လူမျိုးရေးသဘာဝနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

လူမျိုးရေးသဘာဝနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
Photo:Asia Times
Photo:Asia Times
Published 15 May 2022
ရဲကျော်စွာ

၁၉၄၈ ခုနှစ်တွင် ခေတ်သစ် မြန်မာနိုင်ငံ  ပြန်လည်လွတ်လပ်ရေး ရလာချိန်မှ စတင်ကာ ယခုခေတ် အချိန်အထိ မြန်မာလူမျိုးတို့၏ “ လူမျိုးရေးသဘာဝ” (Racial Nature) ကြောင့်  မြန်မာနိုင်ငံ၏ စစ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာများအပေါ် ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများ၏ ကြိုတင်တွက်ချက်မှုများနှင့် ခန့်မှန်းမှုများသည် မကြာခဏပင် အကြိမ်ကြိမ် လွဲချော်ခဲ့ကြသည်။

၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာတို့သည် နိုင်ငံတကာက ထင်မှတ်မထားသော ဖြစ်ရပ်များစွာတွင် နိုင်ငံပြိုကွဲမည့် အရေးများကို အကြိမ်ကြိမ် ရှောင်ရှားနိုင်ခဲ့ကြသည်။ ထို့ပြင် အများစုက မထင်မှတ်ထားသော စစ်ရေးအောင်ပွဲများနှင့် လုံခြုံရေး အောင်ပွဲများကို တစ်ခါတစ်ရံတွင် စစ်ရေးနည်းလမ်းများ၊ တစ်ခါတစ်ရံတွင် စစ်ရေးမဟုတ်သော နည်းလမ်းများဖြင့် မြန်မာတို့က မကြာခဏ အနိုင်ရရှိခဲ့ကြသည်။

သို့သော်လည်း အခြားတစ်ဖက်တွင် နိုင်ငံတကာက မြန်မာတို့ အောင်မြင်တိုးတက်သွားတော့မည်ဟု ထင်မြင်ယူဆ မျှော်လင့်ယုံကြည် ထားလိုက်မိ‌သော ဖြစ်ရပ်များစွာတွင်လည်း မြန်မာတို့သည် ခေတ်မီ နိုင်ငံတော်သစ်တစ်ခုကို မတည်ဆောက်နိုင်ခဲ့ခြင်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီ အချိန်မီ အကောင်အထည်မဖော်နိုင်ခဲ့ခြင်းများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ကြရသည်။

တစ်နည်းအားဖြင့် ရှင်းလင်းစွာ ပြောရလျှင် မြန်မာတို့သည် မည်သည့် ပြည်ပအကူအညီမှ ထိထိ ရောက်ရောက် မရသည့်တိုင်အောင် စစ်မှုရေးရာတွင် အရည်အချင်း မြင့်မားနေခဲ့ပြီး ပြည်ပအကူအညီများ ရရှိနေသည့်တိုင်အောင် စီးပွားရေး နှင့် ဖွံ့ဖြိုးရေးတွင် မြန်မာတို့က ညံ့ဖျင်းလွန်းနေကြခြင်း ဖြစ်သည်။

ယင်းအချက်သည် မြန်မာလူမျိုးတို့၏ “လူမျိုး သဘာဝ”( Racial Nature) နှင့် တိုက်ရိုက်သက်ဆိုင် နေမလားဆိုခြင်းကို ပြန်လည်လေ့လာရန် လိုအပ်နေဆဲ ဖြစ်သည်။

 

