တရုတ်ငွေကြေး ယွမ်ကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ပေးချေရန် ပထမအဆင့် လုပ်ဆောင်နေပြီး တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများတွင် ဆက်လက်လုပ်ဆောင်မည်

တရုတ်ငွေကြေး ယွမ်ကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ပေးချေရန် ပထမအဆင့် လုပ်ဆောင်နေပြီး တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများတွင် ဆက်လက်လုပ်ဆောင်မည်
Published 25 April 2022

တရုတ်ငွေကြေးယွမ်ကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင်ပေးချေရန် ပထမအဆင့်လုပ်ဆောင်နေပြီး တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများတွင် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

တရုတ်ငွေကြေး RMB ကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အသုံးပြုပေးချေနိုင်ရန် ပထမအဆင့် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများတွင် အသုံးပြုရန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို မြန်မာနိုင်ငံက တင်ပို့ပြီး တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းနေကြောင်း၊ မြန်မာက လုပ်သားအင်အားရှိပြီး တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေးအရင်းအနှီးရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံအကျိုးကျေးဇူးများခံစားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနှင့် အာဆီယံနိုင်ငံများအပါအဝင် အနာဂတ်အာရှစီးပွားရေး တောင့်တင်းခိုင်မာရေးအတွက် တရုတ်နိုင်ငံသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ အာဆီယံကုန်ကြမ်းပစ္စည်းနှင့် ကုန်ချောတစ်ဖြစ်လဲ ပို့ကုန်အများစုကို တရုတ်နိုင်ငံက ဝယ်ယူနေခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့ပြင် အနောက်အုပ်စုနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ယင်းအရေးယူပိတ်ဆို့မှုများသည် အစိုးရအပေါ် သက်ရောက်မှုမရှိကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအပေါ်သာ သက်ရောက်မှုရှိကြောင်း၊ အမေရိကန်ဒေါ်လာကို အလွယ်တကူသုံးစွဲမရခြင်း၊ ငွေလွှဲလုပ်မရခြင်း၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲပေါ်ခြင်း၊ ယင်းအရေးယူပိတ်ဆို့မှုကြောင့် အချို့စက်ရုံများ ပိတ်သိမ်းသွားခြင်း၊ ထိုသို့ပိတ်သိမ်းခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးရခြင်းများရှိကြောင်း၊ အစိုးရအတွက် ဘာမျှမဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ ကြိုတင်စဉ်းစားဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယင်းသို့ပိတ်ဆို့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာကြောင်း ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent