ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
မေ ၃၀ ရက်က နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
မေ ၃၀ ရက်က နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
Published 5 June 2022
ရဲကျော်စွာ

ရှေးခေတ်က မြန်မာဘုရင့် အင်ပါယာများနှင့် မြန်မာအမျိုးသား ဘုရင့်နိုင်ငံတော်များသည်  အခြားသော အာရှနိုင်ငံများနည်းတူ သက်ဆိုင်ရာခေတ်များအလိုက် လက်အောက်ခံ  နယ်စားပယ်စားများ၊ ပဒေသရာဇ်မင်းများကို မိမိဒေသအလိုက် ရိုးရာနှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ အခွင့်အာဏာများ ပေးအပ်ထားခဲ့သည်။

တိုင်းရင်းသား လူမျိုးစုအသီးသီးထံမှ ပဒေသရာဇ်မင်းများ၊ နယ်စားပယ်စားများနှင့် လူမျိုးစု ရိုးရာ အကြီးအကဲများကလည်း ယင်းအခွင့်အရေးများကို ဗမာလူမျိုး ပဒေသရာဇ်မင်းများနှင့် တန်းတူ အခွင့် အရေးများ ရရှိခဲ့သည်။ ယင်းစနစ်ဟောင်းကို “ ပဒေသရာဇ် ဖက်ဒ ရယ် စနစ်” (Feudal Federalism) ဟု ခေါ်သည်။

ပါလီမန်ခေတ် မြန်မာနိုင်ငံ

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိလာပြီးနောက် မြန်မာနိုင်ငံကို “သမ္မတနိုင်ငံ”  (Republic) တစ်ခု အဖြစ် စတင် ထူထောင်ခဲ့သော်လည်း ထိုအချိန်က ဗြိတိသျှအင်ပါယာ၏ အခြားကိုလိုနီဟောင်းများ ဖြစ်ကြသော အိန္ဒိယနှင့်  ပါကစ္စတန်တို့ကဲ့သို့ပင်  မြန်မာနိုင်ငံအတွင်း  စော်ဘွား၊ စော်ကဲ၊ ဒူဝါ၊ နယ်စား၊ တောစား၊ တောင်စား ပဒေသရာဇ် များသည် တိုင်းရင်းသား လူနည်းစု လူမျိုးစုများ၏ ဒေသများဖြစ်ကြ သော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ နာဂ နှင့် ရှမ်း ဒေသများ အပါအဝင် “မြန်မာနယ်ခြားဒေသများ” (Frontiers Burma) ( ခေါ် ) တောင်တန်း ဒေသများတွင် လူမျိုးစု ပဒေသရာဇ်များအဖြစ် တရားဝင် ကျန်ရှိနေခဲ့ကြ သည်။

ထိုအချိန်က “ပြည်မ မြေပြန့် ဒေသ” (Proper Burma) ဖြစ်သော ရခိုင်၊ တနင်္သာရီ၊  မွန်၊ အထက်မြန်မာ ပြည်နှင့် အောက်မြန်မာပြည် ဒေသ များတွင် ဗြိတိသျှတို့က ဖျက်သိမ်း ထားခဲ့သောကြောင့် ပဒေသရာဇ် အုပ်ချုပ်ရေး စနစ် မကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ်မှ ၁၉၆၂  ခုနှစ်အ ထိ ပါလီမန်ခေတ်အတွင်း ရှမ်း၊ ကရင်နီနှင့် ကချင်ဒေသများရှိ တိုးတက်သော တိုင်းရင်းသား လူမျိုးစု ပညာတတ်များသည် မိမိတို့ သမိုင်း ခေတ်အရ ကြုံတွေ့နေရသော လက်ကျန် ပဒေသရာဇ်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရန်နှင့် မြန်မာပြည် ထောင်စုကို “စစ်မှန်သော သမ္မတ နိုင်ငံ” (Genuine Republic) တစ်ခု အဖြစ်သို့ ပြောင်းလဲ ထူထောင်ရေးကိုသာလျှင် ဦးစွာ အဓိကထားခဲ့ရသည်။

