MoU လုပ်သား​စေလွှတ်မှုက တရားမဝင်သွား​ရောက်မှုကို ဟန့်တားနိုင်ပါ့မလား

MoU လုပ်သား​စေလွှတ်မှုက တရားမဝင်သွား​ရောက်မှုကို ဟန့်တားနိုင်ပါ့မလား
Published 15 May 2022
ကိုရွှေသိန်း၊ ဇော်မိုးဦး

မြန်မာ-ထိုင်း မြဝတီနယ်စပ်မှ တစ်ဆင့် MoU လုပ်သားအဖြစ် တရားဝင်​စေလွှတ်ခြင်းကို နှစ်နှစ်​ကျော် ရပ်ဆိုင်းထားရာက​နေ မေ ၁၀ ရက်မှာ ပထမဆုံး အကြိမ်အဖြစ် စတင်​စေလွှတ်နိုင်ခဲ့ ပြီဖြစ်ပါတယ်။

မြဝတီ -မဲ​ဆောက် အမှတ် (၂) ချစ်ကြည်​ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ​ မေ ၁၀ ရက်​မှာ ၂၈၀ ​ကျော်၊ ​မေ ၁၁ ရက်မှာ ၃၀၀ ​ကျော် ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။

မြန်မာ -ထိုင်း အမှတ် (၁) ချစ်ကြည်​ရေးတံတားကို ကူးစက်မြန် COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှု​တွေကြောင့် ၂၀၂၀ မတ် ၂၃ ရက်​က စတင်ကာ ပိတ်ထားခဲ့သလို MoU လုပ်သား​စေလွှတ်မှုကိုလည်း မတ် ၁၀ ရက်​က ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

တရားဝင် လုပ်သား​စေလွှတ်ခြင်းကို နှစ်နှစ်​ကျော်ကြာရပ်နား ထားခဲ့တဲ့နောက် မြန်မာ့​ရွှေ့ပြောင်း လုပ်သား​တွေကို ထိုင်းနိုင်ငံသို့  ​စေလွှတ်နိုင်ခဲ့တဲ့ မြဝတီမြို့ အလုပ်သမားရုံးက တာဝန်ရှိသူတစ်ဦးက “ကိုဗစ်ကြောင့် နှစ်နှစ်​ကျော်ကြာ ရပ်ဆိုင်းခဲ့တဲ့ MoU လုပ်သား​စေလွှတ်မှုကို ခုအချိန်မှာ ထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာအစိုးရ၊ မြဝတီခရိုင် နဲ့ တာ့ခ်ခရိုင်တို့ ​ဒေသအာဏာပိုင်​တွေရဲ့ညှိနှိုင်း​ဆွေး​နွေးမှုနဲ့ ယ​နေ့မှာ ​လုပ်သား​တွေ တရားဝင်​စေလွှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြဝတီ​ရွှေ့​ပြောင်း အလုပ်သမားရုံးအ​နေနဲ့ ထိုင်းနိုင်ငံကို ဝင်​ရောက်တဲ့အလုပ်သမား​တွေ လွယ်ကူ​ချော​မွေ့စွာသွား​ရောက်နိုင်ဖို့ ၊ လုပ်ငန်းခွင်မှာ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်ကို အပြည့်အဝရရှိ​အောင် ​ဆောင်ရွက်ရတဲ့ဌာနလည်းဖြစ်ပါ တယ်” လို့ ​ပြောဆိုခဲ့ပါတယ်။

ယခင်က ထိုင်းနိုင်ငံသို့  MoU လုပ်သား ​နေ့စဉ် ၂၀၀၀ နီးပါး ထွက်ခွာခဲ့ကြ​ပေမဲ့ ယခု MoU လုပ်သား​စေလွှတ်ဖို့ စတင်ချိန်မှာ တစ်​နေ့ ၂၀၀ ​ကျော် ၊ ၃၀၀ ခန့်သာ ထွက်ခွာ နိုင်ခဲ့တဲ့အတွက်  မြန်မာနိုင်ငံဘက် က လုပ်သားထွက်ခွာနှုန်းမှာ လာအို၊ ကမ္ဘာဒီးယားနိုင်ငံတို့ထက် ​လျော့နည်း​ နေ​သေးတယ်လို့  အလုပ်သမား အ​ရေး​ဆောင်​နေသူ တစ်ဦးကဆိုပါ တယ်။