၁၉၄၈ ကရင် လက်နက်ကိုင် ပဋိပက္ခ

၁၉၄၈ ခုနှစ်တွင် ရန်ကုန်အစိုးရကို ကရင်တပ်ဖွဲ့များက ၀ိုင်းပတ် ပိတ်ဆို့ထားချိန်တွင် မြန်မာနိုင်ငံ ချုပ်ငြိမ်းသွားတော့မည်ဟု ဗြိတိသျှ ကိုလိုနီ ဗျူရိုကရက်အရာရှိများစွာ က ထင်မြင်ယုံကြည်ကာ ပျော်ရွှင် ဝမ်းသာနေခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ရေးအတွက် ဂဠုန်ဦးစောကို စက်သေနတ်များ ခိုးထုတ် ပေးသောအမှုဖြင့် အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသူ အထူးအရေးကြီး မျက်မြင်သက်သေ တရား ခံဖြစ်သော ဗြိတိသျှ စစ်အရာရှိကိုပင် ကရင်တပ်များက အင်းစိန်ထောင် အတွင်းမှ လာထုတ်သွားခဲ့သည်။ ထို စစ်အရာရှိက ကရင်တပ်ရင်းများကို အထင်ကြီးလွန်နေပြီး ပင်လယ်ရေကြောင်းမှ ပြည်ပသို့ လျှို့ဝှက် ထွက်‌ပြေးရေး အစီအစဉ်ကို ဖယ်ရှားကာ ကရင်ခေါင်းဆောင် စောဘဦး ကြီးနှင့်အတူ တောင်ငူ သံတောင်  စစ်မြေပြင်အထိ အတူလိုက်ပါ ဆုတ်ခွာသွားခဲ့သည်။ နောက်ဆုံး စစ်မြေ ပြင်တစ်ခုတွင် စောဘဦးကြီးနှင့် အ တူသေဆုံးသွားခဲ့သည်။

 

တရုတ်ဖြူ ကူမင်တန်စစ်ပွဲ

၁၉၄၉ ခုနှစ် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ကို မော်စီတုန်း၏ တရုတ်ကွန်မြူနစ်တပ်ဖွဲ့များ သိမ်းယူပြီးနောက်  တရုတ်ပြည်တွင်းစစ်တွင်  ရှုံးနိမ့်လာသော မာရှယ်ချန်ကေ ရှိတ်၏ တရုတ်ဖြူ ကူမင်တန်တပ်များက ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ အတွင်းသို့  ဆုတ်ခွာလာကြချိန်တွင် နိုင်ငံတကာမှ လူပေါင်းများစွာက စစ်သည်အင်အား အရေအတွက် အနည်းငယ်သာရှိသော မြန်မာနိုင်ငံအနေဖြင့် ချန်ကေရှိတ်၏ ကူမင်တန် တရုတ်ဖြူတပ်များ လက်အောက်သို့ ကျရောက်တော့မည်ဟု ယူဆခဲ့ကြသည်။ သို့သော် စစ်ရေးတိုက်ပွဲများ နှင့် သံတမန်ရေး တိုက်ပွဲများကို ပေါင်းစပ်ခဲ့ပြီး နောက်ဆုံးတွင် ကူမင်တန် တရုတ်ဖြူတပ်များ မြန်မာနိုင်ငံ ပြင်ပသို့ ထွက်ခွာပေးခဲ့ရသည်။

 

တရုတ်နီ ကွန်မြူနစ်နှင့် အရှေ့မြောက်စစ်ပွဲ

၁၉၆၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အတွင်း ဗမာ့တပ်မတော်နှင့် ဗမာပြည် ကွန်မြူနစ်ပါတီအကြား၊ မြန်မာဆို ရှယ်လစ်များနှင့် ဗမာကွန်မြူနစ်များ အကြား၊ မြန်မာဆိုရှယ်လစ် လမ်းစဉ် ကိုင်စွဲထားသော တော်လှန်ရေး ကောင်စီအစိုးရနှင့် ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သော ကွန်မြူနစ် အရှေ့အုပ်စုအကြား၊ မြန်မာဆိုရှယ် လစ် အစိုးရနှင့် တရုတ်ကွန်မြူနစ် အစိုးရတို့အကြားသင့်မြတ်၊ ညီညွတ်၊ ပေါင်းစည်းသွားမည့် အရေးများကို အချိန်မီတားဆီးနိုင်ရန် ပြည်တွင်းပြည်ပမှ “ လက်ဝဲ ဆန့်ကျင်ရေး” (Anti-Leftist) အင်အား စုများနှင့် “ကွန်မြူနစ် ဆန့်ကျင်ရေး” (Anti-Communist) အင်အားစုများက အဆိုပါ ဘက်အသီးသီးကို အောင်မြင်စွာ စိမ့်ဝင်ထိုးဖောက်ဝင် ရောက်ကာ စနစ်တကျသပ်လျှို သွေးခွဲ၍စေ့စပ်မရသည့် အဆင့်အထိ ရောက်အောင် ရန်တိုက်ပေးခဲ့သည်။

