သံဖြူဇရပ်မြို့ရှိ မဟာမိတ်စစ်သချႋုင်းအတွင်း၌ ဥယျာဉ်မှူး တစ်ဦး ယမန်နေ့ ညပိုင်းက ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့

သံဖြူဇရပ်မြို့ရှိ မဟာမိတ်စစ်သချႋုင်းအတွင်း၌ ဥယျာဉ်မှူး တစ်ဦး ယမန်နေ့ ညပိုင်းက ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့
Published 1 August 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ မဟာမိတ်စစ်သချႋုင်းအတွင်း ဇူလိုင် ၃၁ ရက် ည ၆ နာရီခန့်က ဥယျာဉ်မှူးတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဓါတ်လိုက်သေဆုံးခဲ့သူမှာ သံဖြူဇရပ်မြို့၊ ကြာကန်ရပ်ကွက်တွင်နေထိုင်သူ ဦးမျိုးသန့် (၆၄) နှစ် ဖြစ်ကြောင်း၊ ၎င်းမှာ စစ်သချႋုင်း ဥယျာဉ်မှူးအဖြစ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း နှင့် ၎င်းအား စစ်သချႋုင်းအလယ်တွင် ဝဲလက်သူကြွယ်မီးကျွမ်းပေါက်ပြဲဒဏ်ရာ၊ ခြေချောင်း၊ လက်ချောင်းများ ကုတ်ကွေးနေပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရပဲ ဓါတ်လိုက်သေဆုံးနေသည်ကို တွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

“ဦးမျိုးသန့်က ပေါက်ပြဲနေတဲ့ ဝါယာကြိုးနေရာကို လက်နဲ့သွားကိုင်မိပြီးတော့ ဓါတ်လိုက်သေဆုံးသွားတာလို့ သိရတယ်။” ၎င်းမြို့ခံ က ဆက်လက်ပြောကြားသည်။

သေဆုံးသူ ဦးမျိုးသန့်၏ရုပ်အလောင်းအား သံဖြူဇရပ်မြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ဦးမျိုးသန့် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သံဖြူဇရပ် - ကျိုက္ခမီ ကားလမ်းဘေးရှိ သံဖြူဇရပ် မဟာမိတ်စစ်သချႋုင်းကို (၁၉၄၆) ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်က ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော စစ်သချႋုင်းဖြစ်ကြောင်း၊ အဆိုပါ သံဖြူဇရပ်စစ်သချႋုင်းတွင် (၁၉၄၂) ခုနှစ်မှ (၁၉၄၅) ခုနှစ်အတွင်း ဂျပန်စစ်သုံ့ပန်းများအဖြစ် မြန်မာ - ထိုင်း (ယိုးဒယား) မီးရထားလမ်းဖောက်လုပ်စဉ်က သေဆုံးခဲ့ကြသည့် ဗြိတိသျှ စစ်မှုထမ်းများ၊ ဩစတြေးလျ စစ်မှုထမ်းများ၊ ဒတ်ခ်ျ စစ်မှုထမ်းများနှင့် အာရှချွေးတပ်သား စုစုပေါင်း (၃၇၇၁) ဦး၏ အရိုးပြားများကို မြှုပ်နှံထားကြောင်း သိရသည်။

 

 

Most Read

Most Recent