မဲ​ဆောင်အ​ခြေစိုက် မြန်မာ ပြည်သားများအ​ရေးပူးတွဲလှုပ်ရှားမှု​ကော်မတီ(JACBA) ဥက္ကဋ္ဌဦးမိုးကြိုး က “အောက်​ခြေနဲ့ အလယ်အလတ် ဆွေး​နွေးမှုမှာ​ခေါင်းစဉ်​တွေ​ထောက်​နေတာရှိ​သေးတယ်လို့ သိရပါတယ်။တရားဝင် ခွင့်ပြုတယ်ဆို​ပေမဲ့ ကေ​မ္ဘာဒီးယားတို့၊ လာအိုတို့က ထိုင်းနိုင်ငံထဲ ဝင်တဲ့နှုန်းက များ​နေတယ်။မြန်မာက အလုပ်သမားဝင်တဲ့နှုန်းက နည်း​နေ​တယ်။ အဲဒီလိုဝင်တဲ့နှုန်း နည်းတဲ့ခါကျ​တော့ တရားမဝင် ဝင်တဲ့နှုန်း ​တွေက ဘယ်လိုမှရပ်သွားမှာ မဟုတ်​သေးဘူး။ကျွန်​တော့်အမြင်နဲ့​ပြောရရင် ဧပြီလနဲ့ယှဉ်လိုက်ရင် ခု​မေလက တရားမဝင် ဝင်​ရောက်မှု ပိုမိုများလာတယ်။ ခုဆိုရင် ​မေလ ၁ ရက်​နေ့က​နေ ၁၂ရက်အတွင်းမှာ ၉၄၀ ​ကျော်ထိ ထိုင်းနိုင်ငံထဲကိုတရား မဝင်ဝင်​ရောက်လို့  ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သလို လူပွဲစား ၁၂ ​ယောက်လည်း ဖမ်းဆီးခံရပြီးဖြစ်ပါတယ်” လို့ ဆိုပါ တယ်။

ပြည်တွင်းအလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာနည်း​နေတဲ့အတွက်  လုပ်ခလစာ ပိုမိုရရှိတဲ့ ထိုင်းနိုင်ငံသို့ သွားချင်တဲ့သူ​တွေ များပြား​နေ​တဲ့အတွက်  မြန်မြန်သွက်သွက် ​စေလွှတ်နိုင်ဖို့လိုအပ်​နေ​သေးတာ ဖြစ်ပါတယ်။

