ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့် လှစ်နိုင်ရန်အတွက် နစကအစိုးရအဖွဲ့က ၂၀၂၁ ခုနှစ်အတွင်းမှစ၍ ရုပ်ရှင်ရုံများကို လိုက်လံစစ်ဆေးပြီး ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်မှုများလည်း ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လလယ်ခန့်မှစတင်ကာ နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများကို ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
■ မြန်မာ့ရုပ်ရှင်လောက ရပ်တန့်သွားခြင်း
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှ ရုပ်ရှင်ရုံများပိတ်ထားခဲ့ရခြင်း ဖြစ်သော်လည်း ကိုဗစ်ရောဂါကာကွယ်နိုင်ရေးအတွက် လိုအပ်ချက်များ ရှိနေခြင်းနှင့် ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ပိတ်ထားရသည့် အချိန်ကာလမှာ အခြားနိုင်ငံများထက် ပိုမိုကြာမြင့်ခဲ့သည်။ ထိုသို့သော အချိန်ကာလကြာမြင့်မှုနှင့်အတူ မြန်မာ့ရုပ်ရှင်လောကသည် အခြားသောနိုင်ငံများနည်းတူ Online Platform မှ ဇာတ်ကားများ ရုံတင်ပြသနိုင်သည့် အနေအထားလည်း မရှိခဲ့သည့်အတွက် မြန်မာ့ရုပ်ရှင်လောကမှာ လုံးဝရပ်ဆိုင်းခဲ့ရသည့် အခြေအနေကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ယင်းသို့ လုံးဝရပ်ဆိုင်းခဲ့ရသည့်ဒဏ်ကို ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များသာမက ရုပ်ရှင်လောက အသိုင်းအဝိုင်းရှိ ဇာတ်ပို့ဇာတ်ရံ၊ လူကြမ်း စသည်ဖြင့် အနုပညာ၊ အတတ်ပညာပိုင်းဆိုင်ရာများလည်း ပါဝင်ခဲ့သည်။ အဆိုးရွားဆုံး ခံစားခဲ့ရသူများမှာ ရုပ်ရှင်လောက၏ အခြေခံ လူတန်းစားများဟု ဆိုနိုင်သည်။
■ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည်
၂၀၂၂ ခုနှစ်အစပိုင်းကာလများမှာပင် နိုင်ငံတစ်ဝန်းမှ ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်လည်း စိတ်ဆန္ဒရှိခဲ့ပြီး ရုပ်ရှင်ရုံပိုင်ရှင်များနှင့် ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူများအကြား ရုံများပြန်ဖွင့်ရေးနှင့် ဇာတ်ကားများပြန်လည် ပြသနိုင်ရေးအတွက် ညှိနှိုင်းမှုများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် လုပ်ဆောင်ခဲ့ကြသည်။
ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့်ပတ်သက်၍ “ရုပ်ရှင် လောကသားတွေအတွက် အရွေ့တစ်ခုတော့ရှိဖို့လိုတယ်ဆိုတဲ့ ဆန္ဒလေးတော့ ကျွန်တော်တို့မှာရှိပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏လက်ရှိဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒါရိုက်တာ အကယ်ဒမီ စည်သူကြည်စိုးထွန်းက ဆိုသည်။ လက်ရှိတွင် လူဦးရေများသည့် လုပ်ငန်းနယ်ပယ်တစ်ခု၌ အောက်ခြေမှအစ လူအများစုက ကိုယ်၏အသက်မွေးဝမ်းကျောင်းအလုပ်မှ တစ်ဆင့် သွေဖည်ကာ စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရခြင်းလည်း ဖြစ်သည်။
ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရုံပိုင်ရှင်များနှင့် ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူများအကြား ညှိနှိုင်းဆွေးနွေးမှုများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် အကြိမ်ကြိမ် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
■ မည်သည့်ရုံများ ဖွင့်ကြမည်နည်း
ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ထားသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများထဲမှရုပ်ရှင်ရုံပေါင်း ၆၀ ခန့်ကို ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်း၌ရှိသည့် ရုပ်ရှင်ရုံများတွင် တစ်ဦးတည်းပိုင်ရုံများရှိသကဲ့သို့ အများစုကို မင်္ဂလာကုမ္ပဏီက ပိုင်ဆိုင်ထားပြီး JCGV၊ Mega Age နှင့် Paradiso စသည့် ကုမ္ပဏီအုပ်စုများကလည်း ရုပ်ရှင်ရုံများ ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ထိုအထဲမှနေပြီး မင်္ဂလာကုမ္ပဏီအနေဖြင့် ရုံပေါင်း ၂၀ ခန့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသကဲ့သို့ Mega Age ကုမ္ပဏီအနေဖြင့် လေးရုံခန့် ပြန်ဖွင့်နိုင်မည်ဟု သိရပြီး JCGV ရုပ်ရှင်ရုံများက လက်ရှိမှာ ပြသစက်များ Error တက်နေသဖြင့် ပြင်ပြီးသည့်အရေအတွက်ပေါ်မူတည်ပြီး ပြန်ဖွင့်နိုင်မည်ဟု သိရသည်။
“ရုပ်ရှင်ပြသတဲ့စက်တွေက ဒစ်ဂျစ်တယ်စက်တွေပါ။ အဲဒီစက်တွေက အကြာကြီးအလုပ်မလုပ်ဘဲထားရင် Error တက်တာတွေ၊ စက်ပျက်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် တချို့ရုံပိုင်ရှင်တွေအနေနဲ့ ရုပ်ရှင်ပြသမှုရပ်နားထားရတဲ့အချိန်တွေမှာလည်း ရုံမှာကတော့ တစ်ရက်ကို တစ်ပွဲလောက်ပြထားရတာ တွေလုပ်ရတယ်။ တချို့ အဲဒီလိုလုပ်မထားတဲ့ ရုံတွေအတော်များများက ခုချိန်မှာ စက်ပျက်တာတွေ Error တက်တာတွေဖြစ်ကြတယ်” ဟု ရုပ်ရှင်ရုံမန်နေဂျာတစ်ဦးကဆိုသည်။
လက်ရှိတွင် ဧပြီ ၁၇ ရက်၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ရှိသည့် ရုပ်ရှင်ရုံအချို့ကို ပြန်လည် ဖွင့်လှစ်ပြသပေးမည်ဖြစ်သည်။
■ စောင့်ကြိုနေသော စိန်ခေါ်မှုများ
ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရုံပိုင်ရှင်များနှင့် ထုတ်လုပ်သူဇာတ်ကားပိုင်ရှင်များ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရသည်။
လက်ရှိအခြေအနေများကြောင့် စျေးကွက်အနေအထားခန့်မှန်းမရခြင်းနှင့် ပြသမှုစနစ်များကို ပြန်လည်တည်ဆောက်နေရခြင်းကြောင့် အမြတ်ခွဲဝေမှုများလည်း ဆွေးနွေးခဲ့ရသည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက သိရသည်။
