စီးရီးအေတစ်ရာသီသွင်းဂိုးအများဆုံး အင်္ဂလိပ်ကစားသမားအဖြစ် အေဘရာဟမ် မှတ်တမ်းဝင်

စီးရီးအေတစ်ရာသီသွင်းဂိုးအများဆုံး အင်္ဂလိပ်ကစားသမားအဖြစ် အေဘရာဟမ် မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 23 May 2022

ရိုးမားတိုက်စစ်မှူး အေဘရာဟမ်သည် တိုရီနိုအသင်းနှင့် ရာသီပိတ်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူပြီးနောက် စီးရီးအေတစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းသစ်တင်ခဲ့သည်။

စီးရီးအေရာသီပိတ်ပွဲစဉ် (၃၈)အဖြစ် တိုရီနိုနှင့် ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧည့်သည်အသင်းက ၃၃၊ ၄၂ မိနစ်(ပယ်နယ်တီ)တွင် အေဘရာဟမ်၊ ၇၈ မိနစ် (ပယ်နယ်တီ)တွင် ပယ်လီဂရီနီတို့သွင်းယူသည့် ဂိုးများနှင့်အတူ (၃)ဂိုးပြတ်အနိုင်ရခဲ့သည်။

အေဘရာဟမ်သည် ယင်းပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သောကြောင့် ယခုရာသီစီးရီးအေပြိုင်ပွဲ၌ စုစုပေါင်း (၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၉၆၁-၆၂ရာသီက အင်တာမီလန်အသင်းအတွက် (၁၆)ဂိုးသွင်းယူခဲ့သည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီဟစ်ချန်၏စံချိန်ကို ချိုးဖျက်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ရိုးမားအသင်းမှာလည်း ယင်းပွဲအနိုင်ရလဒ်ကြောင့် ပွဲကုန် (၃၈) ပွဲကစား၊ (၁၈) ပွဲနိုင်၊  (၉)ပွဲသရေ၊ (၁၁) ပွဲရှုံးဖြင့် စုစုပေါင်းရမှတ် (၆၃)မှတ်အထိ ရရှိခဲ့ပြီး လာမည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် မြို့ခံပြိုင်ဘက် လာဇီယိုအသင်းနှင့်အတူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရန် သေချာသွားပြီဖြစ်သည်။ 

Most Read

Most Recent