ရန်ကုန်မြို့ကောင်းကင်တွင် ဇွန်လ၏ မိုးသားများက အုံ့ဆိုင်းမှုန် မှိုင်း၍ ရွာတစ်လှည့် တိတ်တစ်လှည့်ဖြင့် မြို့နေလူထုကို ကျီစားလို့နေ သည်။
မိုးထဲရေထဲတွင် လူများက ရောင်စုံထီးကိုယ်စီဖြင့် သွားလာလှုပ်ရှားလို့ နေ၏။ ထိုသို့ သွားလာလှုပ်ရှားနေသည့် လူများထဲတွင် အဖြူအစိမ်း ဆင်တူ ဝတ်ဆင်ထားသည့် ကျောင်းသူကျောင်းသား ကလေးငယ်များကိုလည်း တွေ့ရသည်။
ထိုမြင်ကွင်းမှာ ရန်ကုန်မြို့အတွင်းရှိ ကျောင်းတစ်ကျောင်းရှေ့မှ မြင်ကွင်းလည်း ဖြစ်သည်။ အဆိုပါ ကျောင်းရှေ့တွင် ကျောင်းသား ကျောင်းသူများနှင့် မိဘများက မိုး ထဲရေထဲတွင် ရောင်စုံထီးကိုယ်စီဖြင့် လှုပ်ရှားသွားလာနေကြသည်။
ကျောင်းချိန်မှာ နှစ်ချိန်ကျောင်း ဖြစ်သည့်အတွက် ကျောင်းဆင်း၊ ကျောင်းတက်ချိန်ဖြစ်သောကြောင့် ကျောင်းရှေ့တွင်ယခုကဲ့သို့ ရှုပ်ယှက်ခတ်နေခြင်းလည်း ဖြစ်သည်။
ကျောင်းဆင်းလာသော ကျောင်းသားကျောင်းသူများကို ၎င်းတို့၏မိဘများက ခပ်သုတ်သုတ်ကြိုသွားကြသလို ကျောင်းလာပို့သည့် မိဘများကလည်း ၎င်းတို့၏ကလေးများကို မြန်မြန်ဆန်ဆန် ကျောင်းသို့ပို့နေသည်ကို တွေ့ရသည်။
ကျောင်းရှေ့တွင် ခပ်သုတ်သုတ်သွားလာနေကြသည့် မိဘများ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုမကင်းသည့် အရိပ်အယောင်အချို့ကို တွေ့ရ သည်။ မူလတန်းအရွယ် ကျောင်းသူ ကျောင်းသား ကလေးငယ်အချို့၏ မိဘများက ကျောင်းတက်ခေါင်းလောင်း မတီးမချင်း ကျောင်းရှေ့တွင် ရပ်စောင့်ပြီး ကျောင်းထဲမှ ၎င်းတို့၏ ကလေးများကို စောင့်ကြည့်နေသည်။
“ကြောက်တော့ ကြောက်တာပေါ့နော်။ ဒါပေမဲ့လည်း တခြားမိဘတွေလည်း ကျောင်းအပ်ကြတော့ ကိုယ်လည်း အပ်လိုက်တာ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျောင်းသား မိဘများ၏ စိတ်ထဲ၌ ကျန်းမာရေးအခြေအနေအရ သော်လည်းကောင်း၊ နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း ကျောင်းထားခြင်း မထားခြင်းကိစ္စမှာ ၀ိရောဓိဖြစ်နေခဲ့သည်။
ကမ္ဘာ့ကပ်ဆိုးရောဂါဖြစ်သည့် ကိုဗစ်ကြောင့် ကျောင်းထားရန် မဝံ့မရဲကြသလို နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက် ကျောင်းတက်ခြင်း မတက်ခြင်း အငြင်းပွားမှုများကြောင့်လည်း ကလေးများကို ကျောင်းထားရန် စိုးရိမ်စိတ်များ ရှိခဲ့သည်။
တစ်ဖက်တွင် နစက,က ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်ကြရန် ဆော်သြမှုများရှိခဲ့ပြီး တစ်ဖက်တွင်လည်း စစ်ကျွန်ပညာရေးဖြစ်သည့်အတွက် ကျောင်းမတက်ကြရန် လှုံ့ဆော်မှုများ ရှိခဲ့သည်။
ထိုသို့သော အခြေအနေတွင် ကိုယ့်ကလေးကို ကျောင်းထားခြင်း မထားခြင်းကိစ္စမှာ မိဘများအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့သည်။
ကျောင်းထားမည်ဆိုလျှင် ကျန်းမာရေးအခြေအနေနှင့် လုံခြုံရေး အခြေအနေအရ စိုးရိမ်မှုများရှိပြီး ကျောင်းမထားဖြစ်ပါက ပညာရေး၌ မိမိကလေး နောက်ကျကျန်ရစ်ရမည့် အရေးက မိဘများအကြား ဗျာများလို့ နေသည်။
“ကျောင်းထားပြန်တော့လည်း ကိုဗစ်နဲ့ လုံခြုံရေးကြောင့် စိုးရိမ်ရတယ်။ ကျောင်းမထားပြန်တော့လည်း ကိုယ့်ကလေး နစ်နာမှာကို စိုးရိမ်ရတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်က တစ်နိုင်ငံလုံး၌ ကျောင်းများ ပိတ်ခဲ့ရသလို နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ကျောင်းပြန်ဖွင့်သော်လည်း ကျောင်းမတက်လိုက်ရသည့် ကလေးငယ်များလည်း ရှိနေသည်။ ထို့ကြောင့် ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်း အလဲကာလကို ဖြတ်ခဲ့ရသည့် ကလေးငယ်များမှာ အသက်ကြီး၍ အတန်းငယ်နေကြရသည်။
“ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်တော့ တစ်နှစ်အောက်သွားတယ်။ နောက်နိုင်ငံရေးဖြစ်တော့ ကျောင်းမအပ်တဲ့အတွက် တစ်နှစ် ထပ်အောက်တယ်။ ကိုယ့်ကလေးက အသက်ကြီးပြီး အတန်းက ငယ်နေတာကြောင့် ဒီနှစ်တော့ ကျောင်းပြန်အပ်ပြီး ထားလိုက်တာ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကိုဗစ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်း အလဲကြောင့် ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းမတက်နိုင်သည့် ကလေးအရေအတွက် နှစ်ဆ တိုးသွားပြီး အချို့ဒေသများတွင် ကျောင်းအပ်နှံမှု ရာခိုင်နှုန်း ၈၀ အထိ လျော့ကျခဲ့ကြောင်း အဖွဲ့က ဇွန် ၁ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိတွင် ကလေးသူငယ် ၇ ဒသမ ၈ သန်းခန့် ကျောင်းပြင်ပသို့ ရောက်နေကြောင်းကိုလည်း Save the Children အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဇွန် ၂ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းများတွင် မေ၂၆ ရက်မှ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ၅၆ သိန်းကျော်ရှိကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅,၆၀၉,၆၇၆ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနက ဆိုသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံမှုတွင် ဧရာဝတီတိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူဦးရေ ကိုးသိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကမူ စာရင်းရှိထက် ကျောင်းသား ကျောင်းသူဦးရေ နှစ်သောင်း ကျော်သာ ကျောင်းအပ်နှံသဖြင့် ကျောင်း အပ်နှံမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော်တွင် ဇွန် ၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ကျောင်းအပ်နှံမှု အခြေအနေများနှင့်ပတ်သက်၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက် မှစတင်၍ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ဦးရေ ၅၆ သိန်းကျော်ရှိကာ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းသား ကျောင်းသူ ၉၁၇,၇၂၇ ဦး ကျောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။
“ဧရာဝတီတိုင်းဒေသကြီးမှာ တော့ ယခင်နှစ်က ၈၃၃,၀၀၀ ကျော် ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ၉၁၇,၀၀၀ ကျော်ဖြစ်ပြီး ၁၁၀ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကျောင်းအပ်နှံမှု အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ၉၁၇ç၇၂၇ ဦးနဲ့ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာတော့ အနည်းဆုံးဖြစ်ပြီးတော့ ၂၂၀၀၀ ကျော်သာ ကျောင်းအပ်နှံထားကြောင်း တွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တိုင်းဒေသကြီး/ပြည်နယ်အ လိုက် ကျောင်းအပ်နှံမှုစာရင်းအရ ကချင်ပြည်နယ်တွင် ၁၈၇,၀၀၀၊ ကယားပြည်နယ်တွင် ၁၂,၂၂၄ ဦး၊ က ရင်ပြည်နယ်တွင် ၂၁၁,၀၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၂၂,၀၄၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃၈,၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် ၃၅၅,ဝဝဝကျော်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၉,၆၀၀၀ ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးမှာ ၉၁၇,၇၂၇ ဦး ကျော်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမှာမူ ကျောင်းအပ်နှံသူ ၆၉၆,၀၀၀ ကျော် ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေတွင်လည်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ မူလတန်းအဆင့်တွင် ၄၇,၂၂၀၊ အလယ်တန်းအဆင့်တွင် ၁၆,၉၈၄ ဦးနှင့် အထက်တန်းအဆင့်တွင် ၆,၁၇၆ ဦး စုစုပေါင်း ၇၀,၃၈၀ ကျောင်းအပ်နှံခဲ့သည်။