အခြားသော အရေးများဖြစ်သော ဒီမိုကရေစီအရေး၊ ဆိုရှယ်လစ်အရေး၊ ဖက်ဒရယ်အရေးစသည်များကို ထိုဒေသများရှိ တိုးတက်သော တိုင်းရင်းသား လူမျိုးစု ပညာတတ်များက ကနဦးအဆင့်တွင် ဦးစား မပေးနိုင်ခဲ့ကြပါ။

အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံများတွင်လည်း လက်ကျန်ပဒေသရာဇ် များနှင့် ပဒေသရာဇ်စနစ်ကို ဗဟိုအစိုးရများက ပါးနပ် သတိကြီးစွာဖြင့် တစ်ဆင့်ချင်း ကိုင်တွယ်ခဲ့ကြပြီး  တစ်ဆင့်ချင်း ဖျက်သိမ်းကာ “သမ္မတ နိုင်ငံ စစ်စစ်များ” ကို ပြောင်းလဲထူထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၌  ၁၉၅၈ - ၁၉၆၀  အိမ်စောင့်အစိုးရ လက်ထက်တွင် ရှမ်းနယ်များတွင် ပဒေသရာဇ်စနစ်ကို စတင်ဖျက်သိမ်းပစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဆိုရှယ်လစ်စနစ်ကို အစပျိုးချိန်တွင် လက်ကျန် ပဒေသရာဇ်စနစ်ကို အပြီးတိုင်ဖျက်သိမ်းခဲ့သည်။

ခွဲထွက်ရေးစစ်ပွဲများ

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရခါစတွင် အိန္ဒိယတိုက်ငယ်နှင့် မြန်မာပြည်ထောင်စုကို လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ခဲ့သော ဗြိတိသျှ အလုပ်သမားပါတီအစိုးရကို မကျေမနပ် ဖြစ်နေသော ဗြိတိသျှ အင်ပါယာ၏ ကိုလိုနီအုပ်ချုပ်ရေး ဗျူရိုကရေစီ စက်ယန္တရားအဆင့်ဆင့်မှ အင်္ဂလိပ်လူမျိုး လက်ယာစွန်း ကွန်ဆာဗေးတစ် ရှေးရိုးစွဲဝါဒီ စစ်ဘက်၊ နယ်ဘက်အရာရှိများ၏ စနစ်တကျ အားပေးကူညီထောက်ပံ့မှုများကြောင့် မြန်မာပြည်ထောင်စုအတွင်း လူမျိုးရေး လူနည်းစု အချို့၏ “မအောင်မြင်သော ခွဲထွက်ရေး စစ်ပွဲများ” (Failed Separatist) ဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင် ယင်း “လက်နက်ကိုင် လှုပ်ရှားမှုများ” (Armed Movements) မှာ ပထမ စစ်အေး ခေတ်အတွင်း  ပြည်တွင်းပြည်ပမှ ကွန်မြူနစ်နှင့် ကွန်မြူနစ် ဆန့်ကျင်ရေး အင်အားစုများ၏ အပြိုင်အဆိုင် စည်းရုံးသိမ်းသွင်းမှုများကြောင့် “ခွဲထွက်ရေး” (Separation) ဆိုသော ကြွေးကြော်သံကို တဖြည်းဖြည်း လျှော့ချလာခဲ့ပြီး ယင်းအစား “ကိုယ်ပိုင်အုပ်ချုပ်ရေး” (Autonomy)၊ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး”  (Right to Self- Determination) နှင့်  “ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး “(Federalization) အစရှိသော တောင်းဆိုချက်များဖြင့် တဖြည်းဖြည်း ပြောင်းလဲ အစားထိုး လာခဲ့ကြသည်။

ပြုပြင်ပြောင်းလဲရေးကာလ ၂၀၁၂-၂၀၁၅

၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းပြီးနောက်  သမ္မတ ဦးသိန်းစိန်၏ USDP အစိုးရလက်ထက်တွင် “ဖက်ဒရယ်စနစ်” (Federalism) ကို ထောက်ခံ လျှောက်လဲချက် ပေးခြင်းများအား မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ရေးသားဖော်ပြခွင့်၊ ဆွေးနွေးဟောပြောခွင့်နှင့် စည်းရုံး လှုပ်ရှားခွင့်များ ပြန်လည်ရရှိစေခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ချုပ်ဆိုသော “နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်” (NCA) အပါအဝင် သက်ဆိုင်သူများအကြား သဘောတူညီချက်များတွင်  အနာဂတ်မြန်မာနိုင်ငံကို “ဖက်ဒရယ် ပြည်ထောင်စုစနစ်”  (Federal Union System) ဖြင့် ပြန်လည်ဖွဲ့စည်းရေးအတွက် “နိုင်ငံရေး ဆွေးနွေးပွဲများ” (Political Dialogues) ဆက်လက်ပြုလုပ်ရန် လမ်းပွင့်သွား စေခဲ့သည်။

ဖက်ဒရယ်စနစ်တည်ဆောက်ခြင်း အမျိုးအစားများ

“ဖက်ဒရယ်စနစ်တည်ဆောက်ရေး” (Federalization) သည်  “ဖွဲ့စည်းမှုပုံစံ လုပ်ငန်းစဉ် (Structural Process) အရ အခြေခံအားဖြင့် နှစ်မျိုး နှစ်စား ရှိသည် ။ ယင်းတို့မှာ -

၁ ။ “ပေါင်းစည်းသော ဖက်ဒရယ် တည်ဆောက်မှု” (Integrative Federalization) နှင့်

၂ ။ “ပေါင်းစည်းမှု မဟုတ်သော ဖက်ဒရယ် တည်ဆောက်မှု” (Non-Integrative/Dis-Integrative Federalization) နှစ်မျိုးပင်ဖြစ်သည်။

ပထမအမျိုးအစား “ပေါင်းစည်းသော ဖက်ဒရယ် တည်ဆောက်မှု” (Integrative Federalization) ဆိုသည်မှာ သီးခြားစီ တည်ရှိနေသော  ‘အချုပ်အချာ အာဏာပိုင်နိုင်ငံများ’  (Sovereign States) ကို စုစည်း၍ တစ်ခုတည်းသော ‘ဖက်ဒရယ်နိုင်ငံတော်’  (Federal State) ကို အသစ် စုစည်းတည်ဆောက်ခြင်း ဖြစ်သည် ။

ဥပမာအားဖြင့် - ရှေးဟောင်းခေတ်တွင် သီးခြားစီ တည်ရှိနေသော ဂရိမြို့ပြနိုင်ငံများကို စုစည်း၍ တစ်ခုတည်းသော ဂရိ ပြည်ထောင်စုကို စုစည်းခြင်းနှင့် အလယ်ခေတ်နှောင်းပိုင်းတွင် သီးခြားစီတည်ရှိနေသော ဂျာမန် ပဒေသရာဇ် ထီးပြိုင်နန်းပြိုင် နိုင်ငံငယ်များကို စုစည်း၍တစ်ခုတည်းသော ဂျာမန်အင်ပါယာကို ဖက်ဒရယ်စနစ်အပေါ် အခြေခံ၍ အင်ပါယာတည်ဆောက်ခြင်းတို့ ဖြစ်သည် ။ 

ဒုတိယအမျိုးအစား “ပေါင်းစည်းမှု မဟုတ်သော ဖက်ဒရယ် တည်ဆောက်မှု”  (Non – Integrative Federalization) ဆိုသည်မှာ ရှိရင်းစွဲ  ဗဟိုတစ်ခုတည်းမှ တစည်း တလုံးတည်း စုစည်းထိန်းချုပ်ထား သော ‘တစ်ပြည်ထောင် နိုင်ငံ’ (Unitary State) ကို ‘ဖက်ဒရယ်နိုင်ငံ’  (Federal State) သို့မဟုတ် ‘ဖက်ဒရယ် ပြည်ထောင်စု’ (Federal Union) အဖြစ် ပြန်လည်ပြင်ဆင် ပြောင်းလဲဖွဲ့စည်းခြင်း ဖြစ်သည်။

ယင်း ဒုတိယ အမျိုးအစားတွင် “ဗဟို စုစည်းမှုလျှော့ချခြင်း” (De-centralization) နှင့် ”ဗဟိုမှ အာဏာများကို အောက်ခြေအဆင့်ဆင့်သို့ ထပ်ဆင့်ပြန်လည် ခွဲဝေအပ်နှင်းခြင်း” (Devolution) လုပ်ငန်းစဉ် နှစ်ရပ် ပါဝင်နေသည်။

