မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိသည် ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းများအတွက် အမြဲတမ်း လွန်လွန်ကဲကဲတွေးတောလေ့ရှိပြီး ပွဲတိုင်းတွင် တစ်ပုံစံတည်းကစားရမည်ကို ပျင်းရိသည်ဟု ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုတစ်ပတ် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် အက်သလက်တီကိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းအနေဖြင့် ချန်ပီယံလိဂ်ပွဲများ၌ မထင်မှတ်သည့် အပြောင်းအလဲများ ပြုလုပ်တတ်ခြင်းအတွက် ဝေဖန်မှုကို ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ဂွါဒီယိုလာက မိမိအနေဖြင့် အက်သလက်တီကိုနှင့်ပွဲအတွက်လည်း လွန်လွန်ကဲကဲတွေးတောနေပြီး ကစားသမား(၁၂)ဦးနှင့်ကစားရန် ရည်ရွယ်ထားသည်ဟု နောက်ပြောင်ခဲ့သည်။
ဂွါဒီယိုလာသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကွင်းလယ်ခံစစ်ကစားသမား အသုံးမပြုဘဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အရှုံးပေးခဲ့ရခြင်းကို အဓိကထောက်ပြခံခဲ့ရသည်။
ဂွါဒီယိုလာကမူ ''ကျွန်တော် လွန်လွန်ကဲကဲတွေးတတ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အလွန်ကောင်းတဲ့ရလဒ်တွေ ရရှိပါတယ်။ နည်းဗျူဟာအသစ်တွေ၊ စိတ်ကူးအသစ်တွေ ဖန်တီးရတာကိုလည်း ကျွန်တော် သဘောကျပါတယ်။ တစ်ပုံစံတည်းကစားရတာကို ကျွန်တော် ပျင်းပါတယ်။ အက်သလက်တီကိုနဲ့ လီဗာပူးလ်ကို ကျွန်တော် တစ်ပုံစံတည်း ကစားလိမ့်မယ်လို့ လူတွေက တွေးကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မတွေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းနှစ်သင်းက မတူညီတာကြောင့်ပါ။ အထူးသဖြင့် ကစားသမားအားလုံးက ခြားနားပါတယ်။ ဒါကြောင့် ကျွန်တော် ပိုတွေးပြီး မိုက်မဲတဲ့နည်းဗျူဟာတွေ ချမှတ်တတ်တာပါ။ မနက်ဖြန် ခင်ဗျားတို့ အသစ်တစ်ခု မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ကစားသမား (၁၂) ယောက်နဲ့ ကစားမှာပါ''ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာက အဝေးဂိုးစည်းမျဉ်းကြောင့် ပြိုင်ပွဲမှ နှစ်ကြိမ်ထွက်ခဲ့ရပြီး ယခုအခါ ယင်းစည်းမျဉ်းကို ဖျက်သိမ်းလိုက်သော်လည်း အကောင်း၊ အဆိုးကို ငြင်းခုန်လိုခြင်းမရှိဘဲ ပွဲတိုင်းတွင် အကောင်းဆုံးဖြစ်အောင်သာ ကစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။