“အဲဒီ​တော့​သောင်းနဲ့ချီသိန်း နဲ့ချီရှိ​နေတဲ့ MoU စနစ်နဲ့  ထိုင်းနိုင်ငံထဲကို ဝင်​ချင်ကြတဲ့ လုပ်သား​တွေ ကို မြန်မြန်ဆန်ဆန် သွက်သွက် လက်လက် ထိုင်းနိုင်ငံထဲ ဝင်လို့ရ​အောင် နည်းလမ်းရှာမယ်။ တွေ့ရှိတဲ့ နည်းလမ်းအတိုင်း ထိထိမိမိ မြန်မြန် ဆန်ဆန် အ​ကောင်အထည်​ဖော် မယ်ဆိုရင်​တော့မြန်သွားလိမ့်မယ်။ခု​တော့ တစ်ခုမဟုတ်တစ်ခု ​ထောက်ထောက်​နေတယ်။ အဲဒီအခါကျ​ လူ​တွေက ကြာလာရင် တစ်ရက်ဆို တစ်ရက် မသက်သာဘူး။ တရားဝင် MoU လမ်းကြောင်းကြီး ရှိနေပါလျက်နဲ့ မကြာခဏမော်တော်ယာဉ် တိမ်းမှောက်လို့ သေကျေ၊ ဒဏ်ရာ ရရှိမှုတွေဘယ်သူမျှမဖြစ်ချင်ကြပါဘူး။ မြန်မာလုပ်သား​တွေ တရား မဝင် ဝင်ရောက်နေရတာက ရွေးချယ်စရာ မရှိကြတော့လို့၊ သေရင်သေ၊ မသေရင် နေဆိုပြီးအသက်ထပ် စွန့်စားခန်း ဝင်လာကြပုံရတယ်။ ၁၈ နှစ်ကနေ ၃၀ နှစ်ကြားအရွယ်ကောင်း လူငယ်မောင်မယ်တွေဟာ ယာဉ်မတော်တဆမှုကြောင့် မသေရင်လည်း ပွဲစားပစ်ထားလို့ အစာငတ်၊ ရေပြတ်နဲ့သေလုမျောပါးအခြေ အနေဆိုးတွေ ကြုံခဲ့ရသလို ဟင်းသီး ဟင်းရွက်​တွေ တင်ပို့တဲ့ယာဉ်ထဲမှာ  အမှိုက်ခြောက်ကားထဲမှာ အလုံ ပိတ်ကားထဲမှာ မသေကောင်း မပျောက်ကောင်း ခိုအောင်းပုန်းလျှို လိုက်ပါလာကြရတယ်။ အလောင်း အစားကြီးလွန်းပေမဲ့ တရားဝင်လမ်း​တွေ မရှိ​ခင်က ရွေးချယ်စရာမရှိကြဘူး​လေ” လို့ ဦးမိုးကြိုးက ဆိုပြန်ပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မတ် ၁၆ ရက် နေ့က ထိုင်းတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ပြည်နယ်ထဲမှာ တရားမဝင်​မြန်မာ ၁၈ ယောက် လိုက်ပါလာတဲ့ ယာဉ်တိမ်းမှောက်လို့ ခြောက်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရခဲ့သလို ဧပြီ ၅ ရက်နေ့တုန်းကလည်း တာ့ခ်ပြည်နယ်၊ ဖုတ်ဖရမြို့နယ်ထဲမှာ တရားမဝင်မြန်မာ ၁၈ ယောက်လိုက်ပါ လာ တဲ့ကား တိမ်းမှောက်တာကြောင့် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

အ​ပြောကြွယ်တဲ့ လူကယ်ရီ ပွဲစား​တွေရဲ့ စည်းရုံးမှု၊ လုပ်သား​တွေရဲ့ဘဝရပ်တည်မှု အခက်အခဲ​တွေ​ကြောင့် တရားမဝင် နယ်စပ် ဖြတ်​ကျော်သွား​ရောက်ကြသူ​တွေ များပြား​နေသလို ဖမ်းဆီးခံရမှု​တွေ​များ​နေတာဖြစ်တယ်။

တရားမဝင်နယ်စပ်ဖြတ်​ကျော် သွား​ရောက်တာ​တွေ ၊ ဖမ်းဆီးခံရမှု​တွေ ​လျော့ကျလာ​အောင်  ​ဆွေး​နွေးမှု​တွေမှာ အ​ပေးအယူ မျှမျှတတ ရှိဖို့လိုတယ်လို့ ဦးမိုးကြိုးဆိုပါတယ်။

