အခွန်နှင့် ဆက်ကြေး

အခွန်နှင့် ဆက်ကြေး
Published 16 May 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူက မိတ်ဆွေတစ်ဦးအား မိမိတို့တိုင်းပြည်နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး “အခွန်နှင့် ဆက်ကြေး ဘာကွာခြားပါသလဲ” ဆိုသည့် မေးခွန်းကိုမေးကြည့်ရာ မိတ်ဆွေက ရှင်းလင်းတင်ပြရာတွင်” ဟာ ဆရာ။ အများကြီးကွာတာပါ။ ဆက်ကြေးဆိုတာက ကောက်ပြီးရင် တာဝန်ယူရပါတယ်။ အခွန်ဆိုတာ ကတော့ ဘာတာဝန်ကိုမျှ ယူစရာ မလိုအပ်ပါဘူးဆရာ။ ဖြတ်ပိုင်း ပြန်ပေးပြီးရင် ပြီးပါပြီဆရာ။ ဆရာက လည်းခေါ်တာကိုက “အခွန်အတုတ်”  လို့ ခေါ်တာကိုးဆရာရဲ့”  ဟု ရှင်းလင်းဖြေကြားခဲ့ပါသည်။

အဓိပ္ပာယ်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် အုပ်ချုပ်သည့်အစိုးရများ အနေနှင့် အခွန်ထမ်း ပြည်သူပြည် သားများအပေါ်တွင် မည်သည့်တာဝန်ကိုမျှယူပြီး ထမ်းဆောင်ရန်မလို အပ်ဘဲ တစ်နည်းအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အုပ်ချုပ်မင်းလုပ်နိုင်သည်ဆိုသည့် သဘောတရား ဖြစ်ပါသည်။ အမှန်တကယ် အစိုးရတို့၏ ပင်မတာဝန်မှာ နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိပါသည်။ ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံတွင် တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများအရ အခွန် နှင့် ဆက်ကြေးကို သဟဇာတရှိပြီး မျှတစေရန် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့် အစိုးရတစ်ရပ် မဖြစ်ပေါ် မတည်ရှိနိုင်သမျှ ကာလပတ်လုံး ကုန်ထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ မရောက်ရှိနိုင်ပါ။

ဤတွင် အခွန် သို့မဟုတ် အခွန်အကောက် (Tax) ၏ သဘောတရားအကျဉ်းကို တင်ပြပါမည်။ အခွန်နှင့် ပတ်သက်သည့် အကြောင်းအရာ သဘောတရားများမှာ လွန်စွာ ကျယ်ပြန့်ကြီးမားလွန်းသဖြင့် ယခု ဆောင်းပါးအဆင့်ဖြင့် ပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။ စာဖတ်သူတို့အား တင်ပြလိုသည့် အချက်မှာ အခွန် သို့မဟုတ် အခွန်အကောက်သည် နိုင်ငံသားများ နှင့် အစိုးရတို့အကြား လူမှုပဋိညာဉ်ကို တည်ဆောက်ခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံသားများ နှင့် အစိုးရတို့အကြား ယုံကြည်မှုကို တည် ဆောက်ခြင်းဖြစ်သည်ကို သိမြင်နားလည်စေလိုသည့်အချက် ဖြစ်ပါသည်။

သို့သော်လည်း အခွန် သို့မဟုတ် အခွန်အကောက်စနစ်တစ်ရပ်ကို  စနစ်တကျတည်ဆောက်ခြင်း မရှိဘဲ ဆက်ကြေး (Protection Money) သို့မဟုတ် ဆက်ကြေး ကောက်သည့်စနစ် (ဆက်ကြေးပေး ရသည့်စနစ်) (Protection Rackets) တည်ရှိ ဖြစ်ပေါ်နေခဲ့ပါလျှင် နိုင်ငံသားများ နှင့် အစိုးရတို့အကြား မယုံ ကြည်ရမှုများ၊ သံသယဖြစ်မှုများ တည်ရှိဖြစ်ပေါ်နေစေပြီးလျှင် လူမှု ပဋိညာဉ်သည်လည်း ပျက်စီးယိုယွင်းလျက် လူတို့၏ အသက်အိုးအိမ် စည်းစိမ်များမှာလည်း အတိုင်းအဆမရှိ အမြောက်အမြား ဆုံးရှုံးပျက်စီးနေမည် ဖြစ်ပါသည်။

