မိမိပိုင်ဆိုင်ရာ နယ်နိမိတ်ကို) ထိန်းသိမ်းကြသည်။ သို့သော် တရုတ်သည် တစ်နိုင်ငံတည်းသာဖြစ်သည်” ဆိုသော စာသားမှာ “အဖြူပေါ်အမည်းတင်”တွင် ကျန်ရစ်ပါသည်။ ဤကဲ့သို့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်စွမ်းရှိသော ဖော်မြူလာကို သံတမန်ပရိယာယ် ကြွယ်ဝစွာ ထုတ်ယူနိုင်ခဲ့သည့်အတွက် နစ်ကဆင်၏ အလည်အပတ် ခရီးစဉ်သည် ရှန်ဟိုင်းထုတ်ပြန်ချက်ရလဒ်နှင့်အတူ အောင်မြင်ခဲ့ပါသည်။
■ တရုတ်က ပြောထားသော အနီရောင်စည်း
တိုင်းပြည်တစ်ခု၏အင်အား ကို တွက်ချက်ကြရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားများကို ဥပေက္ခာပြု၍မရကြောင်း သမိုင်းဖြစ်စဉ်များအရ ထင်ရှားခဲ့ပြီးဖြစ် သည်။ ၂၀ ရာစု၏ ပထမပိုင်းတွင် ကမ္ဘာစစ်ကြီးနှစ်ကြိမ်ဖြစ်၍ ဒုတိယပိုင်း နှစ်ငါးဆယ်နီးပါး ၀ါဒရေးရာ တိုက်ပွဲနှင့်တကွ စစ်အေးကာလကို ဖြတ်သန်းလာခဲ့ပြီးနောက် ကမ္ဘာ့အစီအစဉ်သည်လည်း အပြောင်းအ လဲများစွာရှိခဲ့သည်။ မည်သို့ဆိုစေ ကမ္ဘာစစ် တစ်ကြိမ်မှ မရှုံးဖူးဘဲ ပညာကိုရေလောင်းပေါင်းသင်နိုင်ခဲ့ သော အမေရိကန်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် တည်ရှိဆဲဖြစ်သည်။ တစ်ဖန် ၁၉၈၀ ပြည့်ဝန်း ကျင်မှစတင်ခဲ့သော ကွန်မြူနစ် တရုတ်နိုင်ငံ၏ စျေးကွက်စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများစွာက တိုင်းပြည်၌ ဆင်းရဲတွင်းရောက်နေသော သန်းရာချီသည့် ပြည်သူပြည်သားများကို ဆင်းရဲမျဉ်းမှတ် (Povertyline) အထက်ရောက်အောင်ဆွဲတင်နိုင်ခဲ့သလို စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခုအဖြစ်သို့ ၂၁ ရာစုဆန်းစ၌ ရောက်ရှိလာစေခဲ့သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက် တနင်္လာနေ့က တီယန်ကျင်းတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝန်ဒီရှားမင်းကို တရုတ်၏ “တားထားသော စည်းသုံးတန်”နှင့် ပတ်သက်၍ “အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား လုပ်ပုံကိုင်နည်းအပေါ် ဆီလိုအပေါက်ရှာ ဆိုရေး မရှိကြောင်း၊ တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းနှင့် တရုတ်၏အချုပ်အခြာအာဏာ သို့မဟုတ် နယ်နိမိတ် တည်တ့ံခိုင်မြဲမှုအပေါ် ချိုးဖောက်ရန် လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း” ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့၏။
သို့သော် အမေရိကန် အစိုးရသည် ဘေဂျင်း၏ “အနီရောင်စည်း” ကို တိုးတစ်ခါ၊ တိုက်တစ်လှည့်ဖြင့် တရုတ်၏ ထိုင်ဝမ်နှင့်ပတ်သက်သော သဘောထားကို သွေးတိုးစမ်းလာခဲ့သည်။ ၁၉၈၂ ခုနှစ် သြဂုတ် ၁၇ ရက် ထုတ်ပြန်ချက်အရ “ထိုင်ဝမ်သို့ လက်နက်ရောင်းချခြင်းမှာ အရည်အသွေးအရ သို့မဟုတ် အရေအတွက်အရ (ရှန်ဟိုင်းထုတ်ပြန်ချက်) ပြဋ္ဌာန်းမှုများကို ကျော်လွန်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း” ဖော်ပြကာ ၁၉၇၉ ခုနှစ်ကပင် အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ တိုးမြှင့်ရောင်းချခြင်းအပေါ် ကာကွယ်ခဲ့သည်။