“Compromise​ ပေါ့။ ညှိနှိုင်း​ဆွေး​နွေးတယ်ဆိုတဲ့​နေရာမှာ အ​ပေးအယူ မျှမျှတတဖြစ်ပြီး​တော့ ကိုယ်သာ​စေ သူနာ​စေ၊ ကိုယ်နာ​စေ သူသာ​စေ ဆိုလို့မရဘူး။ တချို့အပိုင်​းတွေက ဝမ်းဝမ်းပဲ။ အဲ​ဒီတော့ မြန်မာဘက်က ညှိနှိုင်း​ဆွေးနွေးမှု​တွေမှာ ထိုင်းရဲ့အ​နေအထားကို နားလည်ရမယ်။ ထိုင်းနိုင်ငံက ပို့ကုန်များမယ်။ နယ်စပ်ကုန်သွယ်​ရေးမှာ ထိုင်းဘက်က ပြည်ပနိုင်ငံကို ပို့ကုန်များမယ်။ ကိုယ်ကအနာပဲ။ သို့​သော်လည်း ကိုယ်က နာပင်နာငြား​သော်လည်းပဲ အနာထဲက ​အောက်စည်းကပဲ  အသာရ​အောင် ကိုယ့်ရဲ့အလုပ်သမား​တွေ နိုင်ငံသား​တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့  MoU လုပ်သား​တွေ ပိုပြီးပို့နိုင်​အောင်လုပ်ရမယ်ဗျ။ ညှိနိုင်းဆွေး​နွေးတယ်ဆိုတဲ့​အဆင့်မှာ ​အောက်​ခြေနဲ့ အလယ် အလတ်အဆင့်မှာ ​ထောက်​နေတယ်၊ ရပ်​နေတယ်၊ တန့်​နေတယ် ဆိုတာက မဖြစ်သင့်ဘူး။ အရပ် စကားနဲ့​ပြောရရင် ထိုင်းအထာကို ကျွမ်းကျင်လိမ္မာစွာနဲ့ ထိုး​ဖောက် နားလည်နိုင်တဲ့  အလုပ်သမားအရေး ကျွမ်းကျင်သူ​တွေရဲ့ အကြံဉာဏ် တွေ၊ ရယူသင့်တယ်။ အဲဒီ​ရွှေ့​ပြောင်းလုပ်သား​ရေးရာ ကျွမ်းကျင်သူ​တွေက အလုပ်သမားအခွင့်အ​ရေး လုပ်ငန်းခွင်​ဘေးကင်းလုံခြုံ​ရေး၊ သင့်တင့်​လျှောက်ပတ်တဲ့ လုပ်ငန်းခွင်သဘာဝ၊ အခြားဆက်စပ်တဲ့ ထိုင်းနိုင်ငံရဲ့ရာဇဝတ်မှုဥပ​ဒေ၊​လျော်​ ကြေးဥပ​ဒေ၊ အခြား​သော ခံစားခွင့် ဆိုင်ရာ လူမှုဖူလုံ​ရေး အကုန်လုံး ကျွမ်းကျင်ကြတဲ့အတွက် သူတို့ဆီက အကြံဉာဏ်တွေက ဘယ်​တော့မှ အချဉ်းအနှီးမဖြစ်ဘူး။ သူတို့ရဲ့ အကြံပြုစာ​တွေဘာ​တွေကို တ​လေးတစား နဲ့​တောင်းခံသင့်တယ်” လို့ ဦးမိုး ကြိုးက ဆိုပါတယ်။

“တရားဝင် လုပ်သား​စေလွှတ်​ရေး စတင်နိုင်လို့ တရားမဝင် သွားပြီးဖမ်းဆီးခံရမှု​တွေ​လျော့နည်းသွား​လေမလားလို့​ မျှော်လင့်ရ​ပေမဲ့ ကိုယ့်နိုင်ငံမှာ အလုပ်မ​ပေးနိုင်ဘဲ သူများ နိုင်ငံကို့ သွားလုပ်​နေရတာကို​တော့ စိတ်မ​ကောင်းပါဘူး” လို့မြဝတီမြို့မှ ​ဒေသခံတစ်ဦးက​ပြောဆိုပါတယ်။

​မေ ၁၀ ရက်​က ထိုင်းနိုင်ငံ အတွင်းမှာ အလုပ်သွားလုပ်ဖို့ MoU လုပ်သားအဖြစ် ထွက်ခွာခဲ့သူ တစ်ဦးက “မြန်မာနိုင်ငံထဲမှာ​ အလုပ်လို့ လုပ်တယ်။ လစာနည်းတယ်။မိသားစုဝမ်းဝရုံပါပဲ။ ခါးမလှဘူး​ပေါ့။ ဒါ​ကြောင့်မို့ ရှိတာ​လေး ​ရောင်းချပြီး လာခဲ့တာပါ” လို့ဆိုပါတယ်။