၁၉၆၇ တရုတ်နီ မော်စီတုန်း ၀ါဒ ဆန့်ကျင်ရေး အဓိကရုဏ်းများ အပြီးတွင် ဗမာပြည် ကွန်မြူနစ်ပါတီ အမှတ်အသားတံဆိပ်များကို တပ်ဆင်ထားသော တရုတ်-မြန်မာ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အပျော်တမ်းတပ်များက မြန်မာနိုင်ငံအရှေ့မြောက် ဒေသသို့ အကြီးစားစစ်ရေးထိုးစစ်များ ဆင်နွှဲလာချိန်တွင် နိုင်ငံတကာ မှ လူပေါင်းများစွာက ကွန်မြူနစ် တရုတ်ပြည်ကို လိုလားသော မော်ဝါဒီ ဗမာပြည် ကွန်မြူနစ်ပါတီ၏  စစ်ရေးထိုးစစ်များအောက်သို့ မြန်မာနိုင်ငံ ကျရောက်သွားတော့မည်ဟု ယူဆသွားခဲ့ကြသည်။

ရန်ကုန်တွင် ကျန်ရစ်နေဆဲ နောက်ဆုံး အင်ဂလိုမြန်မာကပြားများ ပြည်ပသို့ ချက်ချင်းရွှေ့ပြောင်း ထွက်ခွာကြသည်။ ဗိုလ်ချုပ်နေဝင်း၏ အရင်းနှီးဆုံး လူယုံအချို့ပင်လျှင် ပြည်ပသို့ လစ်ထွက်သွားကြသည်။ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသော မြန်မာအထက်တန်းလွှာများပင်လျှင် မြန်မာနိုင်ငံသို့ ပြန်မလာရဲ ဘဲ ဖြစ်နေခဲ့ကြသည်။

နောက်ဆုံးတွင်တော့ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ အရှေ့မြောက်ဒေသ ပြိုကွဲသွားခဲ့ပြီး  ကိုးကန့်နှင့် ဝအဖွဲ့များသည်လည်း နဝတ အစိုးရခေတ်အတွင်း လူထုနှင့် ကင်းကွာသော ငြိမ်းချမ်းရေးအဖွဲ့များ ဖြစ်သွားခဲ့ကြသည်။

 

၂၀ ရာစုနှောင်းပိုင်း ထိုင်းနယ်စပ်တိုက်ပွဲများ

၁၉၈၈ အပြီးတွင် ထိုင်းနယ်စပ် တစ်လျှောက်မှ ကရင်၊ မွန် နှင့် ရှမ်း အစရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစွာသည် မျှော်လင့်ချက် ပြန်လည်မြင့်မားလာပြီး အနောက်အုပ်စု၏ စစ်ရေးအကူအညီများဖြင့် သူတို့တို့ လိုချင်သော ပုံစံနှင့် ကိုက်ညီမည့် မြန်မာပြည်အပြောင်းအလဲကို စစ်ရေးနည်းဖြင့် ဖန်တီးနိုင်ရန် ကြိုးစားခဲ့ကြသည်။

မွန်ပြည်သစ်ပါတီက ငြိမ်းချမ်းရေးယူသည်။ ၁၉၉၄ ခုနှစ်တွင် မာနယ်ပလောဌာနချုပ် အသိမ်းခံရပြီး ကရင့်လက်နက်ကိုင်တိုက်ပွဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့နောက် လွယ်မော်အဖွဲ့ ခေါင်းဆောင် ဦးခွန်ဆာ လက်နက် ချခဲ့သည်။

 

အလှည့်အပြောင်းများ ၂၀၀၂ နှင့် ၂၀၀၄ ခုနှစ်

အက်စ်ယူအာရ်အေ/အာရ်စီ အက်စ်အက်စ်နှင့် ရှမ်းအဖွဲ့များနှင့် ဆက်စပ်ကာ ထိုင်းမြန်မာ နှစ်နိုင်ငံ နယ်စပ် စစ်ရေးတိုက်ပွဲများအပြီးတွင် မြန်မာ့တပ်မတော်၏ ထိပ်တန်း ခေါင်းဆောင်များနှင့် ထိပ်တန်းစစ် ဦးစီးအရာရှိများသည် မြန်မာ့တပ်မတော်ကို လျင်မြန်စွာ ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရန် သမိုင်းဝင် ခေါင်းဆောင်မှု လောင်းရိပ် ဟောင်းအချို့ကို ဖယ်ရှားရန် စတင် ကြိုးစားဆောင်ရွက်လာခဲ့ကြသည်။

၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံတော်နှင့် တပ်မတော် ခေါင်းဆောင်များ၏ ပူးတွဲဆုံးဖြတ်ချက်ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ သားမြေးများ အပါအဝင် သူ၏ ပုဂ္ဂိုလ်ရေး အမာခံအင်အားစုကို စတင် ဖယ်ရှားခြင်း ခံခဲ့ရသည်။ မြန်မာပြည်သူတို့ လုံးဝ ထင်မှတ်မထားခဲ့သော ဖြစ်ရပ် တစ်ခုလည်း ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားကာ ခေတ်သစ် မြန်မာနိုင်ငံသမိုင်းတွင် ဒုတိယအကြိမ်အဖြစ် “အမျိုးသား ထောက်လှမ်းရေးအဖွဲ့” (National Intelligrnt Bureau -NIB) နှင့် “တပ်မ တော် ထောက်လှမ်းရေးတပ်ဖွဲ့များ”  (Defense Services Intelligent Service-DSIS) ကို ဖျက်သိမ်းပစ်ခဲ့သည်။ စစ်ထောက်လှမ်းရေး (Military Intelligence-MI) အမည်ဖြင့် ပြန်မထားတော့ဘဲ စစ်ဘက်လုံခြုံရေးအဖွဲ့ စရဖ နှင့် စစ်သတင်းတပ်ဖွဲ့များကိုသာ အစားထိုးထားရှိခဲ့တော့သည်။

 

လတ်တလော ထင်မြင်ယူဆချက်များ

လက်ရှိ အချိန်တွင်လည်း မြန် မာ့တပ်မတော် နှင့် မြန်မာအမျိုးသားရေးဝါဒီ အင်အားစုများ အပေါ်  ပြည်တွင်းပြည်ပမှ လူပေါင်းများစွာ၏ ၀ိုင်းဝန်း ဆန့်ကျင် ထိုးနှက်နေကြခြင်းကြောင့်  မြန်မာ့တပ်မတော်နှင့် မြန်မာ အမျိုးသားရေးဝါဒီ အင်အားစုများသည် မြန်မာ့သမိုင်းတွင် တစ်ခါမှ မကြုံတွေ့ဖူးသော အတိုင်းအ တာဖြင့်  ဘက်စုံ အထွေထွေ အကျပ် အတည်းအတွင်းသို့ ဆိုက်ရောက်နေပြီဟု ထင်မြင်ယူဆနေကြသူများ အလွန်များပြားနေသည်ကို ထင်ရှား သိသာစွာ တွေ့မြင်နေရသည်။

အလားတူပင် လူမှုမီဒီယာပေါ် မှ သတင်းများကို ဖတ်ရှုကာ မြန်မာ့ တပ်မတော်သည် စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်များ ကျဆင်းနေပြီဟု ယူဆနေကြသူများလည်းရှိသည်။ ထိုသူများထဲတွင် ပြည်တွင်း ပြည်ပမှ သက်ကြီးပိုင်းနှင့် သက်လတ်ပိုင်း ပညာတတ်များလည်း ပါဝင်ကြသည်။

ထို့ပြင် ပြည်တွင်းပြည်ပမှ ဘာသာရေးလူနည်းစုများအနက် မျှော်လင့်ချက် ကြီးမားနေသူများစွာက အမေရိကန် ပြည်ထောင်စု ဦးဆောင်သော အနောက်အုပ်စုက မြန်မာနိုင်ငံမှ ပဋိပက္ခ ဖြစ်ပွားနေသော လက်နက်ကိုင် အဖွဲ့များကို  စစ်ရေးအရ ထိရောက်စွာ ကူညီပံ့ပိုးပေးလျှင် သို့မဟုတ် စစ်ကူပေးလျှင် မြန်မာ့တပ်မတော် နှင့် မြန်မာအမျိုးသားရေးဝါဒီ အင်အားစုများက စစ်ရေးအရ ခုခံတိုက်ခိုက်နိုင်စွမ်းမရှိဘဲ ရှုံးနိမ့်သွားမည်ဟု ပုံသေ၊ တရားသေ၊ လှေနံဓားထစ် အယူသည်းစွဲလမ်းကာ တကယ်ယုံကြည်နေကြသည်။

