ယူကရိန်းစစ်ပွဲဂယက်နှင့် ဆီးရီးယားစစ်ရှောင်များ၏ အတိဒုက္ခ

ယူကရိန်းစစ်ပွဲဂယက်နှင့် ဆီးရီးယားစစ်ရှောင်များ၏ အတိဒုက္ခ
Published 10 May 2022
​​​​​​​ဖြိုးဟိန်းကျော်

ဆီးရီးယားအနောက်မြောက်ပိုင်းရှိ နေ ရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် ဖွင့်ထားသော ခိုလှုံရေးစခန်းတစ်ခုတွင် နေထိုင်သည့် “အင်ခါလစ်” ဟု အမည်ရှိ အမျိုးသမီးသည် သူ၏ရွက်ဖျင်တဲ အပြင်ဘက်သို့ ထွက်ရန်ပင် အနိုင်နိုင်ဖြစ်နေပြီး မျက်မှောက်ရေးရာ သတင်းများကို အာရုံမစိုက်နိုင်တော့သည့် တိုင် သူနှင့် သူ၏ကလေးငယ်များ စားဝတ်နေရေး ပိုမိုကျပ်တည်းလာရသည့် အကြောင်းရင်း တစ်ခုကိုမူ ကောင်းစွာ သိထားသည်။ ထိုအကြောင်းရင်းမှာ ယူကရိန်း စစ်ပွဲပင်ဖြစ်သည်။

“ကုန်စျေးနှုန်းတွေက ခေါင်ခိုက်အောင် မြင့်တက်နေပြီး ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်မှာ ကျွန်မတို့ အခုလို အဖြစ်မျိုးနဲ့ ကြုံလာရတာပဲ ဖြစ်ပါတယ်” ဟု ဆီးရီးယား သူပုန်တပ်များ ထိန်းချုပ်ထားသော နောက် ဆုံးလက်ကျန် နယ်မြေ၌ နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် ဖွင့်လှစ်ထားသော ခိုလှုံရေး စခန်းတစ်ခုတွင် နေထိုင်သည့် အသက် ၄၀ အရွယ် ၎င်းအမျိုးသမီးက ဆိုသည်။ အဆိုပါ ခိုလှုံရေးစခန်းတွင် သူ နေထိုင်ခဲ့သည်မှာ  ခြောက်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

နဂိုကတည်းကပင် ကမ္ဘာတစ်ဝန်း စားသောက်ကုန်စျေးနှုန်းများ တရိပ်ရိပ် မြင့်တက်နေရာမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား၏ ကျူးကျော်မှုနှင့်အတူ အစပြုခဲ့သည့် ယူကရိန်းစစ်ပွဲကြောင့် ကုန်စျေးနှုန်း မြင့်တက်မှုသည် ကြောက်ခမန်းလိလိ ဖြစ်လာခဲ့သည်။ ထိုသက်ရောက်မှုသည် ၁၁ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသည့် သန်းနှင့် ချီသော ဆီးရီးယား စစ်ရှောင်ဒုက္ခသည်များ၏ အတိဒုက္ခများကို ပိုမိုကြီးထွားလာစေခဲ့သည်။

ဆီးရီးယား အနောက်မြောက်ပိုင်းရှိ အီဒလစ် ပြည်နယ်၏ သူပုန်ထိန်းချုပ်နယ်မြေတွင် လူလေးသန်းခန့် နေထိုင်လျက်ရှိပြီး အများစုသည် နိုင်ငံ၏ အခြားနေရာ ဒေသများမှ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်သည်။ ၎င်းတို့အများစုသည် အစားအသောက်နှင့် နေထိုင်စရာမှသည် ဆေးဝါးစောင့်ရှောက်မှုနှင့် ပညာရေးအထိ အစစအရာရာတွင် နိုင်ငံတကာ အထောက်အပ့ံများအပေါ် မှီခိုနေကြရသည်။

