ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက မိမိအနေဖြင့် ဗင်နီစီယပ်စ်နှင့် ဘာပေတို့ကဲ့သို့ ကြယ်ပွင့်များနှင့် တွဲဖက်ကစားရသည်ကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ကလပ်အသင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းတွင် ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဗင်နီစီယပ်စ်နှင့် တွဲဖက်ကစားနေပြီး၊ လက်ရွေးစင်အသင်းဖြစ်သည့် ပြင်သစ်အသင်းတွင် PSG ကြယ်ပွင့်တိုက်စစ်မှူးဘာပေနှင့် တွဲဖက်ကစားနေသူဖြစ်သည်။
ထို့ပြင် လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေအား ခေါ်ယူနိုင်ရန် နီးစပ်နေရာ ဘန်ဇီမာအနေဖြင့် ဘာပေကလပ်အသင်းတွင်ပါ အသင်းဖော်အဖြစ် တွဲဖက်ကစားရဖွယ်ရှိနေသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဘန်ဇီမာက ''ကျွန်တော်နဲ့ ဗင်နီစီယပ်စ်တို့အပြီး ဘာပေဟာ ရီးယဲလ်အသင်းကြယ်ရဲ့ တတိယမြောက်ကြယ်ပွင့်ဖြစ်လာနိုင်တယ်တဲ့လား။ ဟုတ်ပါတယ်။ ဒီအကြောင်းကိုလည်း ကျွန်တော်ကြိမ်ကြိမ်ပြောခဲ့ပြီးသားပါ'' ဟုပြောကြားခဲ့သည်။ ဘန်ဇီမာအနေဖြင့် ဘာပေမှာ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာနိုင်သည်ဟု အကြိမ်ကြိမ်ဖွင့်ဟခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင် ဘာပေနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ အပြောင်းအရွှေ့သတင်းများမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့က မိုနာကိုအသင်းမှ PSG အသင်းသို့ ကမ္ဘာ့ဒုတိယကြေးအများဆုံးပြောင်းရွှေ့ကြေး ယူရိုသန်း (၁၈၀)ဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး PSG အသင်းအတွက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ (၂၀၉)ပွဲကစားကာ (၁၆၀)ဂိုးသွင်းယူပေးထားသူဖြစ်သည်။