စာရေးသူ ငယ်ရွယ်စဉ်အချိန် လေးစားရသည့် ကျေးရွာလူကြီး တစ်ဦးအား “အုပ်ချုပ်သူ အစိုးရ ဆိုတာ ပြည်သူ ပြည်သားများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမှာ မဟုတ်ဘူးလား” ဆိုပြီး မေးကြည့်ရာ ထိုစဉ်က ကြားသိရသည့် အဖြေမှာ “ ပြည်သူ ပြည်သားတွေရဲ့ အသက်ကို ကာကွယ်ရန် မဆိုထားနှင့်။ သူတို့ရဲ့ အသက်တွေကိုတောင် အသတ်မခံရအောင် အစောင့်အရှောက်တွေနဲ့ မနည်း ကာကွယ်နေရတာပါကွာ”  ဆိုသည့် ပြောပြချက်ကို ကြားသိခဲ့ရပါသည်။ စာဖတ်သူတို့အနေဖြင့် လည်း ကိုယ်တိုင်လေ့လာဝေဖန်သုံး သပ်ကြည့်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

တိုင်းပြည်နိုင်ငံအတွင်း နေရာ ဒေသအနှံ့အပြားတွင် နေထိုင်လျက်ရှိကြသည့် တိုင်းသူ ပြည်သားများ၏ အသက် အိုးအိမ် စည်းစိမ်ကို တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားသည့် အစိုးရက အပြည့် အဝ ကာကွယ်မပေးနိုင်ပါလျှင် ပြည်သူ ပြည်သားများက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေး နှင့်သက်ဆိုင်သည့် ကိစ္စအဝဝကိုလည်း အပြည့်အဝတာဝန် ယူနိုင်ခြင်း မရှိတော့ဘဲ စီးပွားရေး လုပ်ငန်းများ အတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်ခြင်း မရှိနိုင်တော့ပါ။

အကျိုးဆက်အဖြစ် ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများသည် မည်သို့မျှ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း မရှိနိုင်သည့် အခြေအနေဖြစ်ပေါ် စေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစားများသည် ရင်းနှီးမြှုပ်နှံမှုနှင့် အခြေတည်ပြီး ဆောင်ရွက်ကြရသဖြင့် ဆက်ကြေး ကောက်မည့်သူများအတွက် ထင်ရှားသည့် ပစ်ကွင်းကြီးများကဲ့သို့ ဖြစ် နေပါတော့သည်။ ဂုဏ်သိက္ခာနှင့် ရပ်တည်ဆောင်ရွက်ရမည့် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ အစား ဆူလွယ် နပ်လွယ် အလွယ် တကူ အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းအမျိုးအစားများသာ ဖြစ်ထွန်း ပေါ်ပေါက်စေပါတော့သည်။

အချို့သော အကျိုးအမြတ်ကြီးမားသည့် လုပ်ငန်းများကို ဆောင်ရွက်သည့် လုပ်ငန်းရှင်ကြီးများအနေ နှင့်လည်း အလွန်အကျွံကောက်ယူမည့် ဆက်ကြေးများကို ကာကွယ်ရန်နှင့် လက်ရှိအုပ်ချုပ်ရေးအာဏာ ကို ရယူထားသူများနှင့် အဆင်ပြေ စွာ ညှိနှိုင်းနိုင်စေရေး အလို့ငှာ အရာရှိ အငြိမ်းစား (ဟောင်း) ကြီးများအား ရာထူး/နေရာ ဖန်တီးငွေကြေးထောက်ပံ့စေပြီး ၎င်းတို့၏ အမည်ထည့်သွင်း ထားရှိစေကာ အဆင်ပြေစေရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း ကြားသိရပါသည်။

