■ အထောက်အကူပြုသော စျေးကွက်စနစ်
ဗဟိုက ချုပ်ကိုင်သော စီးပွားရေးစနစ် ကျင့်သုံးခဲ့ပြီး နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခဲ့သည့် ကာလများ အလွန်၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်း စျေးကွက် (Market) ဟူသော စကားလုံး ရောက်ရှိလာခဲ့သည်။ Market-oriented system၊ market Economy၊ Market Economic System စသဖြင့် စျေးကွက်စနစ် အခေါ်အဝေါ်များကို နေရာတကာတွင် ကြားသိမြင်တွေ့ခဲ့ကြ ရသည်။ ယခုတော့ ‘စျေးကွက်’ ဝေါ ဟာရသည် လူတိုင်းနှင့် ရင်းနှီးနေခဲ့ပြီဖြစ်သည်။ စျေးကွက်စီးပွားရေးစနစ်ထဲ လူတိုင်း ကျင်လည်လျက် စနစ်၏ အကောင်းအဆိုးများကို မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင်နေကြရပြီ။
စျေးကွက်စနစ်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား အင်အားနှစ်ရပ်သည် လွန်စွာအရေးကြီး၏။ ထိုအင်အားစုနှစ်ရပ်၏ အခြေအနေပေါ် မူတည်၍ စျေးကွက်သည် လှုပ်ရှားပြောင်းလဲရသည်။ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ထိန်းချုပ်မှုမှမရှိဘဲ စျေးကွက်အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရသောကြောင့် လွတ်လပ်သောစျေးကွက် စီးပွားရေးစနစ် (Free Market Economic System) ဟုလည်း ဆိုရမည်။
လွတ်လပ်သော လှုပ်ရှားမှုကို ပိုမိုသဘောကျ နှစ်သက်လာကြသည့် ယနေ့ ကမ္ဘာ့နိုင်ငံအများစုသည် စျေးကွက်အခြေခံသော စီးပွားရေးစနစ်ကို ၎င်းတို့နိုင်ငံ၊ ၎င်းတို့ လူအဖွဲ့အစည်းအခြေအနေများနှင့် လိုက်လျောညီထွေစွာ ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသည်။ စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေမြင့်၊ ဂုဏ်တင့်လာသောနိုင်ငံများ အများအပြား ပေါ်ထွက်လာခဲ့သောကြောင့် နိုင်ငံအတော်များများသည်လည်း အဆိုပါနိုင်ငံများကို အတုယူလျက် စျေးကွက်စနစ်လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ကြခြင်းဖြစ်သည်။ လက်တွေ့အခြေအနေများအရ စျေးကွက်စီးပွားရေးစနစ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေသည်မှာ ငြင်းခုံစရာမလိုသည့် အကြောင်းကိစ္စဖြစ်သည်။
■ စံပေတံသုံးချောင်း
စျေးကွက်စီးပွားရေးစနစ်ပီပြင်မှု၊ ထိရောက်မှု၊ စွမ်းဆောင်ရည်ရှိမှု အခြေအနေများ ဖြစ်၊မဖြစ် အခြေခံ စံပေတံသုံးချောင်းဖြင့် တိုင်းတာတတ်ကြသည်။
ထိုစံပေတံများမှာ စီးပွားရေးစနစ်အတွင်းရှိ နယ်ပယ်ကဏ္ဍစုံ၌ စွမ်းဆောင်ရည်မြင့်မားလာမှု၊ ဆွဲဆောင်မှုမက်လုံးများ ဖန်တီးလာနိုင်မှုနှင့် လွတ်လပ်စွာ လှုပ်ရှား လုပ်ကိုင် ဆောင်ရွက်နိုင်မှုတို့ဖြစ်သည်။
လုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားလာမှုဆိုသည်မှာ စီးပွားရေးအဆောက်အအုံအတွင်းရှိ လုပ်ငန်းများအကြား အပြိုင်အဆိုင်လုပ်ကိုင်နိုင်သည့် အခွင့်အရေးများရှိလာသောကြောင့် စီမံခန့်ခွဲမှု၊ ထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေမှုစသဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်လာခြင်း၊ ရလဒ်အပိုင်းတွင် အရည်အသွေးမြင့်မား၍ စျေးနှုန်းသက်သာသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်လာနိုင်ခြင်း စသည့် အခြေအနေတို့ကို ဆိုလိုသည်။