ထူးခြားချက်တစ်ခုမှာ ယင်း “ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း” (De -centralization) နှင့် အောက်ခြေ အဆင့်များသို့ အာဏာခွဲဝေခြင်း (Devolution) လုပ်ငန်းစဉ် နှစ်ရပ်လုံးကို “တစ်ပြည်ထောင် စနစ် နိုင်ငံများ” (Unitary States) နှင့် “တစ်ဝက်တစ်ပျက် ဖက်ဒရယ်စနစ် နိုင်ငံများ” (Quasi-Federal States) တွင် ပါ အကန့်အသတ် ၊ အတိုင်းအတာ တစ်ရပ်အတွင်း လက်တွေ့ ကျင့်သုံးနေခြင်းများ ရှိကြသည်။

အားသာချက်များနှင့် အားနည်းချက်များ

တစ်ပြည်ထောင်စနစ် (Unitary System)၊ ဖက်ဒရယ်စနစ် (Federal System))၊ ကွန်ဖက်ဒရေးရှင်း စနစ် (Confederate System) နှင့် ဓနသဟာယ စနစ် (Common-wealth System) အပါအဝင် နိုင်ငံရေး ဖွဲ့စည်းမှု စနစ်တိုင်းတွင် သက် ဆိုင်ရာစနစ်အလျောက် မတူညီသော အားသာချက်များနှင့် မတူညီသော အားနည်းချက်များ အသီးသီး ရှိကြသည်။

ဖက်ဒရယ်စနစ်တွင်လည်း အားသာချက်များနှင့် အားနည်း ချက်များ နှစ်မျိုးစလုံး ရှိသည်။

၁ ။ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ကျင့်သုံးရင်းဖြင့် ချမ်းသာကြွယ်ဝပြီး တည်ငြိမ်နေသော နိုင်ငံများ ( ဥပမာ - ကနေဒါနှင့် သြစတြေးလျ)

၂ ။ ဖက်ဒရယ် စနစ်ကို ကျင့်သုံးလျက်  ထိပ်တန်း “အထူးအင်အားကြီး နိုင်ငံများ” (Great power) ဖြစ်နေ သော်လည်း ယခုအချိန်အထိ ပြည်တွင်း ပြည်ပ ပဋိပက္ခများ မျိုးစုံအရှိန် အဟုန် ပြင်းထန်နေသော နိုင်ငံများ ( ဥပမာ - အမေရိကန် ပြည်ထောင်စု နှင့် အိန္ဒိယ)

၃ ။ ဖက်ဒရယ် စနစ်ကို ကျင့်သုံးလျက်  ယခုအချိန်အထိ စီးပွားရေး၊ လူမှု ရေး ပဋိပက္ခမျိုးစုံ ရင်ဆိုင်နေရဆဲ ဖြစ်သော နိုင်ငံများ ( ဥပမာ - ဘရာ ဇီးလ် ၊ အာဂျင်တီးနားနှင့် နိုက်ဂျီးရီး ယား )

၄ ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရင်း ဖြင့် ပြည်ထောင်စုတစ်ခုလုံး အစိတ် စိတ်အမြွှာမြွှာပြိုကွဲသွားခဲ့သော နိုင် ငံများ ( ဥပမာ - ဆိုဗီယက် ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယား ပြည်ထောင်စု )

၅ ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရင်း ဖြင့် ကမ္ဘာ့ထိပ်တန်း မဟာအင်အား ကြီးနိုင်ငံ ဖြစ်လာသော နိုင်ငံ ( ဥပမာ - အမေရိကန် ပြည်ထောင်စု)

၆။ ဖက်ဒရယ် စနစ်ကို ကျင့်သုံးရင်းဖြင့် အိမ်နီးချင်း အခြားအင်ပါယာ၏ စစ်ရေးသိမ်းပိုက်မှုကို ခံလိုက်ရသော နိုင်ငံများ ( ဥပမာ - မက်ဆီဒိုးနီးယား အင်ပါယာနှင့် ရောမအင်ပါယာလက်အောက်သို့ ခေတ်အလိုက် ကျရောက်သွားခဲ့သော ရှေးဟောင်းခေတ် ဂရိပြည်ထောင်စု၊ မဂိုလ် အင်ပါယာလက်အောက်သို့ ရောက်သွား သော အလယ်ခေတ် အိန္ဒိယတိုက်ငယ် မှ မဟာဘာရတ နိုင်ငံတော် ) အစ ရှိသဖြင့် လားရာဂတိ မတူညီသော ဖက်ဒရယ်ပြည်ထောင်စုများ အမျိုးမျိုး ရှိခဲ့သည်။