ထိုကဲ့သို့ ထင်မြင်ယူဆနေသူများထဲတွင် ဘာသာရေး လူနည်းစု မဟုတ်သော၊ လူမျိုးရေး လူနည်းစု မဟုတ်သော၊ မြန်မာတိုင်းရင်းသားများထဲမှ မိမိကိုယ်ကိုမိမိ “လက်ဝဲ”  ဟု လည်းကောင်း၊ “ လစ်ဘရယ်” ဟု လည်းကောင်း ခံယူသတ်မှတ်ထားကြသူများနှင့် ပတ်ဝန်းကျင်မှ “ ပညာတတ်များ”  (Intellectuals) အဖြစ် သတ်မှတ်ခြင်း ခံထားကြရသူများ အပါအဝင် အသက်အရွယ် ကြီး-ငယ်-လတ် အမျိုးအစား အုပ်စုမျိုးစုံ ပါဝင်နေကြသည်။

 

စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွင်း လူမျိုးသဘာဝ

၁၉၄၈ မှ စတင်ကာ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးတွင် လျင်မြန်စွာ အောင်မြင်တိုး တက်လာတော့မည်ဟု နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များစွာက အချိုးအကွေ့တိုင်းတွင် အကြိမ်ကြိမ် ထင်မြင်ယူဆခဲ့ကြသည်။ ထို့နောက် အကြိမ်ကြိမ် လွဲချော်ခဲ့ကြသည်။

 

ဦးနု၏ ဖဆပလ ပါလီမန်အစိုးရခေတ်

ဖဆပလခေတ်တွင် ဦးနု၏ ပါလီမန်အစိုးရသည် စစ်ပြီးကာစ ခေတ်  ၁၉၅၀ ပြည့်နှစ် ကာလများ အတွင်း ထိုအချိန်က ဆင်းရဲကျပ် တည်းနေသော အနောက်ဂျာမနီ၊ အီတလီနှင့် ဂျပန်မှ အင်ဂျင်နီယာများနှင့် နည်းပညာသည် ကျွမ်းကျင် အလုပ်သမားများကို ခေါ်ယူကာ မြန်မာနိုင်ငံကို ဆယ်စုနှစ်တစ်ခုအတွင်း “အဆင့်မြင့်စက်မှုနိုင်ငံ”  (Advanced Industrialist Nation) တစ်ခု ဖြစ်စေရန် လုပ်ဆောင်လာနိုင်သည်ဟု ထိုစဉ်က နိုင်ငံခြားသားများစွာက ထင်မြင်ယူဆထားခဲ့ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသည် အာရှတိုက်အတွင်း အချမ်းသာဆုံး နိုင်ငံဖြစ်နေပြီး  ထိုကဲ့သို့ ငှားရမ်းနိုင်သော ငွေအင်အားလည်းရှိခဲ့သည်။

ကာယကံရှင် ဝန်ကြီးချုပ်ဦးနု ကမူ ထိုအကြောင်းကို သတိပင် မထားမိခဲ့။ လုံးဝပင် မတွေးမိခဲ့။ စိတ်လည်း မဝင်စားခဲ့။

ဦးနုသည် သက်ကြီးရွယ်အိုများ အဘိုးအိုအဘွားအိုများက လူစုလူဝေးဖြင့် ထိုင်ကန်တော့ခြင်းများကို ကန်တော့ခံရင်း၊ အများကြိုက်စကားများကို‌ပြောရင်း၊ Buddhism ကို နိုင်ငံတော်ဘာသာအဖြစ် ကြေ ညာသတ်မှတ်ရေးအတွက် ဆောင်ရွက်ရင်းဖြင့် ၁၉၆၂ ခုနှစ်တွင်သာ ဗိုလ်ချုပ်နေဝင်းလက်ဝယ်သို့ အာဏာများ ပါသွားခဲ့သည်။ နိုင်ငံခြားသားများက သူ့ကို အထင်ကြီး ယူဆထားသော အလုပ်များကို တစ်ခုမျှ ပင် မလုပ်ခဲ့မိလိုက်ပေ။

