ဒိန်းမတ်မီဒီယာများသို့ ခရစ္စတန်ဆန်၏ဖခင်ဖြစ်သူ ပြောကြားမှုအား ဆာရီ တုံ့ပြန်

ဒိန်းမတ်မီဒီယာများသို့ ခရစ္စတန်ဆန်၏ဖခင်ဖြစ်သူ ပြောကြားမှုအား ဆာရီ တုံ့ပြန်
Published 21 October 2018

 

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် အသင်း၏ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်၏ဖခင် ပြောကြားခဲ့သောစကားများနှင့်ပတ်သက်၍ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ခရစ္စတန်ဆန်၏ ဖခင်ဖြစ်သူ စတန်သည် ၎င်း၏အေးဂျင့်အဖြစ်လည်း ဆောင်ရွက်လျက်ရှိနေသူဖြစ်ပြီး ချယ်လ်ဆီးအသင်းတွင် ခရစ္စတန်ဆန် ပုံမှန်ကစားခွင့်မရပါက အသင်းပြောင်းရွှေ့ရန် စီစဉ်မည်ဖြစ်ကြောင်း ဒိန်းမတ် မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ခရစ္စတန်ဆန်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ ပရီးမီးယားလိဂ်ပွဲစဉ် ကစားခွင့်မရသေးဘဲ လိဂ်ဖလားပွဲစဉ် (၁)ပွဲနှင့် ယူရိုပါလိဂ်ပွဲစဉ် (၂)ပွဲသာ ကစားခွင့် ရရှိ ထားသူဖြစ်သည်။

ခရစ္စတန်ဆန်၏ ဖခင်ပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ ချယ်လ်ဆီး - မန်ယူ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြုလုပ်သော ပွဲကြိုမီဒီယာတွေ့ဆုံမှု၌ ဆာရီကို မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ဖြေကြားခဲ့သည်။ "ကျွန်တော် ခရစ္စတန်ဆန်ရဲ့အဖေကို စိတ်မဝင်စားပါဘူး။ ဒီရာသီအစပိုင်းမှာ ဒေးဗစ်လူးဝစ်ဇ်နဲ့ ရူဒီဂါတို့ အတွဲမိနေတာကြောင့် အပြောင်းအလဲလုပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ခရစ္စ တန်ဆန်လည်း နောက်ဆုံးကစားခဲ့တဲ့ (၆)ပွဲ မှာ (၃)ပွဲကစားခွင့်ရခဲ့တာပဲ။ ယူရိုပါလိဂ်ပြိုင်ပွဲက သူ့အဖေအတွက်တော့ အရေးမပါတဲ့ပြိုင်ပွဲ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီပြိုင်ပွဲက အရေးပါပါတယ်။ ခရစ္စတန်ဆန်ဟာ ငယ်ပါသေးတယ်။ သူ့အနေနဲ့ တိုးတက်မှုတွေ များစွာရှိလာနိုင်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့နည်းစနစ်တွေနဲ့ ကိုက်ညီတဲ့သူတစ်ဦးပါ" ဟု ဆာရီက ပြောကြားခဲ့သည်။

Most Read

Most Recent