၂၁ ရာစု၏ ဆယ်စုနှစ်တစ်ခုအတွင်း ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာသည်မှာ တရုတ်တို့၏ စစ်ရေးတည်ဆောက်မှုများဖြစ်သည်။ ၁၉၉၆ ခုနှစ်အတွင်း ထိုင်ဝမ်အနီးရှိ ပင်လယ်ပြင်ကို တရုတ်တို့ ဒုံးကျည်များ ပစ်လွှတ်စဉ် အမေရိကန်က လေယာဉ်တင်သင်္ဘော နှစ်စင်းစေလွှတ်လိုက်ချိန်မှစ၍ တရုတ်တို့သည် စစ်ရေးကဏ္ဍတွင် အမေရိကန်နောက်၌ ကျန်ခဲ့ပြီဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်ခဲ့၏။ ထိုဖြစ်ရပ်နောက်ပိုင်း တရုတ်ခေါင်းဆောင်တို့သည် တရုတ်လွတ်မြောက်ရေးတပ်မတော်အတွက် အလုံးအရင်းနှင့် ဘတ်ဂျက်ထည့်ခဲ့၏။ ဆယ်စုနှစ်တစ်ခုကြာသည့်အခါ စစ်ရေးအသုံးစရိတ်မှာ ၇၆ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ကာကွယ်ရေးဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၂၅၂ ဘီလျံရှိ လာသည်။ ယခုနှစ်ဦးပိုင်း စစ်ရေးနှင့် အတတ်ပညာတို့ ပူးပေါင်းနိုင်သည့် သရုပ်ပြချက်အဖြစ် တရုတ်၏ စူပါဆောနစ်ဒုံးကျည်ပစ်လွှတ်မှုမျိုး စမ်းသပ်ပြလိုက်ချိန်တွင် ပင်တဂွန်မှ စစ်ဗိုလ်ချုပ်ကြီးများကိုယ်တိုင် အ့ံအားသင့်ရသော အခြေအနေသို့ ရောက်ရှိသွားရသည်။
၂၀၂၁ ခုနှစ် နှစ်ဦးအတွင်း ထပ်မံမပြေလည်သည်က ထိုင်ဝမ်ကျွန်းအရေး ဖြစ်သည်။ အမေရိကန်ရေတပ်သည် တောင်တရုတ်ပင်လယ်အတွင်း နေရာယူထားသည်သာမက ဒီမိုကရေစီကို အားပေးမြှင့်တင်ရန် အကြောင်းပြကာ ထိုင်ဝမ်သို့ စစ်လက်နက်များ ရောင်းချခြင်း၊ စစ်သင်တန်းများ လေ့ကျင့် ပေးခြင်းတို့ကို ပြုလုပ်သည်။
တရုတ်အနေနှင့်လည်း “တရုတ် တစ်နိုင်ငံတည်း” မူဝါဒနှင့်အညီ ထိုင်ဝမ်လွတ်လပ်ရေးကို အသိအမှတ်မပြုဟုဆိုကာ ထိုင်ဝမ်ရေလက်ကြားနှင့် လေကြောင်းပိုင်နက်အတွင်း တိုက်လေယာဉ်များ ဒါဇင်နှင့်ချီကာ ပျံသန်းပြနေသည်။ တစ်ဖန် ကုလသမဂ္ဂကို ကြားခံအဖြစ်ထားပြီး ထိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြု အဖွဲ့ဝင်ဖြစ်လာစေရေး အမေရိကန်က ဦးဆောင်ကြိုးပမ်းနေပြန်သည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် သမ္မတရှီက “မည်သူတစ်ဦးတစ်ယောက်မဆို တရုတ်၏ ပိုင်းဖြတ်ချက်၊ နိုင်င့ံအချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်နိမိတ် အခြေအနေအပေါ် လျှော့မတွက်သင့်ကြောင်း” သတိပေးခဲ့သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်-အမေရိကန်ခေါင်းဆောင်နှစ်ဦး လေလှိုင်းပေါ်က တွေ့ဆုံရာတွင် ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုသည် “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ကတိကဝတ်ထားဆဲဖြစ်ပြီး ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေနှင့်အညီ “ပိုနေမြဲ ကျားနေမြဲ”အခြေအနေကို ပျက်ယွင်းစေမည့် တစ်ဖက်သတ်ကျသော အားထုတ်မှုများ သို့မဟုတ် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း၍ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ဟန့်တားနှောင့်ယှက်မှုများကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ကန့်ကွက်ကြောင်း သမ္မတဘိုင်ဒင်က အလေးအနက် ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တုံ့ပြန်ပြောဆိုရာတွင် ထိုင်ဝမ်ရေလက်ကြားအခြေအနေသည် တင်းမာမှုအသစ်တစ်ဖန် ရင်ဆိုင်နေရကြောင်း၊ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုင်ဝမ်အာဏာပိုင်များ၏ “အမေရိကန်အားကိုး၊ ထိုင်ဝမ်ခွဲထွက်ရေး” ထပ်တလဲလဲ ကြံစည်မှုကြောင့်ဖြစ်ရာ အမေရိကန်ရှိ အချို့သူများက “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို တားဆီးရန်” ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။
ထိုအခြေအနေသည် အလွန်အန္တရာယ်များပြီး မီးနှင့်ကစားခြင်းဖြစ်ရာ မီးဆော့သူကိုယ်တိုင် လောင်ကျွမ်းခံရမည်ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန်နှစ်နိုင်ငံ၏ ပူးတွဲထုတ်ပြန်ချက် သုံးခုသည် နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအခြေခံဖြစ်ကြောင်း၊ အမေရိကန်အစိုးရ အဆက်ဆက်က ထိုကိစ္စအပေါ် တိကျရှင်းလင်းသည့် ကတိကဝတ်များရှိကြောင်း ပြောကြားခဲ့သည်။
■ ကျောချင်းပြန်ကပ်သွားသော တရုတ်နှင့် ရုရှား
သမိုင်းမှန်ကူကွက်တို့သည် နေရောင်အလက်တွင် ဖျပ်ခနဲ အကူးအပြောင်း မြန်လှသကဲ့သို့ မိုးတိမ်တိုက်တို့ ကြီးစိုးချိန်၌လည်း မျက်မြင်ဒိဋ္ဌတို့နောက်ကွယ်၌ မည် သည့်အသွေးအရောင်တို့ ဖြစ် တည်လျက်ရှိကြောင်း ကြည့်တတ်လျှင် မြင်နိုင်ပါသည်။
တစ်ချိန်က ပင်ပေါင်အားကစားကို အရင်းတည်ကာ နှစ်နိုင်ငံချစ်ကြည်ရေး လမ်းဖောက်ခဲ့သော အမေရိကန်ပြည်ထောင်စုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင် ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အစိုးရအဖွဲ့ကိုယ်စားပြု တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့၏။
သို့သော်ငြား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ရုရှားသမ္မတအပါအဝင် ကျန်နိုင်င့ံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသဖြင့် ဖွင့်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သည်။ ထို့ထက်ပို၍ ထူးခြားသည်မှာ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲနေ့၌ပင် တရုတ်နှင့် ရုရှားတို့သည် “အတိုင်းအတာ အကန့်အသတ်မဲ့” (No Limit Relation) လက်တွဲဖက်အဖြစ် ကြေညာလိုက်သည်။ မပြော မပြီး မတီးမမြည်ဆိုသကဲ့သို့ တစ်နိုင်ငံအရေးကို နောက်တစ်နိုင်ငံက ခပ်စိမ်းစိမ်းနေကြမည် မဟုတ်ဘဲ ယူကရိန်းနှင့် ထိုင်ဝမ်အရေးများတွင် နောက်ခံပြုအားပေးလျက် အနောက်အုပ်စုကို ရင်ဆိုင်ရာ၌ ရည်မှန်းချက်တူညီစွာ လက်တွဲကြမည်ဖြစ်ကြောင်း ကြေညာခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က ရုရှား-ယူက ရိန်းစစ်ပွဲ မစတင်သေးပါ။
“ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဟု ဆိုသကဲ့ သို့ နှစ် ၅၀ ကျော်လွန်မြောက်ချိန်တွင် သက်ဆိုင်ရာနိုင်ငံတစ်ခုချင်း၏ အမျိုးသားအကျိုးစီးပွားကို အခြေခံကာ တရုတ်နှင့်ရုရှား “ပြန်ပေါင်းထုပ်”ခဲ့ကြပြီး အမေရိကန်မှာ ထိုနှစ်နိုင်ငံ၏ ဘုံရန်သူအဖြစ် ရောက်ရှိသွားပြန်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရုတ်-ရုရှား ပူးတွဲထုတ်ပြန်ချက်သည် အင်္ဂလိပ်ဘာသာပြန်ဆိုပြီး စာလုံးရေ ၅ယ၄၀၀ နီးပါးရှိသော ရှည်လျားကာ “ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ဖယ်ထုတ်၍မရသော အစိတ်အပိုင်းအဖြစ် တရုတ်၏ ရပ်တည်ချက်ကို သဘောတူလျက် ဤကျွန်းလွတ်လပ်ရေးအတွက် မည်သည့်အားထုတ်မှုမျိုးကိုမဆို ရုရှားက ဆန့်ကျင်ကြောင်း” သမ္မတပူတင်က ပြောဆိုခဲ့သည်။
၀ါရှင်တန် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ တရုတ်ရေးရာကျွမ်းကျင်သူ စကော့ကင်နေဒီက တရုတ်-ရုရှားထုတ်ပြန်ချက်များ မည်မျှ “ပျံလန်” နေသည်ဖြစ်စေ မဟာမိတ်နက်ရှိုင်းမှုမှာ အတိုင်းအတာရှိကြောင်း ပြောဆိုခဲ့သည်။ “တရုတ်ဟာ ရုရှားနဲ့အတူ ရပ်တည်ချင်ပေမယ့် ခပ်ပါးပါးပါ။ သိပ်ပြီး ထဲထဲဝင်ဝင် မဟုတ်ပါဘူး။ ယူကရိန်းမှာ သို့မဟုတ် ထိုင်ဝမ်မှာ စစ်ပွဲတစ်ခုခု ဖြစ်လာခဲ့ရင် အဲဒီမဟာမိတ် အက်ကြောင်းထင်လာဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်တယ်”။
“အဲဒီမတိုင်ခင်လေးမှာ
ရုရှားဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား
ခြေစစ်ပွဲကနေ ရုရှားကလပ်တွေဟာ
ဥရောပပြိုင်ပွဲတွေကနေ
ထုတ်ပယ်ခံခဲ့ရတယ်။ ခင်ဗျားတို့
ပင်ပေါင်မကစားကြတော့ဘူးလား။
အဲဒီမတိုင်ခင်လေးမှာ ပူတင်နဲ့
ဇယ်လန်းစကီးတို့
Red Alert ကစားခဲ့ကြတယ်။”
ရုရှား-ယူကရိန်းစစ်ပွဲ အရှိန် မြင့်လာသည့် တစ်ချိန်တည်း၌ပင် တရုတ်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးကို ကြိုးပမ်းရင်း တိုင်းပြည်၏ ဂျီဒီပီ၊ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ဦးမော့စေရန် ဆောင်ရွက်လျက် ရုရှားအပေါ် မိတ်ဝတ်မပျက်ဆက်ဆံရေးကို အထူးထိန်းသိမ်းထားခဲ့သည်။ တစ်နည်းဆိုသော် သံတမန်အသုံးအနှုန်းအရ “ရုရှားက ယူကရိန်းကို ကျူးကျော်သည်”ဟု အဓိပ္ပာယ်ရသော မည်သည့်ဝေါဟာရကိုမျှ ဘေဂျင်းအစိုးရက မသုံးစွဲခဲ့ပါ။
■ နန်စီ ပယ်လိုစီ၏ ထိုင်ဝမ်ခရီး
