ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် ဆုံးရှုံးမှုကြီးမားနေသော ကမ္ဘာ့ပင်လယ်စာလုပ်ငန်း

ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် ဆုံးရှုံးမှုကြီးမားနေသော ကမ္ဘာ့ပင်လယ်စာလုပ်ငန်း
Photo : AP
Photo : AP
Published 2 April 2022
ဖြိုးဟိန်းကျော်

ရုရှားအပေါ် ချမှတ်ခဲ့သည့် လတ်တလော စီးပွားရေးပိတ်ဆို့မှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ ပင်လယ်စာလုပ်ငန်းများသည် စျေးနှုန်းများ ထိုးတက်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူး မှုကွင်းဆက်ကို ထိခိုက်ခြင်းနှင့် အလုပ်အကိုင် ဆုံးရှုံးခြင်းတို့ ရှိလာနိုင်သည့် အလားအလာအတွက် အားတင်းပြင်ဆင်ရလျက်ရှိပြီး အဓိက ပင်လယ်စာအမျိုးအစားများဖြစ်သော ကော့ဒ်ငါးနှင့် ပင်လယ်ကဏန်းများ ရရှိနိုင်ရန်လည်း ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူရန် လတ်တလော ကြိုးပမ်းမှုများထဲတွင် ပင်လယ်စာ၊ အရက်နှင့် စိန်တင်သွင်းမှုတို့အပေါ် ပိတ်ပင်ခြင်းလည်း ပါဝင်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ရုရှားကို ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး များကိုလည်း ပြန်ရုပ်သိမ်းခဲ့ပြီး အခြားကမ္ဘာ့ နိုင်ငံများကလည်း အမေရိကန်နည်းတူ လုပ်ဆောင်လျက်ရှိသည်။

ရုရှားသည် ကမ္ဘာပေါ်တွင် ပင်လယ်စာ အများဆုံးထွက်ရှိသည့် နိုင်ငံများထဲတွင် ပါဝင်သကဲ့သို့ သဘာဝအလျောက် ဖမ်းယူရရှိသည့် ငါးများ အများဆုံးထွက်ရှိသည့် နိုင်ငံများထဲတွင် ပဥ္စမနေရာ၌ ရှိနေသည်ဟု ၂၀၂၀  ပြည့်နှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင် ခံစာ၌ ဖော်ပြထားသည်။ ရုရှားသည် အမေရိကန်ပြည်ထောင်စုသို့ ပင်လယ်စာအများဆုံး တင်ပို့ရောင်းချနေသည့် နိုင်ငံများထဲတွင် ပါဝင်ခြင်း မရှိသော်လည်း ကမ္ဘာပေါ်တွင် ကော့ဒ်ငါးတင်ပို့မှု စျေးကွက်ကိုဦးဆောင် လျက်ရှိသည်။ ကော့ဒ်ငါးသည် အမေရိကန်ရှိ စားသောက်ဆိုင်များအတွက် အရေးပါ သော အမည်တစ်မျိုးလည်းဖြစ်သည်။ ထိုနည်းတူစွာပင် ရုရှားသည် အသင့်စားအစား အစာဖြစ်သော ဆန်းဒ်ဝစ်ချ်နှင့် ငါးအသားချောင်းကဲ့သို့ အစားအစာများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ပင်လယ်ကဏန်းနှင့် အလက်စကားပေါလက်ခ်ငါးတို့ ကိုအဓိကတင်သွင်းဖြန့်ချိနေသည့် နိုင်ငံလည်း ဖြစ်သည်။

ပင်လယ်စာလုပ်ငန်းအပေါ် ရိုက်ခတ်မှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရှိလာနိုင်ပြီး ပင်လယ်ကမ်းခြေဒေသများသို့ပါ သက်ရောက်မှုရှိလာနိုင်ကာအဆိုပါ ဒေသများထဲတွင် အမေရိကန်ပြည်ထောင်စုရှိ မိန်းပြည်နယ်လည်း ပါဝင်နေသည်။၂၀၂၁ ခုနှစ် က ပို့တ်လန်းဆိပ်ကမ်းမြို့မှတစ်ဆင့် အဆိုပါ ပြည်နယ်သို့ ရုရှားပင်လယ်စာထွက်ကုန် သန်း ၅၀ ကျော်ဖိုးဖြတ်သန်းပို့ဆောင်ခဲ့သည်ဟု ဗဟိုအစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

