မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) မှ ကျေးရွာတွေမှာဆိုရင် နှစ်စဉ် ဘုရားပွဲတော်တွေကို ပြုလုပ်လေ့ရှိပါတယ်။ အဲဒီအထဲမှာမှ မဟာသင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း ၁၀ ရက်အထိ ပြုလုပ်လေ့ရှိတဲ့ ကျေးရွာဘုရားပွဲတော်တွေက ထင်ရှားလေ့ရှိသလို ယခင်က ဘီလူးကျွန်း ၆၄ ရွာဘုရားပွဲလို့လည်း လူသိများပါတယ်။ ယခုအချိန်မှာတော့ ကျေးရွာတွေလည်း တိုးလာတဲ့အတွက်ကြောင့် ဘုရားပွဲတော်တွေလည်း ပိုများလာတယ်လို့ သိရပါတယ်။
ဘုရားပွဲတော်နေ့မှာ ရွာမှာရှိတဲ့ အိမ်တိုင်းအိမ်တိုင်း၊ ထမင်းဟင်းအစုံ၊ အအေး၊ မုန့်မျိုးစုံ စသည်ဖြင့် ဧည့်ခံကျွေးမွေးကြလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး၊ တစ်အိမ်နဲ့တစ်အိမ်၊ တစ်ရွာနဲ့တစ်ရွာ အသိမိတ်ဆွေတိုးပွားလာစေဖို့နဲ့ အမြဲတမ်းမိတ်ဆွေ ဖြစ်စေကြဖို့အတွက် ရည်ရွယ်ပြုလုပ်ကြတဲ့ ချစ်စရာမွန်ရိုးရာဓလေ့တစ်ခုဖြစ်တယ်လို့ မှတ်သားရပါတယ်။
ရွာဘုရားပွဲကျင်းပတဲ့နေ့မှာ သံဃာတော်များကို ဆွမ်းကပ်လှူပြီးတဲ့နောက်မှာ မိမိအိမ်ကိုလာသမျှ ဧည့်သည်တွေကို အကျွေးအမွေးတွေနဲ့ ဧည့်ခံပါတော့တယ်။ ညနေပိုင်းမှာတော့ မိမိကျေးရွာမှာရှိတဲ့ ဘုရားပွဲပြုလုပ်တဲ့ ဘုရားစေတီပုထိုးတွေကို သွားရောက်ပြီးတော့ ကုသိုလ်ယူကြပြီး ညပိုင်းမှာတော့ ပျော်ပွဲရွှင်ပွဲတွေကျင်းပလေ့ရှိကြပါတယ်။
ဘီလူးကျွန်းကျေးရွာ ဘုရားပွဲတော်တွေမှာ ထူးခြားမှုတွေအနေနဲ့ ရိုးရာမြေဝိုင်းလက်ဝှေ့ပြိုင်ပွဲနဲ့ အခြားအားကစားပြိုင်ပွဲများထည့်သွင်းပြုလုပ်ကြလေ့ရှိသလို ကမာမိုကျေးရွာ ဘုရားပွဲတော်မှာ ထည့်သွင်းပြုလုပ်လေ့ရှိတဲ့ မွန်ရိုးရာ လှည်းယဉ်ကျေးမှု အလှပြိုင်ပွဲကလည်း ထင်ရှားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်၊ မြန်မာနှစ်ဆန်း ၆ ရက်က ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာနဲ့ပြုလုပ်ခဲ့ကြပါတယ်။
ရှေးကာလတွေတုန်းက မွန်ရိုးရာလှည်းယဉ်ကျေးမှုအလှပြိုင်ပွဲတွေကို ကမာမိုကျေးရွာအပြင် ရွာလွတ်၊ တော်ကနာကျေးရွာ၊ ကွမ်ရိုက်ကျေးရွာ အစရှိတဲ့ ကျေးရွာတွေမှလည်း ထည့်သွင်းပြုလုပ်လေ့ရှိခဲ့ကြပေမဲ့ ယခုအခါမှာတော့ ကမာမိုကျေးရွာမှာပဲ ကျန်ရှိတော့တယ်လို့ ဆိုကြပါတယ်။
“လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်တုန်းကဆိုရင် မွန်ရိုးရာ လှည်းယဉ်ကျေးမှုအလှပြိုင်ပွဲက ရွာလွတ်ကျေးရွာ၊ ကွမ်ရိုက်ကျေးရွာ၊ တော်ကနာကျေးရွာစသည်ဖြင့်ရှိခဲ့ကြပါ တယ်။ အခုတော့ ကမာမိုရွာမှာပဲ ကျန်ရှိပါ တော့တယ်”လို့ ကမာမိုကျေးရွာ ဒေသခံတစ်ဦးဖြစ်တဲ့ နိုင်ဘအောင်က ပြောပါတယ်။
မွန်ရိုးရာ လှည်းယဉ်ကျေးမှုအလှပြိုင်ပွဲ နဲ့ပတ်သက်ပြီးတော့ နိုင်ဘအောင်က “ဟိုတုန်းကဆိုရင် ပြိုင်ပွဲဝင်ဖို့အတွက်ကို လှည်းကို အသစ်လုပ်ကြရပါတယ်။ အနာအဆာမရှိအောင် ဂရုတစိုက်နဲ့ လုပ်ကြရပါတယ်။ နွားဆိုရင်လည်း ချိုကအစ တူညီတဲ့ နွားတွေကို ရှာဖွေပြီးတော့ မွေးမြူထားကြရပါတယ်။ နောက်လှည်းပေါ်လိုက်ပါကြမယ့်သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်း ခပ်ဆင်ဆင်တွေကိုရွေးရပါတယ်”လို့ ဆိုပါတယ်။
ထို့ပြင် ကမာမိုကျေး ရွာဘုရားပွဲတော်မှာ နှစ်စဉ်လိုလိုပြုလုပ်လေ့ရှိတဲ့ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်လေ့ရှိသူ နိုင်ရာဇာကလည်း “တစ်နှစ်နဲ့ တစ်နှစ်က လှည်းကိုအလှဆင်တာမျိုးက မတူအောင်၊ ရိုးရာနဲ့လည်း ကိုက်ညီအောင်၊ သတ်မှတ်စည်းကမ်းချက်တွေနဲ့လည်း ကိုက်ညီအောင်လို့ ပြင်ဆင်ရပါတယ်။ ဒီနှစ်မှာတော့ လှည်းကို ပန်းတွေနဲ့ပုံဖော်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဒီလိုမျိုးမပါဘူးပေါ့” လို့ ပြောပါတယ်။
အဆိုပါ မွန်ရိုးရာလှည်းယဉ်ကျေးမှု အလှပြိုင်ပွဲမှာ လှည်းရဲ့ပုံသဏ္ဌာန်၊ အချိုးအစား၊ ပြင်ဆင်ထားမှု၊ လှည်းဆွဲမယ့် နွားနှစ်ကောင်ရဲ့ အရွယ်အစား၊ လှည်းပေါ်မှာ လိုက်ပါကြမယ့် မောင်မယ်တွေရဲ့ ဝတ်စားဆင်ယင်မှု၊ အနေအထိုင်စသည်ဖြင့် အမှတ်ပေးကြတယ်လို့ သိရပါတယ်။
“ဒီပြိုင်ပွဲမှာ အမှတ်ဘယ်လိုပေးကြလဲဆိုတော့ နွားရယ်၊ လှည်းရယ်၊ ဝတ်စားဆင်ယင်မှုရယ်၊ လှည်းပေါ်လိုက်ပါလာသူတွေရဲ့ ဣန္ဒြေရယ်၊ လှည်းရဲ့အချိုးအစား စသည်ဖြင့် အမှတ်ပေးကြပါတယ်။ နွားဆိုရင် နွားနှစ်ကောင်က အရွယ်နဲ့ ဘို့တွေ ညီ၊ မညီ၊ ချိုတွေ ညီ၊ မညီ အမှတ်ပေးကြပါတယ်။ လှည်းကလည်း သန့်ရှင်းသပ်ရပ်မှု၊ ပြင်ဆင်ထားမှုတွေကိုကြည့်ပါတယ်။ ဝတ်စားဆင်ယင်မှုအနေနဲ့ကလည်း မွန်ရိုးရာဝတ်ဆင်ထားမှု အနေအထားကို ကြည့်ပါတယ်။ ဣန္ဒြေအနေနဲ့ကလည်း စောစောကပြောသလို လှည်းပေါ်ပါလာသူတွေရဲ့ အနေအထိုင်ကို အမှတ်ပေးကြတာပါ” လို့ ကမာမိုကျေးရွာ မွန် ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ အမှတ်ပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ မင်းမျိုးမင်းလတ်က ပြောပါတယ်။