သို့ဆိုလျှင် နန်စီ ပယ်လိုစီ၏ ယခုခရီးစဉ်သည် အမေရိကန် ဦးဆောင်သော NATO စစ်အုပ်စုက ယူကရိန်းစစ်မြေပြင်၌ ရုရှားနှင့်အားပြိုင်နေဆဲ တစ်ချိန်တည်း၌ တရုတ်ကိုပါ နောက်ထပ်စစ်ပွဲတစ်ရပ်အတွင်း သွတ်သွင်းစေချင်သည့် သဘောလော။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ပြုကာ အစိုးရနှင့် လွှတ်တော် နှစ်သင်းခွဲ၍ “လုပ်ပွဲ” ကစားခဲ့ခြင်းလော စောကြောဝေဖန်ရန် ရှိပါသည်။
သမ္မတ ဘိုင်ဒင်၏ အစိုးရအနေနှင့် ပယ်လိုစီ၏ ခရီးစဉ်နှင့်ပတ်သက်၍ မေးခွန်းများစွာကို ဖြေကြားရန် စနစ်တကျ ရှောင်လွှဲခဲ့သည်။ သို့သော် အတည်မပြုနိုင်သော သတင်းများအရ အမေရိကန် - တရုတ်ဆက်ဆံရေး အနိမ့်ပါးဆုံး ဖြစ်နေစဉ်အတွင်း ဤခရီးစဉ်ကို ကန့်ကွက်သည်ဟု တိုးတိုးတိတ်တိတ် ပြောဆိုခဲ့ကြောင်း၊ ဇူလိုင်လအတွင်း သမ္မတဘိုင်ဒင်က “စစ်တပ်ကတော့ ခုချိန်မှာ ဒီခရီးသွားဖို့ အကြံဉာဏ်ဟာ ကောင်းတယ်လို့ မတွေးပါဘူး။ ဒါပေမဲ့ အခြေအနေက ဘာဖြစ်နေမှန်းလဲ ကျွန်တော်မသိဘူး”ဟု တုံ့ပြန်ခဲ့ဖူးသည်။ ခရီးစဉ် မစတင်မီအချိန်ပိုင်းတွင် အိမ်ဖြူတော်အရာရှိ ကာဘီက “သမ္မတ ဘိုင်ဒင်အနေနဲ့ ကွန်ဂရက်လွှတ်တော်ဟာ အစိုးရနဲ့ သီးခြားကင်းလွတ်တဲ့ မဏ္ဍိုင်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ပယ်လိုစီအနေနဲ့ အခြားသော ကွန်ဂရက်အမတ်များ ပြည်ပကို ခရီးသွားတဲ့နည်းတူ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချတာပါ”ဟု ပြောခဲ့သည်။
အဆိုပါခရီးစဉ် သွားဖြစ်၊ မသွားဖြစ် ၀ိ၀ါဒကွဲနေဆဲကာလ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းခေါ်ဆိုခဲ့ရာ ထိပ်သီးနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံရေးအတွက် စီစဉ်မှုပြုရန် ပါဝင်သကဲ့သို့ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ရှီ၏ ခိုင်မာသော ပြောဆိုချက်များအပေါ် ဘိုင်ဒန်က အမေရိကန်အစိုးရ၏ အနေအထားသည် မပြောင်းလဲကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း “တရုတ် တစ်နိုင်ငံတည်း မူဝါဒ” အပေါ် ရပ်တည်ကြောင်း ပြန်ကြားခဲ့သည်။
“ဒါဝင်ကို ကိုးကားရရင်
လက်နှစ်ဖက် အားသွားတဲ့
မျောက်တွေဆိုတော့
ဘယ်အငြိမ်နေနိုင်မလဲပေါ့။
တစ်ခုခုတော့ ကစားနေရမှလေ။
နစ်ရှေးပြောသလို ဗားရှင်းမြင့်မြင့်လာတဲ့
မျောက်တွေရဲ့ တန်ခိုးထွားထွားလိုလာတဲ့
စိတ်ဆန္ဒကြောင့် ဖြစ်မှာပဲ။ ခင်ဗျားတို့
ပင်ပေါင် မကစားကြတော့ဘူးလား”။
မည်သို့ဆိုစေ ကွန်ဂရက်ခေါင်းဆောင် နန်စီပယ်လိုစီကတော့ ထိုင်ဝမ်မြေပေါ်၌ ၁၉ နာရီ ကြာနေထိုင်ကာ တရုတ်အစိုးရကို “ဆွ” ပေးခဲ့ပြီဖြစ်သည်။
■ ထိုင်ဝမ်၏ လက်ရှိအခြေအနေ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် နန်စီပယ်လိုစီ၏ခရီးစဉ်အပြီး သြဂုတ် ၄ ရက်မှစတင်ကာ ထိုင်ဝမ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တရုတ် အရှေ့ဘက် စစ်နယ် ကြည်းတပ်သည် ထိုင်ဝမ်ရေလက်ကြားတွင် ကျည်အစစ်များဖြင့် တာဝေးပစ်ခတ်မှုပြုလုပ်ခဲ့ရာ ထိုင်ဝမ်ရေလက်ကြားအရှေ့ပိုင်းဒေသတွင် သတ်မှတ်ထားသော