ဇာတ်ကားပိုင်ရှင်အချို့ကလည်း သူတို့ဇာတ်ကားတွေကို ပြသရန် တွန့်ဆုတ်နေကြသလို ရုံများတွင်လည်း အားလုံးဖွင့်နိုင်သည့်အခြေအနေ၌ရှိကြောင်း သိရသည်။
ထို့ပြင် ရုပ်ရှင်စျေးကွက်တွင် အဓိကအားပေးသည့် ပရိသတ်အင်အားစုများမှာ လူငယ်များ၊ ကျောင်းသားများနှင့် လုပ်ငန်းခွင်နယ်ပယ်ရှိ လူငယ်လူလတ်ပိုင်းများ ပါဝင်သည်။
လက်ရှိအခြေအနေများအရအားပေးကြမည့် အဆိုပါလူတန်းစားများမှာ အခက်အခဲကိုယ်စီရင်ဆိုင်နေရသည့် အခြေအနေတွင် ရှိနေသည်မှာ ငြင်းမရသည့်အခြေအနေတွင်ရှိသည်။
ထို့ပြင်နေ့စဉ်နှင့်အမျှမြင့်တက်လာသည့် ကုန်စျေးနှုန်းများနှင့်အတူ စားဝတ်နေရေးခက်ခဲမှုများ၊ အလုပ်လက်မဲ့နှင့် အလုပ်အကိုင်ရှားပါးလာမှုများမှာ ဖျော်ဖြေရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ ဆဲဖြစ်သည်။
စီးပွားရေးအနေအထားအပြင် လုံခြုံရေးအရ ကြည့်မည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကြောင့် ဆင်ခြင်စရာများရှိသကဲ့သို့ ခါးပိုက်နှိုက်နှင့်လုယက်မှုများ၊ ပေါက်ကွဲမှုများစသည့် အခြေအနေများမှာလည်း ရုပ်ရှင်ရုံဖွင့်လှစ်မည့်သူများအတွက် စိန်ခေါ်မှုများ ဖြစ်သည်။
ထို့ပြင် ပြန်လည်ဖွင့်လှစ်မည့် ရုပ်ရှင်ရုံများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်မှာ လျှပ်စစ်မီးရရှိမှု အနေအထားဖြစ်သည်။
လျှပ်စစ်မီးပြတ်တောက်ပါက ရုပ်ရှင်တစ်ပွဲကို မီးစက်ဖြင့် ပြသပါက တစ်နာရီလျှင် အများဆုံး ရှစ်ဂါလန်ကုန်ကျနိုင်ပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားလျှင် သုံးနာရီခန့်ကြာမြင့်သောကြောင့် ရုပ်ရှင်တစ်ပွဲပြသမည် ဆိုပါက ဒီဇယ်ဆီဂါလန် ၂၀ ခန့် ကုန်ကျနိုင်ကြောင်း ရုံပိုင်ရှင်အချို့က ဆိုသည်။
လောင်စာဆီစျေးနှုန်းမှာ ဧပြီ ၂ ရက် စျေးနှုန်းများအရ ဒီဇယ်ဆီ တစ်လီတာလျှင် ၂၁၅၀ ကျပ်ဖြစ် သည်။ တစ်ဂါလန်လျှင် ကျပ်တစ်သောင်း ကုန်ကျမည်ဖြစ်သဖြင့် ရုပ်ရှင်တစ်ပွဲပြသမည်ဆိုပါက စက်သုံးဆီဖိုး ကျပ်နှစ်သိန်းကျော် ကုန်ကျမည်ဖြစ်သည်။
ရုပ်ရှင်ရုံများ မပိတ်မီက ရုပ်ရှင်လက်မှတ်ခမှာ ရုပ်ရှင်တစ်ရုံနှင့် တစ်ရုံ ကွာခြားမှုအရ ရှေ့ဆုံးတန်းဆိုလျှင် အနည်းဆုံး တစ်ဦးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၈၀၀ ကြားရှိသည်။ ယင်းစျေးနှုန်းဖြင့် တွက်ချက်ပါက အခြား အသုံးစရိတ်များထက် စက်သုံးဆီဖိုး ပြန်ရနိုင်ရန်အတွက် ကျပ် ၁၈၀၀ နှုန်းဖြင့် တွက်ချက်ပါက ရုပ်ရှင်တစ်ပွဲ ပြသမည်ဆိုပါက လူ ၁၁၀၀ ကျော် ဝင်ရောက်ကြည့်ရှုရမည်ဖြစ်သည်။