 

ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ်အစိုးရခေတ်

၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ကွန်မြူနစ် ဆန့်ကျင်ရေးသမားများ အပါအဝင် နိုင်ငံခြားသားပညာရှင်များစွာက ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရသည် ဆိုဗီယက်ပြည်ထောင်စု က ဦးဆောင်နေသော အရှေ့ ဥရောပ ကွန်မြူနစ်နိုင်ငံများနှင့် လက်တွဲကာ မြန်မာနိုင်ငံကို အချိန်တိုအတွင်း ဆိုရှယ်လစ်ပုံစံ စက်မှုတော်လှန်ရေး ဆင်နွှဲတော့မည်ဟု ထင်မြင်ယူဆခဲ့ ကြသည်။

လက်တွေ့တွင်မူ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် ဆိုဗီယက် ပြည်ထောင်စု ဦးဆောင်သော ကွန်မြူနစ် အရှေ့အုပ်စု အတွင်းသို့ ဝင်မပါခဲ့။ တရုတ်ကွန်မြူ နစ်ပါတီက ဦးဆောင်ထားသော တရုတ်၊ အယ်လ်ဘေးနီးယား၊ အီရန်၊ ပါကစ္စတန်၊ ခမာနီ၊ မြောက်ကိုရီးယား မဟာမိတ်အဖွဲ့အတွင်းသို့ လည်း ဝင်မပါခဲ့။

ဗိုလ်ချုပ်ကြီးနေဝင်းသည် သူ နှင့်အလွန်ရင်းနှီးသော အထက်တန်းလွှာ မိတ်ဆွေများ ပေါများသည့် ဗြိတိန်နိုင်ငံသို့ နှစ်စဉ်နီးပါး ကာလ ရှည်ခရီးရှည်များထွက်ကာ ဗြိတိန် နိုင်ငံတွင် မကြာခဏ လပေါင်းများစွာ အချိန်ကုန်နေတတ်ခဲ့သည်။

၁၉၈၈ ခုနှစ် အထွေထွေ “အရပ်ဘက် အုံကြွမှုများ”  (Civil Uprisings) အပြီးတွင် ဗဟိုထိန်းချုပ်သော ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ပြန်လည်ဖျက်သိမ်းပြီး စျေးကွက်စီးပွားရေးစနစ်သို့ ပြန်‌ပြောင်းသွားခဲ့သည်။

 

နဝတနှင့် နအဖ အစိုးရများခေတ်

၁၉၈၈ ခုနှစ်တွင် စျေးကွက် စီး ပွားရေး စတင်ချိန်တွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် လူမှုရေး လျင်မြန်စွာ တိုးတက်လာတော့မည်ဟု ထင်မြင်ယူဆခဲ့သူများထဲတွင် အနောက်နိုင်ငံများမှ အရာရှိများ၊ သံတမန်များ ၊ သုတေသီများ၊ အာဆီယံ အဖွဲ့အတွင်းမှ ဉာဏ်ကြီးရှင်များ (Think Tanks)၊ စင်ကာပူ ခေါင်းဆောင်များနှင့် မလေးရှား ခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်နေခဲ့ကြသည် ။

 

ယခင် NLD အစိုးရသက်တမ်း (၂၀၁၅  -၂၀၂၀)

မြန်မာနိုင်ငံ အနေဖြင့် ဆင်းရဲ မွဲတေမှုများကို လျှော့ချတိုက်ဖျက်ကာ ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေး လျင်မြန်စွာ တိုးတက်လာတော့မည် ဟု ပြည်တွင်း ပြည်ပမှ သာမန်ပြည် သူများ အပါအဝင် လူပေါင်းများစွာ က ထင်မြင်ယူဆထားခဲ့ကြသည်။