တစ်ခါတစ်ရံ ကြားသိရသည့် အခြေအနေတစ်ရပ်မှာ အဖွဲ့အစည်းအမျိုးမျိူး၊ ဌာနအမျိုးမျိုး၊ အဆင့်အမျိုးမျိုးတို့က ဆက်ကြေးကဲ့သို့ ငွေကြေးကို ကောက်ခံလျက်ရှိကြသည့်အတွက် အကောက်ခံရသည့် လုပ်ငန်းသည် တစ်ခုတည်းဖြစ်ပြီး ပေးဆက်ခြင်းကို ရယူနေကြသည့် အဖွဲ့အစည်းများမှာ များပြားလွန်း သည့်အတွက် လွတ်လပ်စွာ ဆောင်ရွက်သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်း ကလေးများမှာ ဖွံ့ဖြိုးတိုးတက်လာ စေရန် မဆိုထားနှင့်။ ရေရှည်တွင် ရပ်တည်ရှင်သန်နိုင်စေရန် အဆင့်ကိုပင် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားပါတော့သည်။

စာရေးသူသည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ဝေသည့် Weekly Eleven News တွင် “အာဏာရှင် စနစ်၏ သွင်ပြင်လက္ခဏာရပ်များ” ခေါင်းစဉ်နှင့် တင်ပြခဲ့ ပါသည်။ အဆိုပါတင်ပြချက်မှ စာပိုဒ်ကလေးကို ပြန်လည်တင်ပြပါသည်။ “နိုင်ငံတော်အကြီးအကဲ

က ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ပေးအပ်ရာတွင် အရင်းအမြစ် (ငွေကြေး၊ ပစ္စည်း၊ လူအင်အား) ကို ကန့်သတ်ခြင်း၊ ပါဝင်ခြင်းမရှိဘဲ အာဏာ နှင့် လုပ်ပိုင်ခွင့် ကိုသာ ပေးအပ်ခြင်း ဖြစ်ပါသည်။

တာဝန်ပေးအပ်ခံရသူနှင့် အဖွဲ့သည် အာဏာနှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုကာ သဘာဝအရင်းအမြစ်များနှင့် ပြည်သူပြည်သားတို့အပေါ်တွင် အစွမ်းကုန် ခေါင်းပုံဖြတ်၊ အမြတ်ထုတ် ရက်စက်ပြီး တာဝန်ကို ကျေပွန်စေရန် ဆောင်ရွက်ကြပါသည်။ အကျိုးဆက်အဖြစ် သဘာဝ အရင်းအမြစ်များပျက်စီးစေပြီးလျှင် ပြည်သူပြည်သားများနှင့် ပါဝင်ပတ် သက်သူအားလုံးတို့မှာ ဂုဏ်သိက္ခာရှိစွာ အသက်ရှင် ရပ်တည်နိုင်စေရန် မဖြစ်နိုင်တော့သည့် ဘဝများဆီသို့ ရောက်ရှိသွားပါတော့သည်။

တာဝန်ပေးအပ်ခံရသူများ အနေဖြင့် ငွေကြေးလိုအပ်ပါက ဆက်ကြေးစနစ်ကို မဖြစ်မနေအသုံးပြုကြရသည်မှာ အသေအချာဖြစ် ပါသည်။

အထက်ဖော်ပြပါ အခြေအနေများထက် ဆိုးရွားပြင်းထန်သည့် အခြေအနေမှာ လွတ်လပ်ရေးရရှိပြီး ချိန်ကတည်းက တည်ရှိဖြစ်ပေါ်စေခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပါသည်။ အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း ၎င်းတို့၏ အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်စေရေးအလို့ငှာ ဆက်ကြေး ကောက်ခံခြင်းနည်းလမ်းများကို အသုံးပြုလျက်ရှိပါသည်။ အကျိုးဆက်အဖြစ် ကုန်ပစ္စည်းထုတ် လုပ်သည့် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်ဝန်းလုံးသို့ ပျံ့နှံ့စပြီး ဖွံ့ဖြိုးတိုးတက်စေရန်မှာ လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးအောက်တွင် မည်သို့မျှ မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် အခြေအနေ အကြောင်းအရာများ အရ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးစနစ်များ လက်အောက်တွင် ရောက်ရှိနေခဲ့ရသဖြင့် အုပ်ချုပ်သူ အစိုးရနှင့် တိုင်းသူပြည်သားများ အကြားရှိ ယုံကြည်မှုပျောက်ဆုံးခဲ့ရပြီး လူမှု ပဋိညာဉ်မှာလည်း ယိုယွင်းပျက်စီး စေခဲ့ပါသည်။ သက်သေ သာဓက အဖြစ် အခွန်နှင့် ဂျီဒီပီအချိုးမှာ အိမ်နီးချင်း နိုင်ငံများအကြားတွင် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေပါတော့သည်။

