လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘန်ကောက်တွင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ မန်ယူအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းကို လက်ခံရမည်ဖြစ်ပြီး ယင်းပွဲမှာ မိမိတို့အသင်းအတွက် စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဇူလိုင် (၁၂)ရက်က ကစားခဲ့သည့် ခြေစမ်းပွဲတွင် မန်ယူအသင်းကို (ဝ-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ကလော့ပ်သည် ယင်းပွဲတွင် ကစားသမား (၃၁) ဦးအထိ အသုံးပြုခဲ့ကြောင်း သိရသည်။
ကလော့ပ်က "ရလဒ်ကတော့ အတော်လေးဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်ခံရမှာပါ။ ဒါပေမဲ့ မန်ယူနဲ့ပွဲမှာ ကျွန်တော်တို့အသင်း ဂိုးရခဲ့သင့်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ဂိုးတွေအလွယ်တကူပေးခဲ့ရပြီး ရိုးသားစွာပြောရမယ်ဆိုရင် အဲဒီ အတွက် ကျွန်တော်တို့ ဂိုးဖန်တီးမှုတောင်ရသင့်တာပါ။ မန်ယူအသင်းက သူတို့ရတဲ့အခွင့်အရေးတွေကို အသုံးချသွားသလို၊ ကျွန်တော်တို့ကိုလည်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲက ကျွန်တော်တို့အတွက် စောလွန်းနေပါသေးတယ်။ ကစားသမားတချို့ဆိုရင် လေ့ကျင့်ရေးလုံလောက်မှု မရှိခဲ့ပါဘူး။ ဘောလုံးမှာ အမှားတွေဖြစ်တတ်ပါတယ်။ ပွဲပြီးခါနီးမှာ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့တာတော့ မှားတာပေါ့" ဟု ပြောကြားခဲ့သည်။