နယ်မြေသို့ ရောက်ရှိပြီး တာဝေးပစ် ဒုံးပစ်လောင်ချာများကို ပစ်လွှတ်သည့်နေရာသို့ ပို့ဆောင်ကာ ဒုံးကျည်တင်ခြင်း၊ ပစ်ခတ်ခြင်းစသည်တို့ဖြင့် သတ်မှတ်ထားသော ပစ်မှတ်များကို တိကျမှန်ကန်စွာပစ်ခတ်ခဲ့ကြောင်း CRI က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ် သြဂုတ် ၄ရက် နေ့လယ်ပိုင်းမှ သြဂုတ် ၇ ရက် နေ့လယ်ပိုင်းအထိ ထိုင်ဝမ်၏ အရှေ့၊ အနောက်၊ မြောက်၊ တောင်တစ်ဝိုက်ရှိ ပင်လယ်ပြင်ရပ်ဝန်း ခြောက်ခုတွင် “အရေးကြီးသော စစ်ရေးလေ့ကျင့်မှုနှင့် ကျည်စစ် ကျည်မှန် ပစ်လွှတ်မှုများ”ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ပြုလုပ်ခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ထိုင်ဝမ်မီဒီယာများက စစ်ရေးလေ့ကျင့်မှု၏ အတိုင်းအတာက အလွန်ကြီးမားပြီး ထိုင်ဝမ်၏ ပင်လယ်နှင့်လေကြောင်းကို သုံးရက်ကြာပိတ်ဆို့သကဲ့သို့ ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်နေရာများသည် ထိုင်ဝမ်အာဏာပိုင်ခေါ်ဆိုသည့် “တိုင်ပေ လေကြောင်းအချက်အလက်ဒေသ”ကို ၀ိုင်းရံထားသောကြောင့် ထိုင်ဝမ်၏ နိုင်ငံတကာလေကြောင်းလိုင်း ၁၈ လိုင်း ဖြတ်တောက်ခံရခြင်းဖြစ်စေပြီး သုံးရက်အတွင်း လေယာဉ် ခရီးစဉ် ၉၀၀ ကို ထိခိုက်ခဲ့သည်။
“ပင်ပေါင်ဟာ ရိုးစင်းလွန်းလို့
ပျင်းစရာ ကောင်းသတဲ့။
ဉာဏ်ရည်မြင့်တဲ့ မျောက်တွေဟာ
တန်ဖိုးကြီးလွန်းတဲ့ ကစားပွဲတွေဘက်
လှည့်လာခဲ့ကြတယ်။ သူတို့ဟာ
ဉာဏ်ရည်နိမ့်တဲ့ မျောက်တွေရဲ့
အသက်တွေနဲ့ ကစားရတာကိုသာ
အဆင့်မြင့်တယ် ထင်လာတာနေမှာ”။
■ ပေကျင်းက တုံ့ပြန်လိုက်သော အမေရိကန်နှင့် ဆက်ဆံရေး
၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်အပေါ် တန်ပြန်ဆောင်ရွက်ချက်များကို ကျင့်သုံးရန် ထုတ်ပြန်ခဲ့သည်။
“အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီသည် တရုတ်နိုင်ငံ၏ ကန့်ကွက်ပြောဆိုမှုများကို လျစ်လျူရှုပြီး တရုတ်ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းကို ပြုလုပ်သည့်အတွက်
(၁) တရုတ်နှင့်အမေရိကန် စစ်တပ်ခေါင်းဆောင်များကြား ဖုန်းခေါ်ဆိုမှုကို ဖျက်သိမ်းခြင်း၊
(၂) တရုတ်နှင့်အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သဘောတွေ့ဆုံမှုကို ဖျက်သိမ်းခြင်း၊
(၃) တရုတ်-အမေရိကန် ပင်လယ်ပြင်စစ်ရေးဆိုင်ရာ လုံခြုံရေးညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးကို ဖျက်သိမ်းခြင်း၊
(၄) တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများ နေရပ်ပြန်ရေးတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း၊
(၅) တရုတ်-အမေရိကန် ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အကူအညီ ပေးရေး ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားခြင်း၊
(၆) နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း၊