ထိုအချိန်အတွင်း “ စားသုံးခွန်များ”  (Consumer Taxes) ကို “ကုန်သွယ်ခွန်”  (Trade Tax) အမည်ဖြင့် တိုးမြှင့် ကောက်ခံရာမှ ဆင့်ပွားရိုက်ခတ်လာသော စီးပွားရေးကျဆင်းမှု နှင့်အတူ COVID-19 က အဆစ် ထပ်ထောင်းပေးလိုက်ပြန်သည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး ပဋိပက္ခများမှသည် လက်နက်ကိုင်ပဋိပက္ခများ အပါအဝင် ပြင်းထန်လှသော နိုင်ငံလုံးဆိုင်ရာ အထွေထွေ ပဋိပက္ခများ၏ ဆိုးရွားလှသော ဖြစ်စဉ်တစ်ခုကို ဆက်လက် ဖြတ်သန်းနေရသည်။

 

မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ပြည်ပအခြေအနေအပေါ် ထင်မြင်ယူဆချက်များ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဒီမိုကရက်တစ်ပါတီမှ ၀ါရင့် လစ်ဘရယ်တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးများ၊ ဘာသာရေး လူနည်းစုများ အရေး၊ လူမျိုးရေး လူနည်းစုများအရေး၊ တိုင်းရင်းသား လူနည်းစုအရေးများအတွက် ပိုမို အာရုံစိုက်ဆောင်ရွက်ပေးလာမည်ဟု မြန်မာနိုင်ငံအတွင်းမှ လစ်ဘရယ်ဝါဒီများစွာက ထင်မြင်ယူဆမျှော်လင့် အားကိုးနေကြသည်။

ထို့ပြင် မြန်မာနိုင်ငံမှ လစ်ဘ ရယ်ဝါဒီ လူငယ်များစွာနှင့် အမျိုးသားရေးဝါဒ ဆန့်ကျင်ရေးသမား (Anti Nationalists) များစွာက အမေရိကန် ဒီမိုကရက်တစ်ပါတီ မှ ခေါင်းဆောင်များသည် နိုင်ငံတကာတွင် ခေါင်းထောင်လာနေသော “ အမျိုးသားရေးဝါဒများ”  (Nationalisms ) ကို တွန်းလှန်သွားကာ အနောက် တိုင်းပုံစံ လစ်ဘရယ်ဝါဒအောင်ပွဲများနှင့် နီယိုလစ်ဘရယ်ဝါဒ အောင်ပွဲများကို မြှင့်တင်ယူဆောင်ပေး လိမ့်မည်ဟု ထင်မြင်ယူဆ မျှော်လင့် အားကိုးနေကြသည်။

 

လူမျိုးသဘာဝနှင့် လူမှုသိပ္ပံများ၏ အဆက်အစပ်

နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ အပါအဝင် “ လူမှုသိပ္ပံများ”  ( Social Sciences) အတွင်း “လူမျိုးသဘာဝ”  (Racial Nature) ဆိုသည်မှာ အလွန်အရေးကြီးသော၊ မဖြစ်‌မနေ ထည့်သွင်းတွက်ချက်ရသော၊ စနစ်တကျ သုတေသနပြုလုပ်ရသော ပညာရပ်နယ်ပယ်များ ဖြစ်သည်။

ယင်းနယ်ပယ်များ အတွက် (၁) နိုင်ငံရေး မနုဿဗေဒ (Political Anthropology )၊ (၂) နိုင်ငံရေး လူမျိုး‌စုဗေဒ (Political Ethnology)၊ (၃) စီးပွားရေး မနုဿဗေဒ (Ecoonomic Ethnology)၊ (၄) စီးပွားရေး လူမျိုးစုဗေဒ (Economic Ethnology) အစရှိသော သက်ဆိုင်ရာ လူမှု သိပ္ပံပညာရပ်များဖြင့် စနစ်တကျ သုတေသန ပြုလုပ်ကြရသည်။

