‘ပညာရေး’ဟူသည် လက်တင်ဘာသာစကား Educare မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ ‘ဦးဆောင်ဦးရွက်ပြုခြင်း’၊ ‘ရှေ့ဆောင်လမ်းပြခြင်း’ ဖြစ်သည်။ ယခုအခါ မူရင်းအဓိပ္ပာယ်သည် ပျောက်သလောက်နီးပါး ဖြစ်နေပြီး မွေးရာပါ အခြေအနေ၊ စွမ်းရည်ထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်ပြုလုပ်ခြင်းဟူသည် ခေတ်သစ်ပညာရေး၏ သဘောတရားများ ဖြစ်လာခဲ့သည်။ ပညာရေးကို အကျယ်ပြန့်ဆုံးပြောရလျှင် မွေးသည်မှ သေသည်အထိ ရှိနေသည့် ဖြစ်စဉ်ကြီးတစ်ခုဟုလည်း ဆိုနိုင်သည်။ အချို့ကလည်း ပညာရေးသည် မမွေးမီကတည်းက စသည်ဟု ဆိုကြသည်။ အချို့သော မိဘများက မိမိတို့ကလေးများကို မမွေးမီ ဝမ်းတွင်းကပင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သီချင်းများ နားထောင်ခြင်း၊ စာများ ဖတ်ပြခြင်းတို့ကို ပြုလုပ်လာကြသည်။ မည်သို့ဆိုစေ၊ ပညာရေးဟု ဆိုလိုက်လျှင် အစဉ်အလာပညာရေးကို ဦးစွာ ပြောရမည်ဖြစ်သည်။ အစဉ်အလာပညာရေးဆိုသည်မှာ အတွေ့အကြုံကို အလေးထားသည့် ပညာရေးဖြစ်သည်။ တတ်ကျွမ်းမှု၊ နားလည်မှုတို့ကို နေ့စဉ်အတွေ့အကြုံများဖြင့် တဖြည်းဖြည်း တည်ဆောက်ခဲ့ရသည့် ပညာရေးမျိုးဖြစ်သည်။ လူတစ်ဦးချင်းအနေဖြင့် အစဉ်အလာမဟုတ်သည့် ပညာရေးသည်လည်း သူ့နည်းသူ့ဟန်ဖြင့် ရှိနေနိုင်သည်။ မိသားစုများနှင့် ပတ်ဝန်းကျင်သည် လူတစ်ဦးချင်းစီအတွက် သီးခြား လွှမ်းမိုးနိုင်သည့် အစဉ်အလာ မဟုတ်သောပညာရေး ဖြစ်သည်။
အစဉ်အလာပညာရေးသည် လူ့ပတ်ဝန်းကျင် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် သင်ရိုးညွှန်းတမ်းဖြင့် အထူးသဖြင့် လူငယ်များကို သတ်မှတ်သင်ကြားသည့် အချိန်၌ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ အစဉ်အလာပညာရေးသည် တဖြည်းဖြည်း စနစ်ကျကျနှင့် ပြည့်စုံ တိုးတက်လာခဲ့ရသည်။ အစဉ်အလာ ပညာရေးစနစ်သည် လူ့တန်ဖိုး သို့မဟုတ် ‘စံ’ တို့ကို မြင့်မားစေရန်ကြံဆောင်ပေးနေသကဲ့သို့ ပညာဗဟုသုတတိုးပွားစေရန်လည်း အလေးထားသည်။ ဘဝတစ်သက်တာပညာရေး သို့မဟုတ် သက်ကြီးပညာရေးသည် နိုင်ငံတကာတွင် ပျံ့နှံ့လျက် ရှိနေပြီဖြစ်သည်။ သို့သော် ပညာရေးသည် ကလေးများအတွက်သာ အဓိက ပစ်မှတ်အဖြစ် ထားနေကြသည်ကများသည်။ သက်ကြီးပညာရေးသည် အစဉ်အလာ စာသင်ခန်းအတွင်း သင်ကြားရေးမှသည် ကိုယ်တိုင်ပညာရှာရေးအစီအစဉ်များအထိ တိုးတက်ဖွံ့ဖြိုးလာသည်။ သက်ကြီးပညာရေးတွင် အဓိကကျသည့် စနစ်သည် စာကြည့်တိုက်မှ စာအုပ်စာတမ်းများ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ လမ်းညွှန်များ ဖတ်ရှုလေ့လာနိုင်ခြင်းတို့ကြောင့် အကုန်အကျနည်းစွာဖြင့် တိုးတက်လာခဲ့ရသည်။ နောက်ပိုင်း ကွန်ပျူတာအသုံးပြုနိုင်ခြင်း၊ အင်တာနက်ကို အသုံးပြုနိုင်ခြင်းတို့သည် ကိုယ်တိုင်ရှာ ပညာရေး သို့မဟုတ် သက်ကြီး ပညာရေးကို များစွာအထောက်အကူပြုသည့် စနစ်များ ဖြစ်လာသည်။
နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပညာရေးကို များစွာလွှမ်းမိုးသည့်အကြောင်းတရားတစ်ခုဖြစ်လာသည်။ ကွန်ပျူတာနှင့် အခြားဆက်စပ်နေသည့်နည်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းလိုလိုတွင် ကျယ်ပြန့်စွာ သုံးစွဲလာကြသည်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုတွင် အွန်လိုင်းပညာရေး (Online Education) ဟု ခေါ်သည့် အဝေးသင်ပညာရေးစနစ်သည် တိုးတက်ထွန်းကားလာသည်။ အဝေးသင်ပညာရေးစနစ်ဆိုသည်မှာ ကွန်ပျူတာ အင်တာနက်တို့ကိုအသုံးပြုပြီး ပညာရှာမှီးခြင်း၊ သင်ကြားခြင်းများကို ဆိုလိုသည်။ စာသင်ခန်းတွင် ထိုင်ပြီးပညာသင်ကြားသည့်စနစ်ကို တော်လှန်ကာ စာသင်ခန်း မလို၊ ကိုယ်တိုင်ရှာ ပညာစနစ်ကိုအလေးပေးပြီး ကိုယ်သင်ကိုယ်တတ်စနစ်ကို ဦးစားပေးထားသဖြင့် မူရင်းရည်ရွယ်ချက်သည် အထူးကောင်းမွန်လှသည်။
အမှန်တကယ်၌ ပညာရေးဟူသည် စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ စသည်တို့ကို သင်ကြားပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကြောင်တစ်ကောင်သည်လည်း သူ့ကလေးကို ကြွက်ခုတ်တတ်စေရန် သင်ကြားပေးနိုင်သည်။ လူနှင့်တိရစ္ဆာန်မှာ ထိုဥပမာအရ များစွာ မကွာခြားလှပါ။ သို့သော် လူတို့သည် လက်နက်ပစ္စည်းကိရိယာများကို တီထွင်နိုင်ခြင်း၊ အသိဉာဏ်ကိုအသုံးချနိုင်ခြင်းတို့ကြောင့် အခြားသော တိရစ္ဆာန်များကို ကျော်လွန်သွားနိုင်ခဲ့သည်။ ထို့အတူ ပညာရေးနှင့်ပတ်သက်၍ အသိဉာဏ်ရှိခြင်း၊ အသိဉာဏ်ကို အသုံးချတတ်ခြင်းတို့သည် အခြားတိရစ္ဆာန်များမှနေ၍ လူကို ကွဲပြားသွားစေသည်။ ပညာရေးဟူသည် လူသားတို့၏ ‘ယဉ်ကျေးမှုဖြစ်စဉ်တစ်ရပ်’ ဟု ဆိုရပေမည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် အသုံးပြုနေသည့် အခြေခံပညာရေးစနစ်သည် လက်ရှိလူ့အဖွဲ့အစည်းနှင့် ကင်းကွာ၍မရဘဲ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ပညာရေးသာ ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ မေ ၂၈ ရက် ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်