အခြေခံပညာကျောင်းများ အန္တရာယ်ကင်းကင်းဖြင့် ဖွင့်လှစ်နိုင်ရေး တပ်မတော်၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းများ အပါအဝင် ပြည်သူလူထု ပါဝင်သောစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အ ခြေခံပညာကျောင်းများ အန္တရာယ်ကင်းကင်းဖြင့် ဖွင့်လှစ်နိုင်ရေး တပ်မတော်၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းများ အပါအဝင် ပြည်သူလူထု ပါဝင်သောစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားသော်လည်း ကျောင်းသားမိဘများအတွက်မူ ရတက်မအေးနိုင်သည့် အခြေအနေများက ရှိနေသည်။
အကြောင်းမှာ အခြားမဟုတ်။ ပြီးခဲ့သည့် ပညာသင်နှစ်တွင် မိုင်းထောင် မိုင်းခွဲ မီးရှို့ဖျက်ဆီးမှုကြောင့် စာသင်ကျောင်း ၅၀၄ ကျောင်း ပျက်စီးခဲ့ပြီး ဆရာ ဆရာမ ၃၇ ဦး သေဆုံးခဲ့သည့် အချက်အလက်များကြောင့်ပင် ဖြစ်သည်။
တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် နှစ်ရက်အလိုတွင် ရှမ်းပြည်မြောက်ပိုင်း နောက်ချို မြို့၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် ကျောင်းသားမိဘများအကြား အထိတ်တလန့် ဖြစ်ခဲ့ရသည်။
၂၀၂၂ ခုနှစ် မေ ၃၁ ရက်တွင် နောင်ချိုမြို့ မြို့နယ်ပညာရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည်။ ယင်း ပေါက်ကွဲမှုကြောင့် အခြေခံပညာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းအုပ်၊ ဆရာဆရာမ ခြောက်ဦးနှင့် အရပ်သားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့သည့် နောင်ချိုမြို့ ပညာရေးမှူးဖြစ်စဉ်ကြောင့် ကျောင်းသားမိဘများအနေဖြင့် မိမိတို့ကလေးကို ကျောင်းထားရန် သင့် မသင့် ဝေခွဲမရ ဖြစ်ခဲ့သည်။
လက်ရှိတွင် အုပ်ချုပ်သူနှင့် တော်လှန်သူ လူတန်းစားနှစ်ရပ်အကြား ကျောင်းတက်ခြင်း၊ မတက်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး အပြန်အလှန် လှုံ့ဆော်ပြောကြားမှုများ ရှိနေသလို အွန်လိုင်းပေါ်တွင် ခြိမ်းခြောက်ရေးသားမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့်နှစ်အတွင်း စာသင်ကျောင်းများ၊ ဆရာ ဆရာမများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များကြောင့် ကျောင်းသားအများစုမှာ ကျောင်းမတက်ရဲခြင်းဖြစ်ပြီး အချို့ဒေသများတွင် ကျောင်းအဆောက်အအုံများ မရှိခြင်းကြောင့်လည်း ဖြစ်ကြောင်း Save the Children အဖွဲ့က ဇွန် ၁ ရက်တွင် ထုတ်ပြန်သည်။
စာသင်ကျောင်း ပြင်ပရောက်နေသည့် ကလေးငယ်များ ကျောင်းပြန်တက်နိုင်ရန် မလုပ်ပေးနိုင်ပါက အဓမ္မ လုပ်အားပေးခိုင်းစေမှု အပါအဝင် ငယ်ရွယ်သည့်အချိန်တွင် အိမ်ထောင်ကျသွားသည်အထိ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများ လုံးဝရပ်တန့်ရန် Save the Children အဖွဲ့က တောင်းဆိုထားသည်။
“ကျောင်းတွေဖွင့်လှစ်တဲ့အခါမှာ ကျောင်းသား ကျောင်းသူ လူငယ်များကို ပညာသင်နှစ်တစ်ခု အောင်မြင်စွာ ပြီးဆုံး ပညာသင်ကြားနိုင်ဖို့၊ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေး မိဘပြည်သူတစ်ရပ်လုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။