ပြိုင်ပွဲဝင်လှည်းယာဉ်တွေအနေနဲ့က သက်ဆိုင်ရာစုရပ်တွေကနေ ကမာမိုကျေးရွာ တောင်ပိုင်းရှိ ဝင်းလဲ့ညီနောင် ဆုတောင်းပြည့်စေတီတော်သို့ လှည်းယာဉ်နဲ့ သွားရောက်ကာ ဘုရားဖူးပြီးနောက် ကမာမိုကျေး ရွာအလယ်ပိုင်းရှိ ဘုရားပွဲကျင်းပရာကွင်း အတွင်းသို့ မောင်းနှင်လာရကြောင်းနဲ့ လမ်းတစ်လျှောက်ရှိတဲ့ အမှတ်ပေးအဖွဲ့တွေကလည်း အကဲဖြတ်အမှတ်ပေးကြတယ်လို့ သိရပါတယ်။
ယခုနှစ် ကမာမိုဘုရားပွဲတော်မှာ မွန်ရိုးရာ လှည်းယဉ်ကျေးမှုအလှပြိုင်ပွဲဝင်လှည်းယာဉ်ပေါင်းက သုံးစီးသာရှိတော့တယ်လို့ သိရပါတယ်။ ဒါကလည်း ခေတ်ကာလအနေအထားသက်ဆိုင်နေသလို ဒီမွန်ရိုးရာလှည်းယဉ်ကျေးမှုအလှပြိုင်ပွဲအပေါ် စိတ်ပါဝင်စားမှု လျော့နည်းလာကြတဲ့အတွက်ကြောင့်လို့ ဆိုကြပါတယ်။
“အရင်တုန်းကတော့ လှည်းပြိုင်ပွဲမှာ လှည်းယာဉ် ရှစ်စီး၊ ကိုးစီးလောက်အထိ ရှိခဲ့ပါတယ်။ အရင်တုန်းက လှည်းတွေကများတယ်။ အခုနောက်ပိုင်းမှာက လှည်းကနည်း လာတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် လှည်းက သုံးစီးပဲရှိတော့တယ်။ အခုနောက်ပိုင်းမှာက လယ်ထဲမှာဆိုရင် နွားတို့၊ ကျွဲတို့သိပ်မသုံးကြတော့ဘူး။ နောက် ဒီလှည်းအလှပြိုင်ပွဲကလည်း ကျွန်တော်တို့ရွာမှာပဲ ကျန်တော့တာ” လို့ နိုင်ရာဇာက ပြောပါတယ်။
ထို့အတူ မင်းမျိုးမင်းလတ်က “လှည်းတွေနည်းလာတယ်ဆိုတာက အခုလယ်လုပ်ကြသူတွေက နွားနဲ့မလုပ်ကြတော့ဘူး။ စက်ယန္တရားတွေနဲ့ဖြစ်သွားကြပြီ။ အဲဒီတော့ နွားတွေသိပ်မရှိတော့ဘူး။ လှည်းတွေလည်း နည်းသွားတယ်ပေါ့” လို့ ဆိုပါတယ်။
ရှေးဘိုးဘွားအစဉ်အဆက်က ရိုးရာဓလေ့တစ်ခုအနေနဲ့ ကျင်းပလာခဲ့ကြတဲ့ မွန်ရိုးရာလှည်းယဉ်ကျေးမှုအလှပြိုင်ပွဲဟာ အခုဆိုရင်တော့ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီး ပျောက်ကွယ်လုနီးဖြစ်နေပြီလို့ ဆိုရတော့မှာပါ။
ဒီအခြေအနေကို အချိန်မီ မကုစားပေးနိုင်ဘူးဆိုရင်တော့ဖြင့် ချစ်စရာမွန်ရိုးရာဓလေ့တစ်ခု ပျောက်ကွယ်သွားနိုင်မယ့်အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်။