ထူးခြားသည့် အခြေအနေတစ်ရပ်မှာ တိုင်းပြည်နိုင်ငံတော်ကြီး အလုံးစုံ ပျက်သုဉ်းစေနိုင်သည့် အန္တရာယ်ဖြစ်သော ဆက်ကြေး စနစ်ကြီး ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိဖြစ်ပေါ်နေခြင်းကို လေ့လာ ဆန်းစစ်ပြီး ဝေဖန်ထောက်ပြပြော ဆိုမည့် ပညာရှင်များ မပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ဖြစ်နိုင်သည့် အခြေအနေမှာ ထိုစဉ်အချိန်အခါက တိုင်းပြည်နိုင်ငံ၏ အကျိုးကို ရှေးရှု ခြင်းမပြုဘဲ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ အာဏာစက်ကို အသုံးပြု လျက်ရှိသည့် အုပ်ချုပ်သူများ၏ အဆင်ခြင်မဲ့ ရန်ပြုအပြစ်ပေး အရေးယူခြင်းကို စိုးရိမ်ကြသည့် အတွက်လည်း ဖြစ်နိုင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည် နိုင်ငံရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ လူ့စံတန်ဖိုး များ အလုံးစုံကို ပျက်သုဉ်းစေသည့် အပြင် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းကျ ဆင်းစေသည့် ဆက်ကြေးစနစ် (Protection Rackets) ကို စနစ်တကျ ရှာဖွေ ဖော်ထုတ်ပြီးလျှင် တဖြည်းဖြည်းချင်း လျော့နည်းပပျောက်စေရန် ကြိုးပမ်းအားထုတ်ကြစေလျက် ပြည်သူ ပြည်သားအားလုံးတို့က ကျေနပ် သဘောတူ လက်ခံနိုင်စေမည့် အခွန်အကောက်စနစ် တစ်ရပ်နှင့် အစားထိုးပြီးလျှင် လူတိုင်းဂုဏ်သိက္ခာရှိစွာ အသက်ရှင် ရပ်တည်နိုင်စေမည့် လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေ ရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ဆက်ကြေး ( Protection Money) နှင့် ဆက်ကြေး စနစ် (Protection Rackets) တို့နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြပါမည်။ မြန်မာ စကားလုံး စကားရပ်ဖြစ်သည့် ဆက် ကြေးဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်သည် မိမိတို့တိုင်းပြည် နိုင်ငံတွင် အသုံးပြုလျက်ရှိသည့် သဘောတရားနှင့် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် အခြေအနေမှာ အနည်းငယ် ကွာခြားလျက်ရှိနေသည် ကို တွေ့ရှိရပါသည်။ စာရေးသူ အနေနှင့် အင်တာနက် စာမျက်နှာများတွင် အလွယ်တကူ တွေ့ မြင်ရသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံကာ တင်ပြပါမည်။

ဆက်ကြေး (Protection Money ) ၏ အဓိပ္ပာယ်မှာ “Protection money: Money that you most pay to criminals so that they will not harm you or your property” (Internet). ဖော်ပြချက်အရ “ဆက် ကြေးဆိုသည်မှာ သင် သို့မဟုတ် သင်ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ ကို ထိခိုက်ပျက်စီး ဆုံးရှုံးခြင်းမရှိ စေရန် ပြစ်မှုကျူးလွန်မည့်သူများအား မဖြစ်မနေပေးရမည့် ငွေကြေး ဖြစ်ပါသည်။”