တစ်ဖက်မှာလည်း အလုပ်တစ် ခုရရှိဖို့၊ မိသားစုဝမ်း​ရေး​ဖြေရှင်းဖို့ အရေးအသက်စွန့်ပြီး နှစ်နိုင်ငံနယ် စပ်ကိုဖြတ်ကျော်ကာ တရားမဝင်သွားလာနေမှု​တွေကလည်း ယနေ့ တိုင်ရှိနေသေးတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း တရားမဝင် နယ်စပ်ဖြတ်သွားလာမယ့် မြန်မာနိုင်ငံသားများကို သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းမှာ တနင်္သာရီတိုင်းဒေသကြီးဘက်ကို ခြေဦးလှည့်လာကြတာ တွေ့ရပါတယ်။ တနင်္သာရီရိုးမတ​စ်လျှောက်နဲ့  နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ရှိ တောတန်း​တွေက လူပွဲစားများ အတွက် လမ်းကြောင်းသစ်တစ်ခု ပမာ ဖြစ်လာနေတယ်။ ထားဝယ် ခရိုင်ဘက်မှာ ထိုင်းနိုင်ငံရှိ ကန်ချ နာဘူရီခရိုင်၊ မြိတ်ခရိုင်ဘက်မှာ  ပရာကျွတ်ခီရီခံခရိုင်၊ ကော့သောင်း ခရိုင်ဘက်မှာ ချုံဖွန်နှင့် ရနောင်း ခရိုင်များမှာ နယ်ချင်းထိစပ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် နယ်စပ် တောလမ်းများကို အသုံးပြုပြီးတရား မဝင်ဖြတ်ကျော်သွားလာတဲ့ မြန်မာနိုင်ငံသား​တွေက နေ့စဉ်နီးပါး ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်နေကြပြီး  လုပ်ငန်းခွင်​တွေဆီသို့သွားရောက်ဖို့ ကြိုးစားနေကြတာဖြစ်တယ်” လို့ မြိတ်​ဒေသက အလုပ်သမားအ​ရေး ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