ကုန်စျေးနှုန်း ထိုးတက်ခြင်းကြောင့် အကူအညီပေးရေး အေဂျင်စီအချို့သည် ၎င်းတို့၏ စားနပ်ရိက္ခာ ထောက်ပံ့နေသည့် ပမာဏကို လျှော့ချမှုများ ပြုလုပ်နေရသည်။ အကြီးမားဆုံး ကူညီထောက်ပံ့သူဖြစ်သော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သည်ပင် အဆိုပါ နယ်မြေ၌ နေထိုင်သူ ၁.၃၅ သန်းအတွက် လစဉ် ထောက်ပံ့နေသည့် စားနပ်ရိက္ခာ ပမာဏကို ယခုသီတင်း ပတ်ထဲတွင် စတင်လျှော့ချခဲ့သည်။

ထို့အပြင် ယူကရိန်း အကျပ်အတည်းကြောင့် မတူကွဲပြားသည့် ဒုက္ခသည်အုပ်စု သစ်တစ်မျိုး ပေါ်ပေါက်လာခဲ့သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ယူကရိန်းပြည်သူ ၅.၅ သန်းကျော်နှင့် ယူကရိန်း ပြည်တွင်း၌ပင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၇ သန်းကျော်အား အကူအညီပေးရန် အပူတပြင်း လုပ်ဆောင်နေရသည်။

ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ကမကထပြု၍ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရက်ဆဲလ်မြို့၌ မေလ ၉ ရက်တွင် စတင်ကာ နှစ်ရက်ကြာ ကျင်းပမည့် ဆီးရီးယား ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး အလှူရှင်နိုင်ငံများ အစည်းအဝေး၌ ဆီးရီးယားအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု အချို့ပြန်ရောက်လာအောင် လုပ်နိုင်လိမ့်မည်ဟု အကူအညီပေးရေး အေဂျင်စီများက မျှော်လင့်နေသည်။ ရရှိလာသော ငွေကြေးအထောက် အပံ့များကို တူရကီ၊ လက်ဘနွန်နှင့် ဂျော်ဒန်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် နေထိုင်နေရသည့် ဆီးရီးယား ဒုက္ခသည် ၅.၇ သန်းအား ထောက်ပံ့ရာတွင်လည်း အသုံးပြုသွားမည်ဟု သိရသည်။

ဆီးရီးယား ပြည်သူများနှင့် ဆီးရီးယား ဒုက္ခသည်များကို လက်ခံထားသည့် အိမ်နီးချင်းနိုင်ငံများကို အကူအညီပေးရန် ဒေါ်လာ ၆.၄ ဘီလျံ ပေးအပ်မည်ဟု ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ယမန်နှစ်တွင် ကတိပြုခဲ့သည်။ သို့သော် ယင်းပမာဏသည် ကုလသမဂ္ဂက တောင်းခံထားသော ပမာဏဖြစ်သည့် ဒေါ်လာ ၁၀ ဘီလျံထက် များစွာလျော့နည်းနေပြီး ထိုအကျိုးဆက်သည် မြေပြင်အခြေအနေ၌ သက်ရောက်မှု ရှိလာခဲ့သည်။ ၂၀၂၂ တွင် ရန်ပုံငွေထောက်ပံ့မှု မရရှိတော့သည့် အီဒ လစ်ပြည်နယ်ရှိ ဆေးဝါးစောင့်ရှောက်ရေး စင်တာ ၅၀ ထဲမှ ၁၀ ခုသည် ၎င်းတို့ဝန် ဆောင်မှုများကို သိသိသာသာ လျှော့ချခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

နိုင်ငံအနှံ့အပြားရှိ ဆီးရီးယား ပြည်သူများသည် အစားနပ်မှန်အောင်ပင် မစားနိုင်တော့ကြောင်း နော်ဝေ ဒုက္ခသည်ကောင်စီက ဆိုသည်။ နိုင်ငံတစ်ဝန်းရှိ  ရာနှင့်ချီသော မိသားစုများကို စစ်တမ်းကောက်ယူရာတွင် ၎င်းင်းတို့ထဲမှ ၈၇ ရာခိုင်နှုန်းသည် မြင့်တက်လာသော အခြားလူနေမှုစရိတ်များကို ကာမိစေရန် နေ့လယ်စာ (သို့မဟုတ်) ညစာ မစားဘဲ နေကြရသည်ကို တွေ့ရှိရသည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။

ထို့သို့ စားနပ်ရိက္ခာ အကူအညီအပေါ် မှီခိုနေရသူများထဲတွင် အင်ခါလစ် တစ်ယောက်လည်း ပါဝင်နေပြီး အထောက်အပံ့ ခွဲတမ်းပမာဏ လျော့နည်းသွားသည့်အတွက် မိသားစု စားဝတ်နေရေး မပြေလည်တော့ဘဲ ကြွေးမြီများ တိုးလာခဲ့သည်။

သူ၏ခင်ပွန်းနှင့် အကြီးဆုံးသားဖြစ်သူတို့သည် ၂၀၁၆ ခုနှစ်က သူတို့၏ ဇာတိမြေ အလက်ပိုမြို့၌ ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည်။ သို့ဖြစ်ရာ အသက်ရှင် ကျန်ရစ်ခဲ့သည့် ခါလစ်သည် သူ၏ကလေးငယ် သုံးဦးနှင့်အတူ အီဒလစ်ပြည်နယ်ရှိ သူပုန်ထိန်းချုပ်ခံ နယ်မြေသို့ တိမ်းရှောင်လာခဲ့ပြီး ထိုစဉ်ကတည်းကပင် ၎င်းတို့သားအမိသည် တူရကီ နယ်စပ် အနီး အတ်မာမြို့စွန်ရှိ ယာယီ ခိုလှုံရေးစခန်း တစ်ခုတွင် အခြားနေရပ်စွန့်ခွာရွှေ့ပြောင်းသူများနှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သူ၏တစ်ခုတည်းသော ဝင်ငွေရလမ်းမှာ တစ်နှစ်လျှင် ရက်သတ္တပတ်အနည်းငယ်ခန့် သံလွင်သီးခူးသည့် အလုပ်ပင်ဖြစ်ပြီး ထိုအလုပ်မှ တစ်နေ့လျှင် တူရကီလိုင်ရာ ၂၀ (တစ်ဒေါ်လာခန့်) ပင် ရရှိသည်။ သူသည် အသက် ၆ နှစ်နှင့် ၁၆ နှစ်အရွယ် သမီးနှစ်ဦး၊ ၁၂ နှစ်အရွယ် သားတစ်ဦးနှင့် အတူနေထိုင် လျက်ရှိသည်။ သားဖြစ်သူမှာလည်း ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဦးခေါင်းနှင့် လက်မောင်းတို့တွင် ဒဏ် ရာရရှိခဲ့သည်။

ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အခြေခံ စားသောက်ကုန်စျေးနှုန်းသည် ၂၂ ရာခိုင် နှုန်းမှ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Mercy Corps က ဆိုသည်။ ထို့အပြင် နေကြာဆီ၊ သကြားနှင့် ဂျုံတို့လည်း ပြတ်လပ် နေသည်ဟု သိရသည်။

Mercy Corps အဖွဲ့သည် တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာလာသူများကို စားသောက်ကုန်နှင့် အခြား အခြေခံ လိုအပ်ချက်များ ဝယ်ယူနိုင်စေရန် ငွေကြေးထောက်ပံ့ ပေးလျက်ရှိပြီး ၎င်းတို့အနေဖြင့် ထောက်ပံ့နေသည့် ပမာဏကို လျှော့ချရန် အစီအစဉ်မရှိသေးဟု ဆိုသည်။

“ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာရဲ့ လိုအပ်ချက်နဲ့ ရရှိတဲ့ အရင်းအမြစ်ကွာဟချက် ကြီးမားမှုကြောင့် ကမ္ဘာကြီးဟာ အလွန်ဆိုးရွားလှတဲ့ ငတ်မွတ်မှုအခြေအနေမျိုးနဲ့ နှစ်တစ်နှစ်ကို ကြုံတွေ့နေရပါတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ ပြောခွင့်ရ အမျိုးသမီး အဘီယာအက်တီဖာက ဆိုသည်။

