YBS ၄၂ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး ရွှေပြည်သာမြို့နယ် ဘုန်းကြီးကျောင်းမှတ်တိုင်အနီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

YBS ၄၂ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး ရွှေပြည်သာမြို့နယ် ဘုန်းကြီးကျောင်းမှတ်တိုင်အနီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 6 June 2022

YBS ၄၂ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးသည်ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်း၊ ဘုန်းကြီးကျောင်းမှတ်တိုင်အနီးတွင် ဇွန် ၆ ရက်၊ နေ့လယ် ၁ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

YBS ၄၂ ခရီးသည်တင်ယာဉ်၏ အနောက်ခြမ်းမှ မီးခိုးများ ထွက်လာကာ အင်ဂျင်စက်ခန်းထဲတွင် စတင်မီးလောင်ကျွမ်းခဲ့ပြီး အနီးရှိ ပြည်သူများက အရေးပေါ်မီးသတ်ဆေးဘူးများ၊ရေများ၊သဲများဖြင့် ဖြန်းကာ မီးငြှိမ်းသတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောကြားခဲ့သည်။

YBS ယာဉ်မီးလောင်မှုအား တွေ့မြင်ခဲ့ရသူတစ်ဦးက " ၄၂ ကားက ဘုန်းကြီးကျောင်းမှတ်တိုင်နားမှာ ရပ်ထားတုန်း အနောက်က မီးခိုးလုံးတွေ ထွက်လာတယ်။ ကားပေါ်ကနေ ခရီးသည်တချို့လည်းပါတော့ သူတို့လည်းဆင်းပြေးလာတွေ့လိုက်တယ်။ ပြီးတော့ အကုန်ဝိုင်းငြှိမ်းကြတယ်။ ၅ မိနစ်လောက်ကြာတော့ မီးသတ်ကရောက်လာတယ် " ဟု ပြောကြားခဲ့သည်။

မီးလောင်မှုစတင်ဖြစ်ပွားသည်နှင့် YBS ယာဉ်ပေါ်ပါခရီးသည်များ အောက်သို့ဆင်းပြေးကြပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

YBS ၄၂ ခရီးသည်တင်ယာဉ်သည် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊သင်္ဃန်းကျွန်းတို့ကို ဖြတ်သန်းပြေးဆွဲကာ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းတွင် ဂိတ်ဆုံးကြောင်းသိရသည်။

 

Most Read

Most Recent