ယူကရိန်း၏ သံမဏိစက်ရုံများထဲတွင် အသက်ရှင်ရပ်တည်နေသူများ

ယူကရိန်း၏ သံမဏိစက်ရုံများထဲတွင် အသက်ရှင်ရပ်တည်နေသူများ
Photo : AFP
Photo : AFP
Published 12 May 2022
ရာဇ

ယူကရိန်းတွင် ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့သည့် သံမဏိစက်ရုံတစ်ရုံ၏ မြေ အောက်ဘန်ကာထဲတွင် အစားအစာနှင့် ရေများသိုလှောင်ထားခြင်း၊ မီးစက်များ၊ အိမ်သာများ၊ မွေ့ယာများနှင့် ထင်းမီးဖိုတစ်ခုကိုပင် အကျအန ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ယင်းစက်ရုံသည် ရုရှားစစ်သားများ ပိတ်ဆို့ထားသည့် မာရီယူပိုးလ်မြို့ရှိ ယူကရိန်းတပ်ဖွဲ့များ၏ ခံတပ်ဖြစ်သည့် Azovstal သံမဏိစက်ရုံ၏ ညီအစ်မစက်ရုံဖြစ်သည့် Zaporizhstal စက်ရုံဖြစ်ပြီး စတာလင်ခေတ်က  တည်ဆောက်ခဲ့သည့် ယင်းစက်ရုံများသည် လက်ရှိရုရှားတပ်ဖွဲ့များ၏ ကျူးကျော်မှုတွင် ခံတပ်နေရာများ ဖြစ်လာခဲ့သည်။

“ ကျွန်တော်တို့ ဒီမြေအောက်ဘန်ကာထဲမှာ အကြာကြီး နေနိုင်ပါတယ်။ ဒီစက်ရုံကြီးက ကျွန်တော်တို့ကို အသက်ရှင်သန်စေမယ့် အခွင့်အရေးတစ်ခုလို့ ထင်ပါတယ်” ဟု Zaporizhstal စက်ရုံ၏ အလုပ်သမားဖြစ်သည့် အသက် ၂၀ အရွယ် အီဟော်ဘူဂလာယက်ဗ် က ပြောကြားခဲ့သည်။

ဘူဂလာယက်ဗ်၏ လုပ်ငန်းခွင်ဖြစ်သည့်  Zaporizhstal စက်ရုံမှာမူ နိုင်ငံတကာက ရှုတ်ချနေသည့် ရုရှား၏တိုက်ခိုက်မှုဒဏ်ကို မခံရသော်လည်း ရှေ့တန်းစစ်မျက်နှာပြင်နှင့် နီးကပ်စွာတည်ရှိနေသဖြင့် လုပ်ငန်းလည် ပတ်မှုများမှာ ရပ်တန့်သွားခဲ့သည်။

Azovstal နှင့် Zaporizhstal စက်ရုံကြီးများ၏ မြေအောက်ဘန်ကာများကို ပထမကမ္ဘာစစ်အပြီး ပြန်လည်ထူထောင်ရေးလုပ် ငန်းများလုပ်ဆောင်နေကြသည့် ၁၉၃၉ ပြည့်နှစ် အစောပိုင်းကာလများတွင် တည်ဆောက်ခဲ့ကြပြီး ထောင်နှင့်ချီသည့် အလုပ်သမားများကို စစ်ဘေးရှောင်သည့် မြေအောက်ဘန်ကာများအဖြစ် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းစက်ရုံနှစ်ရုံလုံးသည် ယူကရိန်း၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ရီနက်အက်ခ်မီတော့ဗ် ၏ Metinvest Holding လုပ်ငန်းစု၏ လက်အောက်တွင်ရှိသည်။

Zaporizhstal စက်ရုံတွင် မြေအောက်ဘန်ကာ ၁၆ ခုရှိပြီး အေအက်ဖ်ပီသတင်းဌာနက သွားရောက်လည်ပတ်ခဲ့သည့် ဘန်ကာတစ်ခုမှာမူ မြေအောက် ပေ ၃၀ အနက်တွင် တည်ရှိပြီး ၁၀ စင်တီမီတာအထူရှိသည့် ခိုင်ခံသည့် တံခါးရွက်ကြီးဖြင့် ဖုံးအုပ်ကာကွယ်ထားသည်။

ရှည်လျားပြီး မီးအလင်းရောင်ကောင်းမွန်သည့် ယင်းအခန်းထဲတွင် လူ ၆၀၀ ခန့် နေထိုင်နိုင်သည့် ခုံတန်းလျားများလည်းရှိသည်။

