စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဘိုတဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်နှင့် ၎င်း၏ညီမဖြစ်သူ ဒေါ်ကေဇာခိုင်တို့သည် ဇွန် ၆ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဇွန် ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်မိုးမိုးခိုင် (ဘ) ဦးအေးနှင့် ၄င်း၏ညီမဖြစ်သူ ဒေါ်ကေဇာခိုင်တို့သည် နေအိမ်၌ရှိစဉ် PDF များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမတိုတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ဇွန် ၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် ဥသျှစ်ကြီးကျေးရွာနေ ဆားတောင်အခြေခံပညာအထက်ကျောင်းမှာ စာရေးဖြစ်သူ ဒေါ်နိုင်နိုင်မော်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF များက လာရောက်၍ ကျေးရွာ၏တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
ထို့အတူ ဇွန် ၆ ရက်နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ၊ နောင်ပါခါးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း PDF များက မိုင်းထောင်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျောင်းဝန်းတံခါးအနီး ကျောပိုးအိပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးနှင့် ကျောင်းဆောင်အောက်ခြေလှေကား အနီးမှ လက်လုပ်မိုင်းတစ်လုံးတို့အား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ထို့ပြင် မုံရွာမြိုနယ်၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်းအနီးသို့ ဇွန် ၇ ရက် နံနက် ၁၀ နာရီခန့်တွင် PDF အများက မိုင်းဖောက်ခွဲခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။