ထိုအခြေအနေများသည် တီထွင်ကြံဆမှုများကိုလည်း ဖြစ်ထွန်းစေနိုင်သဖြင့် နည်းပညာတိုးတက်မှုကိုပါ တွန်းအားပေးသကဲ့သို့ရှိသည်။
ဆွဲဆောင်မှုမက်လုံးများဖန်တီးနိုင်မှု ဆိုသည်မှာ ထုတ်လုပ်ရောင်းချသူနှင့် ဝယ်ယူစားသုံးသူ အင်အားစု နှစ်ဖက်စလုံးအတွက် ဆွဲဆောင်မှု များပြားလာစေခြင်းဖြစ်သည်။ စျေးကွက်အတွင်းရှိ များပြားလှသော ဝယ်ယူစားသုံးသူများ၏ လိုအင်ဆန္ဒများစွာက ထုတ်လုပ်ရောင်းချသူများကို ကုန်ပစ္စည်းအသစ်အဆန်းများ ထုတ်လုပ်လာစေရန် ဆွဲဆောင်နေသကဲသို့ စျေးကွက်အတွင်း တီထွင်ကြံဆထုတ်လုပ်ထားသောများ ပြားလှသည့် ကုန်ပစ္စည်းအသစ်အဆန်းများကလည်း ဝယ်ယူစားသုံးသူများကို ဆွဲဆောင်နိုင်သည့် အခြေအနေဖြစ်လာသည်။ ထို့ကြောင့် စွမ်းဆောင်ရည်ရှိသော စျေးကွက်စီးပွားရေးစနစ်သည် ထုတ်လုပ်သူများ အတွက်လည်းကောင်း၊ စားသုံးသူများအတွက်လည်းကောင်း ဆွဲဆောင်မှု မက်လုံးများ ဖန်တီးနိုင်သည့် အခြေခံအကြောင်းရင်းများ တည်ရှိရာဖြစ်နေသည်။
လွတ်လပ်စွာ လှုပ်ရှား၊ လုပ်ကိုင်၊ ဆောင်ရွက်နိုင်မှုသည်လည်း စျေးကွက်စနစ်ကို ကျင့်သုံးမှုတွင် အရေးပါသောအချက်တစ်ချက်ဖြစ် သည်။ အမှန်တကယ်လွတ်လပ်စွာလှုပ်ရှားလုပ်ကိုင်ဆောင်ရွက်နိုင်မှသာ စျေးကွက်အင်အားစုနှစ်ဖက်စလုံးသည် စွမ်းရည်ပြည့် လှုပ်ရှားနိုင်စွမ်းရှိလာမည်ဖြစ်ပြီး စျေးကွက်ယန္တရားသည်လည်း စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်မည်။ ထို့ကြောင့် စျေးကွက်စနစ်ကို ကျင့်သုံးသော အစိုးရတို့သည် စီးပွားရေးအဆောက်အအုံအတွင်းရှိ စီးပွားရေး လုပ်ငန်းကြီး၊ လတ်၊ ငယ်အားလုံး တရားမျှတမှုရှိသောဝန်းကျင်တွင် လွတ်လပ်စွာ ထုတ်လုပ်ရောင်းဝယ် ဖောက်ကားနိုင်စွမ်းရှိရေးအတွက် ပံပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်သည်။
ထိုအခြေအနေဖြစ်ပေါ်စေရန် တရားဥပဒေစိုးမိုးမှုရှိခြင်းသည် သော့ချက်ကျသော အကြောင်းတရားဖြစ်သည်ကိုလည်း သဘောပေါက်ရန်လိုသည်။ စျေးကွက်အတွင်း ပါဝင်လှုပ်ရှားနေသူများကို မည်သူတစ်ဦးတစ်ယောက်ကမျှ၊ မည်သည့် အဖွဲ့အစည်းကမျှ လမ်းညွှန်ထိန်းကျောင်းပေးစရာမလိုပေ။ စျေးကွက်အင်အားစုများ လွတ်လပ်စွာလှုပ်ရှားခွင့်ရှိလေလေ၊ စျေးကွက် စနစ်သည် ပီပြင်လေလေဖြစ်သည်။ စျေးကွက်အနေအထားမူ မမှန်ချိန်မှ လွဲ၍(အကြောင်းအမျိုးမျိုးကြောင့် စျေးကွက်မတည်ငြိမ်မှုဖြစ်နေချိန် လွဲ၍) အုပ်ချုပ်သူအစိုးရများအနေဖြင့် စျေးကွက်ယန္တရားလည်ပတ်မှုကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်။ စျေးကွက်ယန္တရား လည်ပတ်မှု လွယ်ကူချော့မွေ့စေရေးအတွက်သာဖြည့် ဆည်းပံ့ပိုးပေးရန် တာဝန်ရှိပေမည်။
■ အစိုးရ၏ စောင့်ရှောက်မှုနှင့် တာဝန်
စျေးကွက်စနစ်ထဲရှိ စီးပွားရေးလုပ်ဆောင်ချက်မှန်သမျှသည် စျေး ကွက်အင်အားစုနှစ်ရပ် ပြဋ္ဌာန်းပေးသော အချက်ပြစျေးနှုန်းပေါ် မူတည်၍ လှုပ်ရှား ပြောင်းလဲနေသည်ဖြစ်ရာ စျေးကွက်သည် အချိန်တိုင်းတွင် ရောင်းလိုအားနှင့် ဝယ်လိုအား အင်အားစုနှစ်ခုတို့၏ သဘောအတိုင်းသာ ဖြစ်နေလိမ့်မည်။ ထိုသို့ လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော်လည်း စျေးကွက်စီးပွားရေးယန္တရားသည် နိုင်ငံကိုတာဝန်အုပ်ချုပ်နေသည့် အစိုးရယန္တရားနှင့် ကင်းကင်းရှင်းရှင်းဖြစ်နေရ မည့်အခြေအနေ မဟုတ်ချေ။ စျေးကွက်အလေ့အထများကို ထိထိရောက်ရောက်၊ ပီပီပြင်ပြင်ကျင့်သုံးနိုင်ရေးအတွက် အသိပညာပေးခြင်း၊ လိုအပ်သော အင်စတီကျူးရှင်းများထူထောင်ပေးခြင်း၊ အခြားသော လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးခြင်းတို့ကို လုပ်ဆောင်ပေးကြရသည်။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် စျေးကွက်ယန္တရား လည်ပတ်မှုကို ထိခိုက်စေသော အခြေအနေများဖြစ်ပေါ်လာပါက စျေးကွက် ပြန်လည်လည်ပတ်မှုချော့မွေ့စေရေး အုပ်ချုပ်သူအစိုးရများက ဝင်ရောက် ထိန်းကျောင်းပေးကြရသည်။ စီးပွားရေးအင်အားနည်းေ သော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးရာ၌ စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအလိုက် အခြေအနေများနှင့် အလိုက်သင့်ဖြစ်စေရေး သတိထား ကျင့်သုံးသင့်သည်ဟုဆို ကြသည်။
အစိုးရကိုယ်တိုင် စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးနေသည့်တိုင် အများပြည်သူနှင့် သက်ဆိုင်သည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု နယ်ပယ်များ၌ အစိုးရကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့်ကဏ္ဍများ လည်းရှိသည်။ အခြေခံပညာရေး၊ အခြေခ ံကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးကဲ့သို့ အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှု ဖြည့်ဆည်းပေးခြင်းများကို များသောအားဖြင့် စျေး ကွက်ထဲတွင် ခွင့်ပြုပေးထားခြင်းမရှိဘဲ အစိုးရကိုယ်တိုင် ပါဝင်လုပ်ဆောင်ပေးတတ်သည်။ ထို့ကြောင့် အစိုးရများသည် စျေးကွက်ယန္တရား စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်ရေးကို အလေးထားရန်လိုသကဲ့သို့ စျေးကွက်အားနည်းချက်များရှိလာသည့်အချိန်တွင် လိုအပ်ချက်များ ဝင်ရောက်ဖြည့်ဆည်းပေးရေး၊ နိုင်ငံသားအားလုံးအတွက် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြည့်ဆည်းပေးရမည့်အခြေအနေတွင် ကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ပေသည်။
■ မနီးမဝေး မိတ်ဖက်
ယနေ့ကမ္ဘာပေါ်တွင် လုံးဝ လွတ်လပ်သော စျေးကွက်စနစ်မျိုးကို ကျင့်သုံးနေသည့် နိုင်ငံဟူ၍ မရှိပေ။ ရောစပ်စီးပွားရေးစနစ် (Mixed Economic system) ဟု ခေါ်သည့် အစိုးရပတ်သက်မှု တစ်စိတ်တစ်ပိုင်းပါဝင်သည့် စျေးကွက်စနစ်မျိုး ကျင့်သုံးနေကြသည်ကိုတွေ့ ရလိမ့်မည်။ ထို့ကြောင့် စီးပွားရေး စနစ်ကျင့်သုံးမှုတွင် အစိုးရနှင့် စျေးကွက် ယန္တရားတို့သည် အဝေးဆုံးနေရာ တစ်နေရာစီ၌ တသီးတခြား တည်ရှိနေကြသည်မဟုတ်ဘဲ မနီးမဝေးအခြေအနေတစ်ရပ်တွင် အတူတည်ရှိနေသည်ဟု မှတ်ယူရပေမည်။
အစိုးရသည် စျေးကွက်ကို ဆန့် ကျင်ဘက်သဘောမထားဘဲ မိတ်ဘက်အဖြစ် သဘောထားရမည်။ စျေးကွက်ယန္တရား လည်ပတ်လှုပ်ရှားမှုကို ဟန်ချက်ပျက်စေနိုင်သောအခြေအနေများကို စောင့်ကြည့် လေ့လာနေရမည်။ လိုအပ်သည့်အခါ ဝင်ရောက်ထိန်းကျောင်း ပေးရမည်။ ထိုအခြေအနေများမှ လွဲ၍ အခြားသော ရည်ရွယ်ချက်များဖြင့် စျေးကွက်အတွင်း ဝင်ရောက် စွက်ဖက်မှုမျိုး မပြုလုပ်သင့်ပေ။ ထိုသို့ပြုမူခဲ့သည်ရှိသော် အကျိုးမများ သောကပွားရုံ သက်သက်သာ ဖြစ်လိမ့်မည်။ စျေးကွက်ယန္တရားကို ဟန့်တားနှောင့်ယှက်သည်ဟုလည်း ထင်မြင်ကြပေလိမ့်မည်။