“နယ်စပ်တောလမ်းကနေ ထိုင်းနိုင်ငံထဲကိုဝင်ပြေးနေကြတာ နေ့တိုင်းနီးပါပဲ။ ညသန်းခေါင်အချိန် တွေဆိုရင်တောထဲကနေတစ်ဆင့် ထိုင်းထဲကိုဝင်ရောက်တယ်။ ပွဲစားလာခေါ်တာကို စောင့်ပြီး ထိုင်းနိုင်ငံက မြို့အသီးသီးကိုသွားကြတာ ဖြစ်တယ်။ တောထဲမှာ စောင့်နေရင်းဖမ်းခံရတဲ့ သူ တွေရှိသလို  ကားလမ်းပေါ်မှာ ဖမ်းခံထိတဲ့သူတွေလည်း အများကြီးပဲ။ တချို့တစ်ဝက်တော့ လွတ်သွားတာမျိုးရှိတယ်။ တချို့က မြန်မာ-ထိုင်းနယ်စပ်တောလမ်းကို သုံးပြီးဝင်တယ်။ နောက်ပြီး ထိုင်းနိုင်ငံထဲက တောလမ်းတွေကိုပဲ အသုံးပြုပြီး တဖြည်းဖြည်းနဲ့ သွားကြတာမျိုးရှိတယ်။ နယ်စပ်ရွာတွေ ကို နေ့စဉ်နီးပါးလိုလို လူတွေအများ ကြီးလာနေတာ တွေ့ရတယ်” လို့ မြန်မာ-ထိုင်းနယ်စပ် မောတောင် ရွာတွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့များက နေ့ရော ညပါ ကင်းလှည့်စောင့် ကြည့်ပြီး တရားမဝင်ဖြတ်သန်းလာ သူတွေကို ဖမ်းဆီးကြတယ်။ နယ်စပ် တောလမ်းများက ရှည်လျားလှတဲ့ အတွက် နေရာတိုင်းကို မစောင့် ကြည့်နိုင်သလို ဂိတ်​တွေက ဖြတ်သန်းမောင်းနှင် ထွက်ပြေးလွတ် မြောက်သွားသူ​တွေလည်း ရှိနေတယ်လို့ ထိုင်းသတင်းမီဒီယာ​တွေက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း တရားမဝင်နယ် ဖြတ်ကျော် ဝင်ရောက်လာပြီး လုံ ခြုံရေးဂိတ်မှာ အစစ်အဆေးမခံဘဲ ထွက်ပြေးတဲ့ ကားတွေကို ထိုင်းလုံခြုံ ရေးတပ်ဖွဲ့တွေက သေနတ်တွေနှင့် အချက်ပေါင်းများစွာ လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား တစ်ဦးသေဆုံးခဲ့ကာ သုံးဦးကို ဆေး ကုသပေးထားခဲ့ရသေးတယ်။ သေနတ်နှင့်ပစ်ခတ်တဲ့ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေကိုလည်း စစ်ကြောစစ် ဆေးမှု​တွေ ပြုလုပ်နေတယ်။ ထိုင်းနိုင်ငံက အလုပ်သမားလို အပ်ချက်များစွာရှိနေလို့ အလုပ်ရှင်တွေဟာ ပွဲစားတွေနဲ့ ချိတ်ဆက်ထားမှုရှိ သလို ပွဲစားတွေကလည်း မြန်မာ နိုင်ငံသားတွေအပေါ် ခေါင်းပုံဖြတ် မှုတွေလုပ်ဆောင်နေတယ်။ တရားဝင်သွားလာမှုက ငွေကုန်ကြေးကျ ပိုမိုသက်သာပြီး လုံခြုံမှုရှိတယ်ဆို​ပေမဲ့လည်း တခြားအခက်အခဲများစွာ ရှိနေသေးတာကြောင့် တရား မဝင်ဖြတ်သန်းသွားလာမှုများက ရှိဦးမှာ ဖြစ်ပါတယ်။ ယခုနောက်ဆုံးရ သတင်းတစ်ခုအရဆိုရင် ပတ်စ်ပို့စာ အုပ်မလိုပဲ Border Pass နဲ့ ထိုင်း နိုင်ငံကိုအလုပ်သမား ခေါ်ယူတဲ့စနစ် လုပ်ဆောင်ဖို့ ထိုင်း တာဝန်ရှိသူတွေ ဆွေးနွေးနေပြီ ဖြစ်တယ်လို့ သိရ တယ်။ တရားဝင် နယ်စပ်ဂိတ်တွေဖြစ်တဲ့ မြဝတီ-မဲ့ ဆောက်၊ ထီးခီး-ကန် ချနာဘူရီ၊ ကော့သောင်း-ရနှောင်း နယ်စပ်ဂိတ်တွေကနေ ပတ်စ်ပို့စာအုပ်မလိုဘဲ Border Pass နဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်တယ်။ Border Pass ဆိုတာကလည်း ထိုင်းနဲ့ နယ် ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံက  ခရိုင်မြို့တွေထဲမှာ နေထိုင်တဲ့ အိမ် ထောင်စု ဝင်တွေကိုအဓိကထုတ်ပေး တာဖြစ်ပြီး တခြားဒေသမှ အကျုံးဝင် မဝင် မသိရှိရသေးဘဲ ဖြေလျှော့မှုတွေ လုပ် မလုပ်တော့ မသိရသေးပါ။ ထိုင်းမှာ သွားရောက်အလုပ်လုပ် ကိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ နယ်စပ်ဂိတ်တွေမှ မှတ်ပုံတင်ပြရုံနှင့် Border Pass ကို တစ် ခါတည်း ထုတ်ပေးလိုက်မှာဖြစ်ပြီး  ထိုင်းနိုင်ငံထဲမှာ သုံးလနေထိုင်ခွင့် ရရှိမည်ဖြစ်သလို သက်တမ်းတိုး စနစ်နဲ့ အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ပေးသွားမယ့်အစီအစဉ်မျိုးပါ။ ဒီလိုစနစ်ကို အကောင်ထည်ဖော်လိုက်မယ်ဆိုရင် သိန်းဆယ်ချီပြီးပွဲစားတွေကို ပေးကာ အဖမ်းခံရနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အခွင့် အလမ်းကောင်းတစ်ခုဖြစ်ပြီး တရားမဝင်ဖြတ်သန်းသွားလာမှု​တွေကိုလည်း လျှော့ချသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ထို့အတူ ယခုအခါ တရားဝင် MoU လုပ်သား​စေလွှတ် မှုကိုစတင်နိုင်ခဲ့ပြီဖြစ်လို့ တရားမဝင် သွား​ရောက်မှုကို မည်ရွေ့မည်မျှ​ဟန့်တား လျှော့ချလာနိုင်မလဲဆိုတာကို​တော့ဖြင့် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။           

Most Read

Most Recent