မန္တလေးကုန်စည်ဒိုင် ပဲစျေးကွက်တွင် တရုတ်နယ်စပ်ဘက်သို့ တင်ပို့မှုရှိသည့် ပဲတီစိမ်း ခရမ်းရွှေဝါ၊ လမ်းပဲတို့ အရောင်းအဝယ်ပြန်ဖြစ်နေ

မန္တလေးကုန်စည်ဒိုင် ပဲစျေးကွက်တွင် တရုတ်နယ်စပ်ဘက်သို့ တင်ပို့မှုရှိသည့် ပဲတီစိမ်း ခရမ်းရွှေဝါ၊ လမ်းပဲတို့ အရောင်းအဝယ်ပြန်ဖြစ်နေ
Published 25 April 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် မူဆယ်နယ်စပ်ဂိတ်ပိတ်ထားသောကြောင့် ခရမ်ရွှေဝါပဲတီစိမ်း၊ လမ်းပဲတို့သည် မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင်ရောင်းအဝယ်မရှိခဲ့ရာမှ ယခုအခါနယ်စပ်မှ တစ်ဆင့်တင်ပို့မှုရှိလာသောကြောင့် ခရမ်းရွှေဝါပဲတီစိမ်း၊ လမ်းပဲတို့ မန္တလေးကုန်စည်ဒိုင်စျေးကွက်သို့ ဝင်​​ရောက်လာပြီး အရောင်းအဝယ်ဖြစ်​​နေကြောင်း၊ ယခင်နှစ်ကလက်ရှိအချိန်တွင် ခရမ်ရွှေဝါပဲတီစိမ်းစျေးမှာ ကျပ် ၁၆၀၀၀၀ စျေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁၅၀၀၀၀ စျေးသာရှိကြောင်း၊ တရုတ်နယ်စပ်ဘက်သို့ တင်ပို့မှုရှိသည့် ဘိုကိတ်ပဲသည်လည်း ယခင်နှစ်များထက် စျေးနည်းနေသည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်

“ပဲတီစိမ်းက အခုရက်ပိုင်း နယ်စပ်ဘက်သွားလို့ရတယ်ဆိုပြီး အရောင်းအဝယ်စပြီးပြန်ဖြစ်နေတယ်။ ခရမ်းရွှေဝါပဲတီစိမ်းစျေးက ၁၅၀၀၀၀ စျေး၊ လမ်းပဲစျေးက ၁၄၀၀၀၀ ကနေ ၁၄၅၀၀၀ စျေး၊ အညာစပဲတီစိမ်းက ၁၂၀၀၀၀ ကနေ ၁၂၅၀၀၀ စျေး၊ ပဲတီစိမ်းခွဲစစျေးက ၁၁၀၀၀၀ စျေးရှိတယ်။ ပဲတီစိမ်းက တရုတ်နယ်စပ်ဘက် ထွက်လို့ရပြီဆိုပြီး မန္တလေးဘက်ခြမ်းမှာပြန်ပြီး ပဲတီစိမ်းဝင်လာပြီး စျေးပြန်ဖြစ်နေတယ်။ အရင်တုန်းက တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားတော့ ရေလမ်းက တင်ပို့တော့ ရန်ကုန်မှာ ပဲတီစိမ်းရွှေဝါလမ်းပဲတို့က အရောင်းအဝယ်ဖြစ်တာ။ အခုရက်ပိုင်း တရုတ်နယ်စပ်ဘက်သွားလို့ရတယ်ဆိုပြီး ပဲတီစိမ်းရွှေဝါ၊ လမ်းပဲတို့ အရောင်းအဝယ်ဖြစ်နေတယ်။ ခရမ်းရွှေဝါတို့က အခုမှပဲအသစ်ပေါ်ခါစရှိပါသေးတယ်။ အညာစပဲတီစိမ်းလည်း အသစ်စပေါ်နေပါပြီ။ ပဲတီစိမ်းရွှေဝါ မနှစ်က ကာလတူနှိုင်းယှဉ်ရင်တော့ စျေးနည်းတယ်လို့ ပြောလို့ရမယ်။ မနှစ်ကဒီအချိန်စျေးက ၁၆၀၀၀၀ စျေးပေါက်နေတယ်။ တရုတ်ဘက်က အဝယ်များနေတဲ့ ဘိုကိတ်စျေးက ရှမ်းပြည်နယ်ကလာတဲ့ ပဲစျေးက ၁၄၀၀၀၀ စျေး၊ မြေပြန့်ကထွက်တဲ့ ဘိုကိတ်ပဲစျေး ၁၆၀၀၀၀ ရှိတယ်။ အရင်နှစ်တွေတုန်းက ဘိုကိတ်ပဲက စျေးကောင်းတယ်။ အခုနှစ်က စျေးမရဘူးလို့ ပြောလို့ရမယ်။ မတ်ပဲက ပဲခွဲစက်သမားတွေ ဝယ်နေတယ်။ စျေးက ၁၄၅၀၀၀ စျေးကနေ ၁၄၇၀၀၀ စျေး။ ပဲစင်းငုံစျေး ၁၃၂၀၀၀ စျေး။ ကုလားပဲ ထိုင်ဝမ်ကုလားပဲက ၁၂၂၀၀၀ စျေး။ ၉၂၉ ကုလားပဲ ၁၂၅၀၀၀ စျေး။ V2 ကုလားပဲက ၁၃၄၀၀၀ စျေးရှိတယ်။ ကုလားပဲအုပ်စုပဲစျေးက စျေးအေးတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

နွေပဲတီစိမ်းသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ  ဧရာဝတီမြစ်ကမ်း၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်တွင် မြစ်ရေသွင်း၍ စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ပဲတီစိမ်းသီးနှံများ  မန္တလေးပဲစျေးကွက်ထဲသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။

 

Most Read

Most Recent