ဖက်ဒရယ်စနစ် နှင့် ဆန့်ကျင် ဘက်ဖြစ်သော တစ်ပြည်ထောင်စနစ်တွင်လည်း အလားတူပင် ဖြစ်သည်။

တစ်ပြည်ထောင်စနစ်ကို ကျင့် သုံးရင်းဖြင့် ချမ်းသာကြွယ်ဝတည် ငြိမ်နေသော ဂျပန်၊ ဆွီဒင်၊ နော်ဝေး တို့ကဲ့သို့သော နိုင်ငံများ ရှိသကဲ့သို့  တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးရင်းဖြင့် ဆင်းရဲမွဲတေကာ မတည်မငြိမ် ဖြစ်နေသော နိုင်ငံများလည်း များစွာ ရှိသည်။

 

ပြဿနာအားလုံး၏အဖြေမဟုတ်

ဖက်ဒရယ်စနစ်ကို ကျင့်သုံး ခြင်းနှင့် မကျင့်သုံးခြင်း၊ တစ်ပြည် ထောင်စနစ်ကို ကျင့်သုံးခြင်းနှင့် မကျင့်သုံးခြင်း လေးမျိုး လေးရပ်လုံးသည် အကောင်းမြင်သူအချို့ မျှော်လင့်နေသကဲ့သို့ “ပြဿနာများအားလုံး၏ အဖြေ တစ်ခု” (A Solution for All Problems) မဟုတ်သကဲ့သို့ပင် အဆိုးမြင်သူအချို့က သံသယ ဖြစ်နေသကဲ့သို့ “ပြဿနာများ အားလုံး၏ မူလအစ” (Genesis of All Problems) လည်း မဟုတ်ပါ။

အခြားနယ်ပယ်များမှ ရွေးချယ်မှုများနှင့်ဆုံးဖြတ်ချက်များ

ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းနှင့် မကျင့်သုံးခြင်း၊ တစ်ပြည်ထောင်စု စနစ်ကို ကျင့်သုံးခြင်းနှင့် မကျင့်သုံးခြင်း လေးမျိုးလေးရပ်အပြင် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာများနှင့် လားရာဂတိများကို ပုံသွင်းပေးနေသော အခြားအရာများ၊ အခြားနယ်ပယ်များ များစွာ ရှိနေသည်။

“လူမှုယူနစ်များ” (Social Units) အသီးသီး၏ နိုင်ငံရေး ၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဓ‌လေ့ယဉ်ကျေးမှု၊ ပြန်ကြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ စွမ်းအင်နှင့်သဘာဝအရင်းအမြစ်များ ရေးရာ  ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များက နိုင်ငံများနှင့် လူမျိုးများ အပါအဝင် သက်ဆိုင်ရာ လူမှုယူနစ်များ ၏ အတက်နှင့် အကျ ကံကြမ္မာများ ကို နက်ရှိုင်းစွာ ဆုံးဖြတ်၊ ပြဋ္ဌာန်းပေး နေခဲ့သည်။

“အာဏာပိုင် နိုင်ငံတော်များ” (States)၊ “တိုင်းပြည်များ” (Nations)၊ “ပြည်သူများ” (Peoples)၊ “လူမျိုးများ” (Races)၊ “လူတန်းစားများ” (Classes)၊ “လူမှုအလွှာများ” (Social layers)၊ “ရပ်ရွာအစုအဝန်းများ” (Societies)၊ “လူ့အဖွဲ့ အစည်းများ”  (Civilizations) နှင့် “မြို့ ပြယဉ်ကျေးမှုများ” (Civilizations) သည် မိမိတို့၏ ရွေးချယ်မှုများကို မိမိတို့ဘာသာ ဆုံးဖြတ်ရမည်သာ ဖြစ်သည်။ ယင်းရွေးချယ်မှုများမှ ဖြစ်ပေါ်လာသော အကောင်းအဆိုး အကျိုးဆက်များနှင့် သမိုင်းရေးရာ ကံကြမ္မာများကို သက်ဆိုင်ရာ လူမှုယူနစ်များက မိမိတို့ဘာသာ ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ပြည်သူများ၊ လူမျိုးများ၊ လူတန်းစားများ အပါအဝင် အထက်ပါ “လူမှုယူနစ်များ” (Social Units) သည် မိမိတို့၏ ရွေးချယ်မှုများနှင့် ဆုံးဖြတ်မှုများမှ ပေါ်ထွက်လာသော တန်ပြန် သက်ရောက်မှုများ၊ အခြေအနေသစ်များနှင့် လားရာဂတိသစ်များအတွက် မိမိတို့ဘာသာ မိမိတို့ “တာဝန်ယူမှု” (Responsibility)နှင့် “တာဝန်ခံမှု” (Accountability)ဖြင့် မိမိတို့ဘာသာ ရင်ဆိုင်ဖြေရှင်း ရမည်သာ ဖြစ်သည်။