ကုန်စျေးနှုန်း မြင့်တက်ခြင်းကြောင့် WFP ၏ စားနပ်ရိက္ခာ ထောက်ပံ့မှု ကုန်ကျစရိတ်သည် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် ၅၁ ရာခိုင်နှုန်း တိုးလာခဲ့ရာမှ ယူကရိန်း အကျပ်အတည်း၏ နောက်ဆက်တွဲ ဂယက်ကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာဖွယ်ရှိသည် ဟု အက်တီဖာက ထပ်မံပြောကြားခဲ့သည်။

“ကမ္ဘာကြီးဟာ တခြား ပဋိပက္ခတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ ဆီးရီးယား အကျပ်အတည်းဟာ နောက်ထပ် အမေ့လျော့ခံ အခြေအနေတစ်ခု ဖြစ်လာပါတော့မယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဂျွိုက်စ်မတ်ဆူရာက ဧပြီလ နှောင်းပိုင်းတွင် သတိပေးခဲ့သည်။

ဆီးရီးယား အနောက်မြောက်ပိုင်းတွင် လူပေါင်း လေးသန်းကျော်သည် လူသားချင်း စာနာမှု အကူအညီများကို လိုအပ်နေပြီး စားနပ်ရိက္ခာသာမက ဆေးဝါး၊ စောင်၊ ကျောင်း သုံးပစ္စည်းများနှင့် နေထိုင်စရာများလည်း လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် အဆိုပါဒေသရှိ လူတစ်သန်းနီးပါးသည် ရွက်ဖျင်တဲများတွင် နေထိုင်ရလျက်ရှိပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။

ဇူလိုင်လတွင်မူ ထို့ထက် အခြေအနေ ပိုဆိုးရွားလာမည်ကို လူအများက စိုးရိမ်နေကြသည်။ အဘယ်ကြောင့် ဆိုသော် ဆီးရီးယား အနောက်မြောက်ပိုင်းသို့ ပေးပို့သော နိုင်ငံတကာ အထောက်အပ့ံများကို ၎င်း၏မဟာမိတ် သမ္မတ ဘာရှားအာဆတ် ထိန်းချုပ်ထားသည့် နယ်မြေများမှတစ်ဆင့် ဖြတ်သန်းပို့ ဆောင်စေရန် ရုရှားက အတင်းအကျပ် လုပ်ဆောင်လာနိုင်သောကြောင့်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတကာ အထောက်အပံ့များသည် ဘက်ဘ်အယ်-ဟာဝါဟုအမည် ရသည့် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တူရကီဘက်မှ တိုက်ရိုက်ဝင်ရောက်လာခြင်းဖြစ်သည်။ ဘက်ဘ်အယ်-ဟာဝါ နယ်စပ်ဂိတ် မှတစ်ဆင့် အထောက်အပံ့များ ပေးပို့နိုင်သည့် ကုလသမဂ္ဂ၏ အခွင့်အာဏာသည် ဇူလိုင် ၉ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအခွင့်အာဏာကို သက်တမ်းတိုးမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းအား ဗီတိုအာဏာဖြင့် ပယ်ချမည့် အလားအလာကို ရုရှားက အရိပ်အမြွက် ပြထားသည်။

၎င်းအကျိုးဆက်သည် ပြင်းထန်ဆိုးရွားသော လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို ဖြစ်စေကာ တူရကီနှင့် ဥရောပသို့ ဆီးရီးယား ရွှေ့ပြောင်းအခြေချများ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာဖွယ်ရှိကြောင်း ဂျာမန် နိုင်ငံတကာရေးရာနှင့် လုံခြုံရေး ကိစ္စရပ်များဆိုင်ရာ သိပ္ပံက ၎င်း၏အစီ ရင်ခံစာတစ်စောင်တွင် သတိပေးထားသည်။

Most Read

Most Recent