“အခုဆိုရင် ရုရှားကနေ ကော့ဒ်ငါးတွေ မှာယူတဲ့အခါမှာ ပြဿနာရှိလာပါတော့မယ်။ ဒါက တကယ့်ကို ကမောက်ကမအခြေအနေ တစ်ခုပါပဲ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုပဲစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်”ဟု မိန်းပြည်နယ်၊ တန်းနန့်စ် ဟာဘာဒေသ၏ပင်လယ်စာစျေးကွက်မှ ပင်လယ်စာလက် ကားအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူ ဂလင်းလစ် ဘီကဆိုသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိရုရှားမှ အမေရိကန်သို့ ကော့ဒ်ငါး ကီလိုဂရမ် ၁၂.၇ သန်း (ပေါင် ၂၈ သန်းကျော်) တင်ပို့ခဲ့သည်ဟု အချက်အလက်များအရ သိရသည်။ ဥရောပ သမဂ္ဂ(အီးယူ)နှင့် ဗြိတိန်တို့သည်လည်း ရုရှား၏ ပင်လယ်စာထွက်ကုန်အပေါ် ကြီးကြီးမား မားမှီခိုနေရလျက်ရှိကာ ဂျပန်နှင့်ကုန်သွယ်မှုကို ကန့်သတ်ထားပြီးပင်လယ်စာအဓိကစား သုံးသော နိုင်ငံဖြစ်သည့် ဂျပန်တွင်လည်း ပင်လယ်စာစျေးနှုန်းများတရိပ်ရိပ် မြင့်တက်လျက်ရှိသည်။

ငါးနှင့် အာလူးချောင်းကြော်တို့က ယဉ်ကျေးမှု အမှတ်သညာသဖွယ် ဖြစ်နေသည့် ဗြိတိန်တွင် ဆိုင်ရှင်များသာမကစားသုံး သူများသည်လည်း စျေးနှုန်းအဆမတန် မြင့်တက်မှုနှင့် ရင်ဆိုင်နေရပြီး ဗြိတိန်ရှိ စား  သောက်ဆိုင်များအဖို့ စွမ်းအင်နှင့် စားသောက်ကုန် စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အကျပ်ရိုက်လျက် ရှိသည်။

ဗြိတိန်ရှိစားသောက်ဆိုင် သုံးပုံတစ်ပုံသည် လုပ်ငန်းရပ်ဆိုင်းသွားရှိသည်ဟု National Federation of Fish Friers အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ အန်ဒရူးခရွတ်ခ်က ယူကရိန်းစစ်ပွဲမစတင်မီကပင် ခန့်မှန်း သုံးသပ်ခဲ့ပြီး ငါးစျေးနှုန်းများ ဆက်လက် မြင့်တက်နေမည်ဆိုလျှင် အလွန်ပင် စိုးရိမ်စရာကောင်းသည့် အကျပ်အတည်းနှင့် ကြုံရနိုင်သည်ဟု ၎င်းက ပြောကြားသည်။

မတ်လလယ်တွင် ဗြိတိန်အစိုးရကစားသောက်ဆိုင်များအတွက် အဓိကဟင်းအမည် ဖြစ်သည့် ကော့ဒ်ငါးနှင့် ဟက်ဒေါ့ငါး အပါအဝင် ရုရှား၏ ၀ိှုက်ဖစ်ရှ် ငါးမျိုးစိတ်များ တင်ပို့မှုအပေါ် ၃၅ ရာခိုင်နှုန်းစည်းကြပ်ခွန် သတ် မှတ်ခဲ့သည်။

“ကျွန်တော်တို့ဟာ ဗြိတိန်ယဉ်ကျေးမှုရဲ့  အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါလျက်နဲ့ အခုလိုအခြေအနေမျိုးကိုမြင်တွေ့ရတာဟာ ဝမ်းနည်းစရာပါပဲ”ဟုလည်း ITV ရုပ်သံသို့ ပြောကြားခဲ့သည်။

အမေရိကန် စားသုံးသူများအနေဖြင့် စျေးနှုန်းနှင့် ငါးရရှိနိုင်သည့် အလားအလာတို့ကြောင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများ၏  သက်ရောက်မှုကိုအသိသာဆုံး ကြုံတွေ့ရနိုင်သည်ဟု ပို့တ်လန်းမြို့ရှိ Gulf of Maine သုတေ သနသိပ္ပံ၏ ပင်လယ်ကမ်းခြေနှင့် ပင်လယ်ထွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်တွေ့လေ့လာမှုများကို လုပ်ဆောင်နေသည့် ကာနာအဲတိုခုနာဂါက ဆိုသည်။

“ပင်လယ်စာတွေဟာ ရုရှားကနေ မထွက်ရှိဘူးဆိုရင်တောင် တစ်ကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စားသောက်ကုန် ဖြစ်တာကြောင့် စျေးနှုန်းထိုး တက်လာတဲ့အခြေအနေနဲ့ ကြုံရမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်ပမှကော့ဒ် ငါးများတင်သွင်းမှုကိုအမှီပြုနေရခြင်းသည်  တစ်ချိန်က အရှိန်အဟုန် ကောင်းမွန်ခဲ့သော်လည်း အလွန်အကျွံ ငါးဖမ်းယူခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတို့နှင့် ရင်ဆိုင်လာရသည့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကော့ဒ်ငါးဖမ်းလုပ်ငန်းကျဆင်းမှု၏ အရင်းခံအကြောင်းရင်း ဖြစ်လာခဲ့သည်။ နယူးအင်္ဂလန်ဒေသတွင် အဓိကအခြေစိုက်သည့် အမေရိကန် တံငါသည်များသည် ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းကာလများ က တစ်နှစ်လျှင် ကော့ဒ်ငါးပေါင်ချိန် သန်း ၁၀၀ ကျော် ဖမ်းယူခဲ့သော်လည်း ၂၀၂၀ ခုနှစ် တွင်မူပေါင်ချိန် ၂ သန်းပင် မပြည့်တော့ပေ။

စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်များက ငါးဖမ်းခွင့်ပြုသည့် ခွဲတမ်းပမာဏကို အလွန်အမင်း ကန့်သတ်လျှော့ချခြင်းကဲ့သို့  အစီအမံများချမှတ်ကာ ငါးလုပ်ငန်းကို အသက်ဆက်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ဟက်ဒေါ့ငါးနှင့် ငါးခွေးလျှာကဲ့သို့ အရှေ့ဘက်ကမ်းခြေရှိ ပင်လယ်ရေနက်ပိုင်းနေအခြားငါးမျိုး စိတ်များကိုဖမ်းယူနေသည့် တံငါသည်များသည် လက်ရှိတွင် ကော့ဒ်ငါးများကိုဖမ်းယူခွင့် မရှိတော့ပေ။  

မက်ဆာချူးဆက် ပြည်နယ်မှ ပင်လယ်စာထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများတွင် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရနိုင်သည့်အပေါ် စိုးရိမ်နေကြသည်ဟု ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကိုထောက်ခံ အားပေးသည့် အမေရိကန် ဒီမိုကရက်တစ်ပါတီ၏ အထက်လွှတ်တော်အမတ်ဖြစ်သူ အက်ဒ်မာကေးက ဆိုသည်။

“ကျွန်တော့်ပြည်နယ်ကပင်လယ်စာ ထုတ်လုပ်ဖြန့်ဖြူးသူတွေဟာ လတ်တလော သွင်းကုန်ပိတ်ပင်မှုတွေရဲ့ အကျိုးဆက်ကြောင့် ပင်လယ်စာထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေ အပါ အဝင် သူတို့ရဲ့ အလုပ်သမားအင်အားပေါ် ရုတ်ခြည်းသက်ရောက်မှု ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ကြားသိရပါတယ်” ဟုဆီးနိတ်လွှတ်တော် အစည်းအဝေးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ရှိ ပင်လယ်စာထုတ်လုပ် ရောင်းချသူများအနေဖြင့် ရုရှားထံမှ ကော့ဒ်ငါးများကို မရရှိတော့ခြင်းကြောင့် အခြားပြည်ပအရင်းအမြစ်များအပေါ် အမှီပြုလာရ ဖွယ်ရှိသည့်သဘောပင် ဖြစ်သည်ဟု မိန်းတက္ကသိုလ်၏ အဏ္ဏဝါသိပ္ပံဌာနမှသုတေသန ဆိုင်ရာလက်ထောက်ပါမောက္ခဖြစ်သူ  ဝေါ့တ်ဂိုလက်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ နော်ဝေနဲ့ ကနေဒါတို့လို နိုင်ငံတွေကနေပင်လယ်စာတွေပိုမို တင်သွင်းတာတို့လို နည်းလမ်းတွေကိုလုပ် ဆောင်နိုင်ပါလိမ့်မယ်။ အဲဒီသွင်းကုန်တွေရဲ့ စျေးနှုန်းကြောင့်ရိုက်ခတ်မှုက အမှန်တကယ် ကြီးမားပါလိမ့်မယ်”ဟုလည်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အခြားသောနည်းလမ်းတစ်ခုအနေဖြင့် ပင်လယ်စာထုတ်လုပ်ရောင်းချသူများနှင့် စားသုံးသူများသည် အတ္တလန္တိတ်ပေါ လက်ခ် နှင့် ရက်ဖစ်ရှ်ကဲ့သို့ ပြည်တွင်း၌ ဖမ်းယူရရှိနိုင်သည့် အသုံးပြုမှု နည်းပါးသောငါးမျိုး စိတ်များကို အစားထိုးအသုံးပြုလာနိုင်သည်ဟု မိန်းပြည်နယ်၏ ပင်လယ်ပြင် ငါးဖမ်းသမားများအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ဘန်မာတင်စ်က ဆိုသည်။

“ဟက်ဒေါ့၊ ဟိတ်ခ်နဲ့ မွန့်ခ်ဖစ်ရှ်လို တခြား ငါးမျိုးစိတ်တွေကိုအသုံးပြုဖို့ အချိန်တန်ပြီလို့  ထင်ပါတယ်။ ပင်လယ်စာထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်ကို ထိခိုက်လာမယ်ဆိုရင် အဲဒီလစ်ဟာမှုကို တခြားငါးမျိုးစိတ်တွေနဲ့ အစားထိုးဖို့ အခွင့်အရေးတစ်ခုပါပဲ”ဟုလည်း ၎င်းက သုံး သပ်ပြောဆိုခဲ့သည်။

Most Read

Most Recent