■ အာဆင်နယ်သို့ ဂျေးဇူး ပြောင်းရွှေ့ချင်သည့်ဆန္ဒနှင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် စတာလင် စိတ်ဝင်စားနေခြင်းကို နားလည်သည်ဟု ဂွါဒီယိုုလာ ဆို     

■ အာဆင်နယ်သို့ ဂျေးဇူး ပြောင်းရွှေ့ချင်သည့်ဆန္ဒနှင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် စတာလင် စိတ်ဝင်စားနေခြင်းကို နားလည်သည်ဟု ဂွါဒီယိုုလာ ဆို     
Photo: Getty Images
Photo: Getty Images
Published 1 July 2022

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုုလာက အသင်း၏ အဓိက ကစားသမားများ ထွက်ခွာချင်နေကြခြင်းအပေါ်  မိမိအနေဖြင့် နားလည်နိုင်သည်ဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဇူးသည် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး တောင်ပံတိုက်စစ်ကစားသမား စတာလင်မှာလည်း ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့လိုနေရာ ဂွါဒီယိုလာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    

လက်ရှိအချိန်တွင် ယင်းကစားသမားများအပြင် မန်စီးတီးအသင်းမှ အခြားကစားသမားများဖြစ်သည့် ဇင်ချန်ကို၊ ဘာနာဒိုဆေးလ်ဗား၊ နာသန်အကီစသည့် ကစားသမားများကလည်း အသင်းမှ ထွက်ခွာလိုနေကြသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ 

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဂွါဒီယိုလာက "ဘောလုံးအသင်းတစ်သင်းကို နည်းပြ လုပ်ရတဲ့အထဲမှာ အရမ်းကို စိတ်ရှုပ်ထွေးစရာ အကောင်းဆုုံးအချက်ကတော့ ပုံမှန်ကစားခွင့်မရတဲ့ ကစားသမားတွေကို အသင်းမှာ ပျော်အောင်ထားရခြင်းပဲ။ ဒီ အတွက် အဖြေလည်း မရှိဘူး။ ဒါကြောင့်လည်း ကစားသမားကောင်းတွေက အသင်းကနေ ထွက်ခွာချင်ကြတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း ပွဲကစားခွင့်ရချင်တာကိုး။ စာချုပ်ရှိနေတာအတွက်နဲ့တော့ အသင်းမှာ ကစားခွင့်မရတဲ့ ကစားသမားတွေကို ကျွန်တော် ပျော်အောင် မထားနိုင်ပါဘူး။ ကျွန်တော့်ကစားသမားတွေကို မင်းတို့ ပျော်နေတာကို မြင်ချင်တယ်လို့ ကျွန်တော် အမြဲတမ်း ပြောပါတယ်။ ကျွန်တော်တို့က တစ်ဦးနဲ့တစ်ဦး ကာလအကြာကြီး သိနေကြတဲ့ အနီးကပ်နေထိုင်နေကြသူတွေပါ။ ဒါကြောင့် အသင်းမှာ မပျော်ရွှင်တော့ဘူးလို့ ခံစားရရင် အသင်းက ထွက်ဖို့ စဉ်းစားလို့ပဲ ပြောဖြစ်တယ်။ ကစားသမားတစ်ဦးဟာ ပုံမှန်ကစားခွင့်မရတော့ဘူးဆိုရင် နည်းပြက သူ့ကို မချစ်တော့ဘူး၊ သဘောမကျတော့ဘူးလို့ ခံစားရလေ့ရှိတယ်။ ဒါဟာ အရမ်းလည်း ခက်ခဲပါတယ်။ ကျွန်တော်တို့ လုပ်သမျှ အရာတွေအားလုံးက အချစ်ခံရဖို့ပဲ လုပ်နေကြတာကိုး"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    

ဂါဘရီယဲလ်ဂျေးဇူးသည် မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ချိန်ကတည်းက အသင်း၏ အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်များနှင့် ကင်းဝေးခဲ့သူဖြစ်သည်။ 

သူသည် မန်စီးတီးအသင်းထံသို့ ရောက်လာချိန်က အဂွဲရိုး၏ အရန်ကစားသမားသာ ဖြစ်ခဲ့သလို၊ အဂွဲရိုးမရှိတော့ချိန်တွင်လည်း ဂွါဒီယိုလာက နည်းဗျူဟာ ပြောင်းလဲကစားခဲ့ခြင်းကြောင့် ပုံမှန်နေရာမရရှိခဲ့ဘဲ ယခုအချိန်တွင် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။ စတာလင်မှာလည်း မန်စီးတီးအသင်း၏ အဓိက ကစားသမားဖြစ်ခဲ့သော်လည်း ပုံမှန်နေရာ ပျောက်ဆုံးလာရာ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လိုနေခြင်းဖြစ်သည်။ 

Most Read

Most Recent