ထို့ပြင် ကိုဗစ်ကျန်းမာရေးညွှန်ကြားချက်များအရ ရုပ်ရှင်တစ်ပွဲပြလျှင် လာရောက်ကြည့်ရှုမည့် ပရိသတ်မှာ တစ်ခုံခြားထိုင်ရမည်လား၊ သို့မဟုတ် ဝင်ရောက်ကြည့်ရှုနိုင်မည့် လူအရေအတွက်ကို ထက်ဝက်ခန့်သာ သတ်မှတ်မည်လားဆိုသည်မှာလည်း မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်သည်။
■ ရုံတင်မည့် ဇာတ်ကားများ
ရုံများပြန်ဖွင့်သည့်အချိန်တွင် ဇာတ်ကားတစ်ကားကို ရုံတိုင်းတွင် အတူပြသမည်ဖြစ်ပြီး တစ်ပတ်လျှင် တစ်ကားနှုန်းပြသမည်ဖြစ်သည်။
ပွဲဦးထွက်အနေဖြင့် ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ လူမင်းနှင့်ရွှေမှုန်ရတီတို့ အဓိကပါဝင်သော ‘ဝေးမနေချင်ဘူး’ ဇာတ်ကားပြသမည်ဖြစ်သည်။
ယင်းနောက် ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး ပြေတီဦးနှင့် ဖွေးဖွေးတို့ အဓိကပါဝင်သည့် ‘လိပ်ပြာထောင်ချောက်’၊ ဒါရိုက်တာချိုဝတ်ရည် ရိုက်ကူးပြီး ပိုင်တံခွန်နှင့် အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားသည့် ‘မှောင်တိုက်’၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး ပြေတီဦးနှင့်ဝတ်မှုန်ရွှေရည်အဓိကပါဝင်သည့် ‘ရွာဂေါ်’၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး အောင်ရဲလင်းနှင့်အိန္ဒြာကျော်ဇင်တို့ အဓိကပါဝင်သော ‘အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်’၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး ပြေတီဦးနှင့် ခိုင်သင်းကြည်တို့ အဓိကပါဝင်သည့် ‘ကမောက်ကမ သမီးယောက္ခမ’ ဇာတ်ကားများ ပြသမည်ဖြစ်သည်။
“လောလောဆယ်အနေအထားအရ ညမထွက်ရအမိန့်လည်းရှိနေတဲ့အတွက် ပွဲချိန်တွေကိုတော့ စဉ်နေတုန်းပါ။ လက်မှတ် ရောင်းချမှုမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပေးတဲ့ စည်းကမ်းတွေနဲ့အညီ ရောင်းချပေးသွားမှာပါ။ နောက်ပြီး ဇာတ်ကားရုံတင်တဲ့အခါ ပရိသတ်အားပေးမှုအပေါ်မူတည်ပြီး ပိတ်ကား နှစ်ခု၊ သုံးခုရှိနေတဲ့ ရုံတွေအနေနဲ့ တစ်ရုံကနေ နှစ်ရုံ စသည်ဖြင့် ထပ်တိုးဖွင့်လှစ်ပြီး ပြသပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏အုပ်ချုပ်-ဖြန့်ချိအလွှာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးလှသိန်းက ပြောကြားသည်။
ယခုပြသရန်စီစဉ်ထားသည့် ဇာတ်ကားများတွင် ယခင်က တန်းစီထားသည့် ဇာတ်ကားအချို့ မပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ရုပ်ရှင်ရုံများ မပိတ်သိမ်းမီက စိုင်းစိုင်းခမ်းလှိုင်နှင့်ပိုးမမီသာပါဝင်သရုပ်ဆောင်ထားသော ‘ပိတောက်ကတဲ့ဂီတ’ ရုပ်ရှင် ဇာတ်ကားမှာ ရုံတင်နေဆဲ အခြေအနေမှာပင် ရှိခဲ့သည်။
ယင်းဇာတ်ကားနောက်တွင် ရုံတင်ပြသမည့် ဇာတ်ကားများအနက် မြင့်မြတ်နှင့် ယုန်လေး သရုပ်ဆောင်ထားသည့် ‘အော်ရီဂျင်နယ်ဂန်းစတား- ၃’ ဇာတ်ကားဖြစ်သည်။