မွန်ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ လှည်းတွေကို ရွာတိုင်းရွာတိုင်းမှာ ပျောက်ကွယ်နေတဲ့ ရွာတွေအားလုံးပေါ့လေ။ အားလုံးပြန်ပြီးတော့ ဖော်ထုတ်စေချင်ပါတယ်။ လှည်းတွေ နွားတွေက အစပေါ့လေ။ ရှိတဲ့သူတွေကလည်း ၀ိုင်းဝန်းပံ့ပိုးပေးစေချင်ပါတယ်”လို့ နိုင်ဘအောင် တိုက်တွန်းပြောကြားပါတယ်။
ထို့အတူ နိုင်ရာဇာကလည်း “၀ါသနာရှင်တွေအနေနဲ့က နှစ်စဉ်နှစ်တိုင်းလာရောက် ယှဉ်ပြိုင်စေချင်ပါတယ်။ လှည်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နွားတွေလည်း လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေပေါ့လေ။ လာရောက်ယှဉ်ပြိုင်စေချင်ပါတယ်။ အဓိကကတော့ ရိုးရာဓလေ့မပျောက်ပျက်အောင် ထိန်းသိမ်းစေချင်လို့ပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
“လက်ရှိ ရှိနေကြတဲ့ လှည်းတွေကိုလည်း မရောင်းစေချင်ပါဘူး။ နွားတွေဆိုလည်း ဒီလိုပဲ။ စျေးကောင်းရရင် ရောင်းလိုက်ကြတာပဲ။ အဲဒါမျိုးတွေ မဖြစ်စေချင်ပါဘူး။ နောက်ဆိုရင် နွားကိုကြည့်ချင်ရင် ပြတိုက်မှာ သွားကြည့်ရတော့မယ့်အနေအထားမျိုးဖြစ်လာနေပါပြီ။ အဲဒါကြောင့် ကျန်နေသေးတဲ့ လှည်းတွေ၊ နွားတွေကို ဆက်ပြီး ထိန်းသိမ်းထားစေချင်ပါတယ်။ နောက်တစ်ချက်က ပြိုင်ပွဲဝင်တွေအတွက်ကလည်း ဆုကို ထိုက်ထိုက်တန်တန်ပေးစေချင်တယ်။ ဒါကလည်း ဒီပြိုင်ပွဲအပေါ်မှာ ပြန်ပြီး စိတ်ဝင်စားလာနိုင်မယ့် အချက်တစ်ချက်လို့ ယူဆပါတယ်”လို့ မင်းမျိုးမင်းလတ်က ပြောပါတယ်။
လူမျိုးတစ်ခုချင်းစီမှာ သူ့နဲ့သက်ဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတွေက ရှိကြစမြဲပါ။ အဲဒါတွေက အဲဒီလူမျိုးစုရဲ့ သမိုင်းပါပဲ။ ခေတ်ကာလအခြေအနေတွေဘယ်လိုပင် ပြောင်းလဲနေပါစေ။ ရှေးဘိုးဘွားအစဉ် အဆက်က ထိန်းသိမ်းလာခဲ့ကြတဲ့ တန်ဖိုး ထားစရာ၊ ချစ်စရာကောင်းတဲ့ရိုးရာဓလေ့ တစ်ခုကိုတော့ မိမိလက်ထက်မှာ ပျောက်ကွယ်ခွင့်လိုက်ကြမှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါပြီ။
ဘယ်လိုအကြောင်းတွေရှိနေပါစေ။ မွန်ရိုးရာ လှည်းယဉ်ကျေးမှု အလှပြိုင်ပွဲကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးကြပါ။ နှောင်နှစ်တွေမှာ ပြိုင်ပွဲဝင်လှည်းယာဉ်တွေ ပိုမိုများပြားလာအောင် ၀ိုင်းဝန်းကြိုးစားပေး ကြဖို့ တိုက်တွန်းလိုပါတယ်။