Oxford Advanced Learner’s Dictionary တွင် ရှင်းလင်း ဖော်ပြထားချက်အရ ဆက်ကြေးပေးရန် (To Pay Protection Money ) သို့မဟုတ် ဆက်ကြေးစနစ် ရှင်သန်လည်ပတ်စေရန် ( To Run a Protectionm Racket  ) ၏ အဓိပ္ပာယ် သတ်မှတ်ထားချက်မှာ “ the system of paying criminals so the they will not attack your business or property ” ဖော်ပြချက်အရ “သင်တို့ ၏ စီးပွားရေးလုပ်ငန်းများနှင့် သင်တို့ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို တိုက်ခိုက်ဖျက်ဆီးခံရခြင်း မရှိစေရန် ပြစ်မှုကျူးလွန်မည့်သူများအား မဖြစ်မနေပေးရမည့် ငွေကြေးစနစ် ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် မိမိတို့ တိုင်း ပြည်နိုင်ငံရှိ လူအများစုက ခေါ်ဝေါ် သတ်မှတ်လျက်ရှိသည့် ဆက်ကြေး အမျိုးအစားအချို့ကို ဆွေးနွေးတင် ပြပါမည်။ ယခုအကြောင်းအရာသည် သေချာစနစ်တကျ သုတေသန ပြုလုပ်ကာ လေ့လာဖော်ထုတ်ရမည့် အကြောင်းအရာ ဖြစ်ပါသည်။ စာရေးသူအနေဖြင့် အထောက်အ ထားလုံးဝမရှိပါ။ ကြားသိရသည်များ ကိုသာ တင်ပြရခြင်းဖြစ်ပါသည်။ တည်ဆဲအစိုးရအနေဖြင့် ၎င်းတို့ ကောက်ခံသည့် ငွေကြေးသည် အခွန်ဖြစ်ပြီး အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများက ကောက်ခံခြင်းသည် ဆက်ကြေးဖြစ်သည်ဟု သတ်မှတ်မည် ဖြစ်ပြီး အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ၎င်းတို့ကောက်ခံသည့် ငွေကြေးသည် အခွန်ဖြစ်ပြီး အစိုးရ ကောက်ခံသည့်ငွေကြေးသည် ဆက်ကြေးဖြစ်သည်ဟု သတ်မှတ်မည် ဖြစ်ပါသည်။ ယနေ့ မိမိတို့ တိုင်းပြည် နိုင်ငံ၏ အခွန်စနစ်နှင့် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိ ဖြစ်ပေါ်လျက်ရှိသည့် အခြေ အနေနှင့် ဧရိယာဒေသများကို ပုံတွင် ဖော်ပြထားပါသည်။

တတိယအနေဖြင့် ဆက်ကြေး စနစ် လျော့နည်း ပပျောက်စေရေးအတွက် ဆောင်ရွက်သင့်သည့် နည်း လမ်းအချို့ကို ဆွေးနွေးတင်ပြပါမည်။ အထက်တွင် တင်ပြထားချက်များအရ ဆက်ကြေးစနစ် လျော့နည်း ပပျောက်စေရေး အတွက် အဓိက အရေးကြီးဆုံးအချက်မှာ တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ရယူသည့် အစိုးရအနေဖြင့် တိုင်းပြည်နိုင်ငံအတွင်း နေရာ ဒေသအားလုံး အကြားအလတ်မရှိ တရားဥပဒေ စိုးမိုရေး (The Rule of Law) ကို တည်ဆောက်နိုင်ရမည် ဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးချိန် ကတည်းက စတင်ပြီး ယနေ့အချိန် အထိ  တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် တရားဥပဒေ စိုးမိုရေးကို တည်ဆောက် ဆောင်ရွက်နိုင်ခြင်းမရှိ သေးပါ။ အနိမ့်ဆုံးအဆင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ငြိမ်ဝပ်ပိပြားစေရေး (Law and Order) အဆင့်ကိုပင် တည်ဆောက်နိုင်ခြင်းမရှိပါ။