ယခင်ကထွက်ရှိခဲ့သည့် ‘အော်ရီဂျင်နယ်ဂန်းစတား’ ဇာတ်ကားများမှာ ဝင်ငွေအကောင်းဆုံးဇာတ်ကား များဖြစ်ခဲ့သည်။ သို့သော် ယခု ပြသမည့်ဇာတ်ကားများတွင် ယင်းဇာတ်ကားမှာ ပါဝင်လာခြင်းမရှိခဲ့သည်ကို တွေ့ရသည်။
မြန်မာရုပ်ရှင်ဇာတ်ကားများမှာ ပြသမှုစနစ်ကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း ရိုက်ကူးတဲ့ဇာတ်ကားနှင့် ပြသနိုင်သည့် ဇာတ်ကားအရေအတွက် ကွာဟချက်ကြီးမားခဲ့သည့် ပြဿနာမှာ လက်ရှိအချိန်အထိ ကျန်ရှိနေဆဲဖြစ်သည်။
၂၀၁၉ ခုနှစ်ထဲတွင် ရုပ်ရှင်ဇာတ်ကား ၉၉ ကားအထိ ရုံတင်ပြသနိုင်ခဲ့သော်လည်း ရုံတင်ရန် တန်းစီ စောင့်ဆိုင်းနေရသည့် ဇာတ်ကားများတွင် ၂၀၁၇ ခုနှစ်ရှေ့ပိုင်းကာလက ဇာတ်ကားများအထိ ပါဝင်ခဲ့သည်။
ယင်းနောက်ပိုင်းတွင်လည်း ဇာတ်ကားရိုက်ကူးမှုများလာသည့်အတွက် ပြသရန်စောင့်ဆိုင်းနေသည့် ဇာတ်ကားအရေအတွက် လျော့ကျသွားခြင်းမရှိခဲ့ပေ။
လက်ရှိတွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပါက ပြသရန်ရွေးချယ်ထားသည့်ဇာတ်ကားများမှာ ရုံပိုင်ရှင်များဘက်က စိတ်ကြိုက်ရွေးချယ်ထားသည့် ဇာတ်ကားငါးကား ပါဝင်ကြောင်းသိရသည်။
■ ပရိသတ်အခြေအနေ
မြန်မာရုပ်ရှင်ဇာတ်ကားများကို အဓိကအားပေးကြည့်ရှုနေကြသည့်ပရိသတ်အများစုမှာ လက်ရှိအချိန်တွင် စီးပွားရေးမပြေလည်မှုများနှင့် ကုန်စျေးနှုန်းကြီးမြင့်တဲ့ဒဏ်အပြင် အလုပ်အကိုင်ကျပ်တည်းမှုများကိုလည်း ရင်ဆိုင်နေရသည့် အခြေအနေလည်း ဖြစ်သည်။
“အမှန်အတိုင်းပြောရင်တော့ ရုပ်ရှင်ကြည့်ရတာကို ကြိုက်တယ်။ ပြမယ့်ဇာတ်ကားတွေလည်း စိတ်ဝင်စားတယ်။ ဒါပေမဲ့လည်း ဒီအချိန်က သွားလာနေထိုင်စားသောက်မှုအကုန်က ဆင်ခြင်ခြိုးခြံနေရတာဆိုတော့ သွားကြည့်ဖို့တော့ မသေချာသေးဘူး။ ဒါပေမဲ့ လက်မှတ်စျေးနှုန်းတွေက ဘယ်လောက်ဖြစ်မှာလဲ။ တခြားလူတွေရော ဇာတ်ကား တွေရုံတင်ရင် လာကြည့်ကြမှာလား။ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ လုံခြုံဘေးကင်းမှုကရော ဘယ်လိုရှိလဲဆိုတာကို အခုချိန်မှာ ပိုစိတ်ဝင်စားနေမိတယ်” ဟု ပရိသတ်တစ်ဦးကဆိုပါတယ်။
လာမည့် မြန်မာနှစ်သစ်တွင် ရုပ်ရှင်ဇာတ်ကားများကို ပိတ်ကားပေါ်တွင် ပြန်လည်ပြသခွင့်ရရှိတော့ မည်လည်းဖြစ်သည်။
ယင်းမတိုင်မီ ရုပ်ရှင်လောကအတွက် အထက်တွင်ဖော်ပြခဲ့သည့် စိန်ခေါ်မှုများကို လက်တွေ့ရင်ဆိုင် ရမည်ဖြစ်သည်။ ဖျော်ဖြေရေးတစ်ခု ဖြစ်သည့် ရုပ်ရှင်အနုပညာမှာ လက်တွေ့တွင် အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများအတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်လာမည်လားဆိုသည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။