(၇) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း၊
(၈) တရုတ်-အမေရိကန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ဆိုင်းငံ့ခြင်း” ဟူသော အချက် ရှစ်ချက် ပါဝင်သည်။
“တချို့မျောက်တွေ
အဆမတန် ဉာဏ်ရည်မြင့်လာတာနဲ့အမျှ
နှစ်ပေါင်းထောင်ချီ တည်ဆောက်လာခဲ့ရတဲ့
လူ့ယဉ်ကျေးမှုဟာ နိမ့်ဆင်းသထက်
နိမ့်ဆင်းလာရတယ်။
သူတို့ ပင်ပေါင်
မကစားတတ်ကြတော့ဘူးလေ”။
■ ဆက်ရန်ရှိသည့် တစ်ခန်းရပ်နိဂုံး
အမြင်နှစ်ခုကို တင်ပြလိုပါသည်။
ပထမအမြင်မှာ ၁၉၇၀ ပြည့်လွန်နှစ်များဆီက တရုတ်သို့ သံခင်းတမန်ခင်းဖောက်ခဲ့သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဟင်နရီကစ်ဆင်းဂျား၏ ၂၀၂၂ ခုနှစ် မေလအတွင်း DAVOS ၂၀၂၂ ၌ ဖြေကြားချက်ဖြစ်သည်။
“အမေရိကန်-တရုတ် ဆက်ဆံရေးရဲ့ ဟိုးအစမှာကတည်းက ထိုင်ဝမ်အရေးကို နားလည်နိုင်ဖို့ ကျုပ် ညှိနှိုင်းခဲ့တယ်။ ........။ အမေရိကန်ဟာ တရုတ်တစ်နိုင်ငံတည်းသာဆိုတဲ့ အခြေခံမူကို ဆုပ်ကိုင်ထားမှသာ သဘောတူညီချက်တွေရမှာကို ကျုပ်သဘောပေါက်ခဲ့တယ်။ နောက်ပြီး ဒီအခြေခံမူတွေကို ထိန်းသိမ်းခြင်းအားဖြင့် တရုတ်နှစ်နိုင်ငံဆိုတဲ့ အဖြေမျိုးထွက်အောင် အမေရိကန်ဟာ ‘ခု စာကလေးကြော်၊ ခုဆီထမင်း’ မလုပ်သင့်သလို၊ မသိမသာ ပြောင်းတာမျိုးလည်း မလုပ်သင့်ဘူး။ တရုတ်ဘက်ကလည်း စိတ်ရှည်ဖို့ လိုအပ်တယ်။ ထိပ်တိုက်ရင်ဆိုင်ခြင်းကတော့ ရှောင်ကိုရှောင်သင့်တာ။ ထိုင်ဝမ်ဟာ တရုတ်နဲ့ အမေရိကန်အကြား အဓိကညှိနှိုင်းရမယ့်ကိစ္စမဟုတ်ဘူး။ ညှိနှိုင်းရမယ့် အဓိကကိစ္စတွေက အမေရိကန်နဲ့ တရုတ်ဟာ ဆက်ဆံရေးအပေါ် ပဋိပက္ခဖြစ်နေစေတဲ့ အခြေခံမူတွေကို ဆွေးနွေးဖို့၊ ပူးပေါင်းအားထုတ်နိုင်တဲ့ မူဘောင်တချို့ကိုတတ်နိုင်သမျှ ချဲ့ထွင်ကြဖို့ပဲ။ ထိုင်ဝမ်ကိစ္စ ပေါ်မလာပါစေနဲ့။ တကယ်လို့များ အခြေအနေက ထိပ်တိုက်တွေ့တာမျိုး၊ ပဋိပက္ခအသွင်မျိုး ဆောင်လာပြီဆိုတာနဲ့ ကမ္ဘာကြီးရဲ့ အကျိုးစီးပွားကိုရော၊ တရုတ်နဲ့ အမေရိကန်ရဲ့ ရေရှည်အကျိုးစီးပွားကိုပါ ဒုက္ခရောက်စေမယ့် စစ်မြေပြင်အသွင်ပြောင်းသွားမယ့် သန္ဓေပဲ”
ဒုတိယအမြင်မှာ တရုတ်ပြည်မကြီးအတွင်း ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ်၊ မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါ်စောကြည် (Zhao Jin) ၏ အမြင်ဖြစ်သည်။
“စစ်လေ့ကျင့်တဲ့ ကာလမှာ လေကြောင်းရေကြောင်းတွေ အကုန်အပိတ်ခံရ တယ်။ တစ်နည်းနဲ့ ပြောရရင် ဒီနေ့ကစပြီး ထိုင်ဝမ်က လေကြောင်းပိုင်နက်နဲ့ရေကြောင်းပိုင်နက်မရှိတော့ဘူး။ ........ တခြား အနောက်တိုင်းနိုင်ငံရေးသမားတွေလည်း ထိုင်ဝမ်ကိုလာဖို့စီစဉ်နေပါတယ်။ ဒါပေမဲ့ PLA စစ်လေ့ကျင့်တဲ့ ကာလကို ရှောင်ရတယ်။ PLA တစ်လနှစ်လလောက် စစ်လေ့ကျင့်ရင် ထိုင်ဝမ်မှာ Gsa ပြတ်၊ မီးပြတ်၊ အစားအစာပြတ်ဖြစ်ပြီး လာရင်လည်း အငတ်ခံလိမ့်မယ်။ လူဆိုတာ နှစ် ၁၀၀ အထိ အသက်ရှင်သန်သူ သိပ်ရှားတယ်။ အသက် ၈၂ နှစ် အမေရိကန်အဘွားကြီးက ဘယ်နှနှစ်ရှိသေးသလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ သူအသက်ရှင်သန်နေတုန်းက သူ့ရဲ့နောက်ဆုံး ထိုင်ဝမ်ခရီးစဉ်က ကမ္ဘာကို ဘယ်လောက်ကြီးမားတဲ့ အပြောင်းအလဲ သယ်ဆောင်ပေးခဲ့သလဲတော့ သူမြင်နိုင်မယ်ထင်တယ်။ အခုတော့ သူမမြင်နိုင်သေးဘူး။ အနောက်တိုင်းနိုင်ငံရေးသမားတွေက မိမိကို အလွန်အထင်ကြီးလို့ တရုတ်လူမျိုးကို ကောင်းကောင်းမလေ့လာဖူးဘူး။ သူတို့က ၆၀ စုနှစ်၊ ၇၀ စုနှစ်ရဲ့ မျက်စိနဲ့ တရုတ်ပြည်ကို ကြည့်နေပါတယ်”။
ထွေထွေထူးထူး နိုင်ငံရေးစတန့် လုပ်ပြရန် မလိုအပ်တော့သော၊ ၂၀၂၂ ခုနှစ် မျက်စိဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ်ရှုမြင်ခဲ့သော ဟင်နရီကစ်ဆင်ဂျား၏ မျှော်မြင်ချက်များကိုမူ ၀ါရှင်တန်နှင့် ဘေဂျင်းရှိ မည်သည့်နိုင်ငံရေးသမားက နားထောင်ခဲ့ပါသနည်း။
References:
● https://www.nytimes.com/2022/08/03/world/asia/pelosis-widely-watched-fli...
● https://en.m.wikipedia.org/wiki/Taiwan
● https://en.m.wikipedia.org/wiki/2022_United_States_congressional_delegat...
● https://en.m.wikipedia.org/wiki/Republic_of_China_(1912%E2%80%931949)
● https://asiatimes.com/ 2022/02/fifty-years-on-lessons-from-sino-us-rapprochement/
● https://asiatimes.com/ 2021/07/seeds-of-war-in-the-south-china-sea/
● https://www.nytimes.com/2021/10/09/world/asia/united-states-china-taiwan...
● https://www.reuters.com/world/europe/russia-china-tell-nato-stop-expansi... 2022-02-04/
● https://www.cnbc.com/ 2022/08/02/white-house-struggles-to-insulate-bidens-china-policy-from-pelosis-taiwan-trip.html
● https://www.cnbc.com/ 2022/07/29/biden-xi-make-plans-to-meet-us-official-says-xi-warns-on-taiwan.html
● https://m.facebook.com/story.php?story_fbid=pfbid02a oCzFjxVSqr6YTQty h1 T7NpT SqJMy LvCFwkb2tJas TGy 9k2nLc51a5ZLKC6L SDK9l & id=100069151721519
● https://www.weforum.org/agenda/2022/05/kissinger-these-are-the-main-geop...
● https://m.facebook.com/story.php?story_fbid=pfbid036uUbs A XgEcdGKJ U2bW6qAzvq 97ih AKJK1S xnoCoCDJs 69LKC7xRGjA qFhVfBbLiyl &id=100014883 287278
● ခင်ဗျားတို့ ပင်ပေါင် မကစားကြတော့ဘူးလား။ နရီမင်း၊ ၃ - ၈ - ၂၀၂၂။
https://m.facebook.com/story.php?story_fbid=pfbid0x J4Rmb2UEM3rH zFkAw7c EBpczxMkyK CgNtVuyn 9oPh8JscwBQeBAvjDz EhCYd2mMl&id=1000 10383790041