လူမျိုးများ၏ လူမျိုးရေး သဘာဝများကို ပုံဖော်၊ ဖန်တီး၊ ပြုပြင် စီမံခြယ်လှယ်သော အရာများထဲတွင် လူမျိုးတစ်ခုချင်း အလိုက်၏ ရုပ်ပိုင်းဆိုင်ရာ မျိုးဗီဇဖွဲ့စည်းပုံ၊ အာရုံကြော စနစ် အဆင့်အတန်း၊ ရုပ်အာဟာရ များ၊ စိတ်အာဟာရများ၊ ရာသီဥတု နှင့် ပတ်ဝန်းကျင်၊ သမိုင်းကြောင်းနှင့် အတွေ့အကြုံများ၊ ရိုးရာ အလေ့အ ထများနှင့် စွဲကပ်နေသော ဓလေ့ ယဉ်ကျေးမှု၊ ကျင့်သားရနေသော အပြုအမူများ၊ ပညာရေး၊ ပြန်ကြားရေး၊ စာပေ၊ အနုပညာနှင့် ဖျော်ဖြေရေး ဆိုင်ရာ အဆင့်အတန်းများနှင့် အချက်အလက်များ ကျယ်ပြန့်စွာ ပါဝင်နေကြသည်။

 

ပြောင်းလဲနေသော လူမျိုးသဘာဝ

လူမျိုးသဘာဝဆိုသည်မှာ အမြဲတမ်းအတွက် ပုံသေမဟုတ်ပါ။ အရာရာတိုင်းသည် ပြောင်းလဲနေခဲ့ သကဲ့သို့ လူမျိုးတစ်မျိုး၏ လူမျိုး သဘာဝဆိုသည်မှာလည်း သမိုင်းခေတ်များအလိုက်၊ သမိုင်းခေတ်ခွဲများအလိုက် ပြောင်းလဲနေသည်။

လူမျိုးတစ်မျိုး၏ လူမျိုးသဘာဝကို ပိုမိုနိမ့်ကျသွားစေရန် ကျဆင်းသွားအောင်လည်း ပြုလုပ်၍ရသည်။ ပိုမိုမြင့်တက်လာစေရန်လည်း ပြုလုပ်၍ရသည်။

မြန်မာတို့၏ လူမျိုးသဘာဝ ပိုမို မြင့်တက်လာစေရန် ကြိုးစား အားထုတ်ရမည့်အလုပ်မှာ မြန်မာတို့ ကိုယ်တိုင် ဆောင်ရွက်ရမည့် တာဝန်သာ ဖြစ်သည်။

 

နိုင်ငံတော်အတွက် ဘာလုပ်ပေးမလဲ

“ နိုင်ငံတော်က သင့်အတွက် ဘာလုပ်ပေးမလဲ ဆိုတာကို မမေးပါ နဲ့။ သင်က နိုင်ငံတော်အတွက် ဘာ လုပ်ပေးနိုင်မလဲဆိုတာကို မေးပါ”

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန် ဒီမိုကရက်တစ်ပါတီမှ သမိုင်းဝင် သမ္မတဂျွန်အက်ဖ် ကနေ ဒီ၏ ပြောဆိုချက်တစ်ခု ဖြစ်သည်။

၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ် အထိ မြန်မာတို့၏ အများစုက နိုင်ငံတော်က မိမိတို့ အတွက် ဘာလုပ်ပေး နိုင်မလဲဆိုသော မေးခွန်းမျိုး အကြိမ်ကြိမ် မေးတတ်ခဲ့ကြသည်။

သို့သော်လည်း မြန်မာတို့၏ လူဦးရေ အများစုကိုယ်တိုင်က မိမိတို့၏ လူမျိုးသဘာဝအရပင် ထို ခုနှစ် ကာလများအတွင်း “ နိုင်ငံတော်အတွက် မိမိက ဘာပြန်လုပ်ပေးနိုင်မလဲ”  ဆိုသော မေးခွန်းကို မိမိကိုယ်ကိုယ် ပြန်လည်မေးမြန်းသော အလေ့အထ မရှိခဲ့ကြပါ။

နောင်တွင်လည်း မြန်မာတို့၏ လူဦးရေ၏ အများစုသည် မိမိကိုယ်ကိုယ် ထိုကဲ့သို့ ပြန်လည်မေးမြန်းခြင်း၊ မိမိတို့၏ လူမျိုးသဘာဝကို အမှန်အတိုင်း သိနားလည်ခြင်းနှင့် မိမိတို့၏ လူမျိုးသဘာဝကို ပိုမိုအ ဆင့်မြင့်တက်စေရန် ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန် အားထုတ်ခြင်းများ ဖြစ်ပေါ်လာစေမည့်အချိန် ကာလမှာ ဝေးကွာနေနိုင်သေးသည်။

 

Most Read

Most Recent