ဇွဲကပင်တောင်ပေါ်တွင် သေဆုံးခဲ့သည့် အမျိုးသမီးနှင့် ပတ်သက်ပြီး တောင်ပေါ်သို့ အတူတက်ရောက်ခဲ့သူ အမျိုးသားအား ဖမ်းဆီးရမိ

ဇွဲကပင်တောင်ပေါ်တွင် သေဆုံးခဲ့သည့် အမျိုးသမီးနှင့် ပတ်သက်ပြီး တောင်ပေါ်သို့ အတူတက်ရောက်ခဲ့သူ အမျိုးသားအား ဖမ်းဆီးရမိ
Published 3 April 2022

ဇွဲကပင်တောင်ပေါ်တွင် သေဆုံးခဲ့သည့် အမျိုးသမီးနှင့် ပတ်သက်ပြီး တောင်ပေါ်သို့ အတူတက်ရောက်ခဲ့သူ အမျိုးသားအား ဧပြီ (၂) ရက်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ဇွဲကပင်တောင်ပေါ် မှာ သေဆုံးသွားတဲ့ အမျိုးသမီးငယ်နဲ့ တောင်အတူတက်ပြီးတော့ တိမ်းရှောင်နေသူကို ဧပြီ (၂) ရက်နေ့က ဘုရားသုံး‌ဆူမြို့ မှာ KNU/KNLA (PC)အဖွဲ့ က ဖမ်းဆီးရမိပြီးတော့ ထုံးအိုင်နယ်‌ မြေရဲစခန်းက မနေ့က သွားရောက်ခေါ်ဆောင်နေတယ်လို့တော့ သိရပါတယ်။ အဲ့ဒီရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်" ဟု ဘားအံမြို့နယ် ဖားကပ်ကျေးရွာမှ ဒေသခံတစ်ဦးကပြောကြားသည်။

အဆိုပါ ဇွဲကပင်တောင်ပေါ်တွင် သေဆုံးခဲ့သည့်အသက် (၂၂) နှစ်အရွယ်အမျိုးသမီးမှာ ဘားအံမြို့နယ်၊ ဖားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာတွင် နေထိုင်သည်သူ ဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ်မှာကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်ပေါ်သို့ မတ်လ  ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်က အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ဇွဲကပင်တောင်ပေါ်သို့တက်သွားကြောင်း၊ မွန်းလွဲ ၃  နာရီခန့်တွင် အမျိုးသား တစ်ဦးတည်းသာပြန်ဆင်းလာပြီး အမျိုးသမီးမှာ ပြန်မပါလာကြောင်း၊ ဂေါပကအဖွဲ့မှ အမျိုးသားအား မေးမြန်းရာတွင် နောက်မှာလိုက်လာကြောင်းသာပြောကြားပြီး ၎င်းစီးလာသည့် ဆိုင်ကယ်အား မောင်းနှင်သွားကြောင်း နှင့် အမျိုးသမီးစီးလာသည် ဆိုသည့် ဆိုင်ကယ်သာကျန်ရစ်ခဲ့ကြောင်းကို ဂေါပကအဖွဲ့ထံမှ သိရသည်။

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည်ဆိုသည့် အမျိုးသမီးအား မတ်လ (၃၁) ရက် နံနက်ပိုင်းကမှစတင်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဘားအံခရိုင်) မှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဘားအံမြို့နယ်အတွင်းရှိ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း နှင့် ဧပြီလ (၁) ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြန်လည်တွေ့ရှိခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား ကျောက်တုံး၊ သစ်ရွက်၊ မြေဆွေးများဖြင့် ဖုံးအုပ်ထားလျက် တွေ့ရှိခဲ့ကြောင်းနှင့် အမျိုးသမီး၏ရုပ်အလောင်းတွင် ဦးခေါင်းခွံကြေမွ ဒဏ်ရာများတွေ့ရှိရကြောင်း သက်ဆိုင်ရာထံမှ သိရသည်။

Most Read

Most Recent