အိမ်သာရေဆွဲချရန် အသုံးပြုနိုင်သည့် ရေစည်များ၊ အရေးပေါ်အစားအစာများနှင့် ရေသန့်ဘူးများကိုလည်း စတိုခန်းထဲတွင် ထည့်သွင်းသိမ်းဆည်းထားကာ ရေနံစည်တစ် စည်အရွယ်အစားရှိသည့် သတ္တုမီးဖိုနှင့် ရင်ဘတ်အမြင့်ခန့်ရှိသည့် ထင်းချောင်းအများ အပြားလည်း ရှိသည်။

Azovstal စက်ရုံ၏ ဘန်ကာများထဲတွင် ခိုလှုံနေထိုင်ခဲ့ကြသည့် ရာနှင့်ချီသည့် အရပ်သားများသည် နိုင်ငံကာကယ်ဆယ်ရေးလုပ် ငန်းစဉ်များမှတစ်ဆင့် စက်ရုံအတွင်းမှ ထွက်ခွာသွားခဲ့သော်လည်း မာရီယူပိုးလ်မြို့ကို ရုရှားတို့ အလုံးစုံ ထိန်းချုပ်ခွင့်မရစေရန် ခုခံတိုက်ခိုက်နေဆဲဖြစ်သည့် ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် ခိုလှုံစရာ ခံတပ်တစ်ခုသဖွယ် ဖြစ်နေသည်။

“Azovstal စက်ရုံမှာ ခိုလှုံခဲ့တဲ့ ကျွန်တော်တို့နဲ့ဘဝတူ လုပ်သားတွေလိုမျိုး စက်ရုံကို စွန့်ခွာသွားရတဲ့ အခြေအနေမျိုးတွေဟာ ကျွန်တော်တို့ဆီမှာ မဖြစ်စေဖို့ ဘုရားသခင် က တားမြစ်ထားပါတယ်”ဟု ဘန်ကာထဲတွင် ခိုလှုံနေသည့် ဆက်သွယ်ရေးဌာနအကြီးအကဲ အလက်ဇန်းဒါး လိုတန်ကော့ဗ်က ပြောကြားခဲ့သည်။

၅.၅ စတုရန်းကီလိုမီတာရှိသည့် Zaporizhstal စက်ရုံသည် Azovstal စက်ရုံအရွယ် အစား၏ထက်ဝက်ခန့်သာရှိသော်လည်း ကြီးမားသည့် သံမဏီစက်ရုံတစ်ရုံဖြစ်ကာ တစ် နေရာနှင့်တစ်နေရာကို ဘီးတပ်ယာဉ်များနှင့် သွားလာရသည်။

စက်ရုံ၏ အရွယ်အစားသာကြီးမားသည် မဟုတ်ဘဲ မြင့်မားသည့် ကင်းစခန်းများလည်း ရှိနေသည့်အပြင် စက်ရုံတွင်းရှိ အဆောက်အဦးများနှင့် မြေအောက်လှိုဏ်ခေါင်းများလည်း ရှိသဖြင့် ပုန်းခိုစရာနေရာ များပြားလှသည်။

သို့သော်လည်း စစ်ပွဲဖြစ်ပွားနေသည့် ယခုလို အခြေအနေမျိုးတွင်မူ စက်ရုံကို လည်ပတ်ပြီး စီးပွားရှာရမည့် အချိန်ကောင်းမဟုတ်သဖြင့် စက်ရုံကို ပိတ်ထားရသည်။

ယူကရိန်းတပ်ဖွဲ့များက ရုရှားတပ်ဖွဲ့များကို ကိယက်ဗ်မြို့တော်မှ ဆုတ်ခွာရန် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဧပြီလတွင် စက်ရုံအတွင်း လုပ်ငန်းလည်ပတ်မှုများကို လျှော့ချခဲ့သည်။

အမေရိကန်က ယူကရိန်းလုပ် သံမဏိများအပေါ် အခွန်ကောက်ခံမှုများ ဆိုင်းငံ့မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့မှုနှင့်အတူ သတင်းကောင်းအချို့ ထွက်ပေါ်ခဲ့သော်လည်း စစ်ပွဲအခြေအနေမှာ ထိတ်လန့်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။