စာရေးသူ တစ်ဦးတည်း၏ အမြင်သက်သက်အရ တင်ပြရပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံသည် ၁၉၆၂ ခုနှစ် နောက်ပိုင်းအချိန်ကာလမှ စတင်ကာ ယနေ့အချိန်အထိ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ နိုင်ငံသား အားလုံးတို့က အမြတ်တနိုးတန်ဖိုး ထားရှိသည့် လောကပါလတရားများ ဖြစ်ကြသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေးတန်း တူညီမျှခြင်းများကို လျစ်လျူရှု ပစ်ပယ် ထားခြင်းပင် ဖြစ်ပါသည်။ အတိအကျ ရှင်းလင်းတင်ပြရပါလျှင် ဥပဒေများ အတည်ပြုပြဋ္ဌာန်းရာတွင်လည်း လောကပါလတရားများကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမပြုကြပါ။ အုပ်ချုပ်ရေးလုပ်ငန်းများတွင်လည်း လောကပါလ တရားများကို လျစ်လျူ ရှုခဲ့ကြပါသည်။ ထို့ပြင် တရားရေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင်လည်း လောကပါလတရားများကို အခြေခံခြင်းမရှိခဲ့ကြပါ။

အကျိုးဆက်အဖြစ် မိမိတို့ တိုင်းပြည် နိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အရှည်ကြာဆုံးနှင့် တိုင်းရင်းသား များကို အခြေခံသည့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း မြောက်မြားစွာ တည်ရှိဖြစ်ပေါ်လျက်ရှိနေသည့် နိုင်ငံဖြစ်နေပါသည်။ ထို့ပြင် ပြည်သူ ပြည်သား လူအများမှာ အဖွဲ့အစည်း အမျိုးမျိူး၊ ဌာနအမျိုးမျိုး၊ အဆင့် အမျိုးမျိုးတို့က ဆက်ကြေးကဲ့သို့ ငွေကြေးကို ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ကောက်ယူနေခြင်းကိုလည်း ခါးစည်းပြီး ခံစားရလျက်ရှိနေပါသည်။

နိုင်ငံတော်၏ အချုပ်အခြာ အာဏာ အဝဝကို တာဝန်ယူထားသည့် နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည့် အခြေအနေ မှာ တိုင်းပြည် နိုင်ငံအတွင်း နေရာ ဒေသအားလုံး အကြားအလတ်မရှိ မည်သည့်နေရာတွင် နေထိုင်လျက်ရှိ သည်ဖြစ်စေ ပြည်သူ ပြည်သားအားလုံး (တစ်ဦးချင်းစီ၏) တို့၏ အသက် အိုးအိမ် စည်းစိမ်ကို အပြည့်အဝ အကာအကွယ်ပေးနိုင်ရမည် ဖြစ်ပါသည်။ ထို့ပြင် ပေးသင့်ပေးထိုက်သည့်  အခွန်ပေးဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် အစိုးရ၏ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြသည့် အဖွဲ့အစည်းအမျိုးမျိူး၊ ဌာန အမျိုးမျိုး၊ အဆင့်အမျိုးမျိုးတို့က ဆက်ကြေးကဲ့သို့ ငွေကြေးကို ခေါင်း စဉ်အမျိုးမျိုးပြပြီး တရားမဝင် ကောက်ခံလျက်ရှိကြသည့် အခြေအနေများကို တားဆီးကာကွယ်နိုင်ရမည်ဖြစ်ပြီး အခွန် အပြည့်အဝပေး ဆောင်ပြီးသည့် လုပ်ငန်းများအနေ နှင့် အနှောင့်အယှက်မရှိ ခေါင်းမော့ ရင်ကော့လျက် လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်ဆောင်ရွက်နိုင်ရမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ လူ့စံတန်ဖိုးများ အလုံးစုံကို ပျက်သုဉ်းစေသည့် အပြင် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်း ကျဆင်းစေသည့် ဆက်ကြေးစနစ် (Protection Rackets) ကို စနစ် တကျ ရှာဖွေ ဖော်ထုတ်ပြီးလျှင် တဖြည်းဖြည်းချင်း လျော့နည်း ပပျောက်စေရန် ကြိုးပမ်းအားထုတ်ကြစေလျက် ပြည်သူ ပြည်သားအားလုံးတို့က ကျေနပ် သဘောတူ လက်ခံနိုင်စေမည့် အခွန်အကောက် စနစ်တစ်ရပ်နှင့် အစားထိုးပြီးလျှင် လူတိုင်း ဂုဏ်သိက္ခာရှိစွာ အသက် ရှင် ရပ်တည်နိုင်စေမည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေးကို အစွမ်းကုန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

Most Read

Most Recent