လက်တွေ့ကျသောဖက်ဒရယ်စနစ်

အနာဂတ်တွင် ကျင့်သုံးလာ မည့် ဖက်ဒရယ်စနစ်အတွင်း အားနည်းချက်များကို လျှော့ချနိုင်ရန် ကြိုးစားရေးအတွက် အခွင့်အလမ်းများ ကျန်ရှိနေဆဲ ဖြစ်သည်။

နိုင်ငံများသည် အခြားနိုင်ငံများ၏ ဖက်ဒရယ်စနစ်များကို ပုံတူ ကူးချ၍ မရပါ။

မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ “ပထဝီ မဟာဗျူဟာ” (Geostrate-gy)၊ “အမျိုးသား အကျိုးစီးပွား” (National Interest)၊ “အမျိုးသားလုံခြုံရေး” (National Security)၊

“နိုင်ငံတော် အခင်းအကျင်း” (National Order) နှင့် “ဒေသဆိုင်ရာ အခင်းအကျင်းများ” (Regional Orders) နှင့် ကိုက်ညီမည့်  “လက်တွေ့ကျသော ဖက်ဒရယ်စနစ် “(Pragmatic Federalism)ဆီသို့ မိမိတို့ဘာသာ အဆင့်မြှင့်တင် ပြောင်းလဲခြင်းများနှင့် ဆန်းသစ်တီထွင်ခြင်းများ ပြုလုပ်ကာ  “မြန်မာ့ ၀ိသေသများ” (Myanmar Characteristics) နှင့် ကိုက်ညီမည့် “ ပကတိ အရှိတရား များကို အခြေပြုသော ဖက်ဒရယ် ပြည်ထောင်စုစနစ်” (Realistic Federal Union System) ကို မြန်မာနိုင်ငံအတွင်း ကျင့်သုံးသွားရန် အမြင်ကျယ်စွာနှင့် မဟာဗျူဟာ ကျစွာ ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားရမည် ဖြစ်သည်။

ယခုအချိန်တွင် မြန်မာပြည် သူ အများစုသည် ဖက်ဒရယ် ပြည် ထောင်စုစနစ်ကို အခိုင်အမာ ယုံကြည် ထောက်ခံနေကြချိန် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်စနစ်ကို ထောက်ခံလိုလားမှုတွင် ယခုကဲ့သို့  အတိုင်းအတာ မြင့်မားမှုနှင့် စိတ်အားထက်သန်မှုမျိုး အခြေအနေများကို ၁၉၄၈ ခုနှစ် မှသည် ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၇၂ နှစ် အတွင်း တစ်ခါမှ မရှိခဲ့ပါ။

ဖက်ဒရယ်စနစ် ကို မြန်မာပြည်ထောင်စုအတွင်း ပြည်နယ်/တိုင်းများ၊ ခရိုင်များ၊ မြို့နယ်များ၊ မြို့များ၊ မြို့နယ်ခွဲများနှင့် တိုက်နယ်များ အဆင့်အထိ “ပြည်သူ့ရေးရာ အုပ်ချုပ်ရေး” (Public Administration) နှင့် “ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး” (Public Management) နယ်ပယ်များ ထံသို့ မိတ်ဆက်ပေးရန်မှာ ယခုအ ချိန်ကာလသည် အကောင်းဆုံးအ ချိန်ကာလ ဖြစ်နေသည်။   

Most Read

Most Recent