အမေရိကန်က ဝယ်ယူသည့် သံမဏိထုတ်ကုန်စုစုပေါင်း၏ တစ်ရာခိုင်နှုန်းခန့်သာ ယူကရိန်းလုပ်ထုတ်ကုန်များ ဖြစ်သည်ဟု အမေရိကန် အာဏာပိုင်များ၏အဆိုအရ  သိရပြီး ယင်းထုတ်ကုန်များအပေါ် အခွန်ကောက်ခံမှုနှုန်းထားမှာ ၂၅ ရခိုင်နှုန်းရှိခဲ့သည်။

ထို့ကြောင့် စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေတွင် ယူကရိန်း၏ သံမဏတင်ပို့သူများသည် ယခင်ကနှင့်မတူသည့် လမ်းကြောင်းများကို အသုံးပြုနေရသဖြင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည်။

“ ကျွန်တော်တို့ဟာ တစ်ခြားထုတ်လုပ်သူတွေနဲ့ ယှဉ်နိုင်စွမ်းမရှိပါဘူး။ ဘာလို့လဲဆို တော့ သူတို့တွေရဲ့ ပစ္စည်းတွေကို အမေရိကန်ကို တင်သွင်းရာမှာ သယ်ယူပို့ဆောင်ရေးနှုန်းထားက နည်းနေပြီး ကျွန်တော်တို့ကတော့ ပိုလန်ကနေတစ်ဆင့်ခံ ပို့ဆောင်နေရပါတယ်” ဟု Zaporizhstal စက်ရုံ၏ ညွှန်ကြားရေးမှူးချုပ် အလက်ဇန်းဒါးမီရွန်နန်ကိုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

သံမဏိတင်ပို့မှုများသည် စစ်ပွဲမတိုင်မီ ကာလကထက် လျော့ကျသွားခဲ့ပြီး ယူကရိန်း စီးပွားရေးအတွက် ယင်းစျေးကွက်ကို အလျင်အမြန် ပြန်လည်နာလန်ထူစေရန် ကြိုးပမ်းနေသည်။

“ သံမဏိထုတ်ကုန်တွေဟာ ယူကရိန်းရဲ့ တင်ပို့ရောင်းချမှုဆိုင်ရာ အခန်းကဏ္ဍတွေ ထဲက တစ်ခုဖြစ်ပြီး နိုင်ငံခြားဝင်ငွေစုုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ သတ္တုမိုင်းတူး ဖော်ရေးကဏ္ဍတွေက ရရှိတာဖြစ်ပါတယ်” ဟု မီရွန်နန်ကိုက ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံအတွင်း အိုးအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရသူ ရှစ်သန်းကျော်ရှိလာခဲ့သည်ဟု ကုလသမဂ္ဂက မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှား တပ်ဖွဲ့များကျူးကျော်ဝင်ရောက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ယူ ကရိန်းနိုင်ငံအတွင်းမှ အခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူ အရေအတွက်မှာမူ ၅.၉ သန်းကျော်ရှိလာခဲ့သည်ဟုလည်း ဆိုသည်။

“ ပြည်တွင်းမှာ အခြေမဲ့၊ အနေမဲ့ဖြစ်နေရသူတွေရဲ့ လိုအပ်ချက်တွေနဲ့ စစ်ပွဲကြောင့် ထိခိုက်နစ်နာရသူတွေဟာ နာရီနဲ့အမျှ ပိုမိုများပြားလာပါတယ်” ဟု ကုလသမဂ္ဂ၏ ရွှေ့ ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့ (IOM) ညွှန်ကြားရေးမှူးချုပ် အန်တိုနီယို ဗစ်တိုရီနို က ပြောကြားခဲ့သည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့် ယူကရိန်းအရှေ့ပိုင်းတွင် နေ ထိုင်သူအများအပြားမှာ နိုင်ငံအနောက်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်နေရသည်။

ထို့ပြင် မိမိတို့နေအိမ်များသို့ ပြန်လည်ရောက်ရှိလာသူများမှာ သီတင်းနှစ်ပတ်အတွင်း ၂.၇၂ သန်းရှိခဲ့သော်လည်း နေရပ်ပြန်များသည် စစ်ပွဲအခြေအနေကြောင့် အမြဲ တမ်းပြန်လည်ရောက်ရှိလာခြင်းမဖြစ်နိုင်ဘဲ နောက်တစ်ကြိမ် ပြန်လည်တိမ်းရှောင်ရမည့် အခြေအနေတွင်ရှိနေသည်ဟု IOM က ထုတ် ပြန်ခဲ့သည်။                                     

Ref : AFP

Most Read

Most Recent