■ ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်(၄)ခုပိုင်ရှင် ယူကရိန်းလက်ဝှေ့သမား အူဆိုက် ကာကွယ်ရေးတပ်ဖွဲ့တွင် ဝင်ရောက်စစ်မှုထမ်း     

■ ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်(၄)ခုပိုင်ရှင် ယူကရိန်းလက်ဝှေ့သမား အူဆိုက် ကာကွယ်ရေးတပ်ဖွဲ့တွင် ဝင်ရောက်စစ်မှုထမ်း     
Photo: CNN
Photo: CNN
Published 4 March 2022

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ် (၄)ခုပိုင်ရှင် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်သည် ကိဗ်မြို့တော် ကာကွယ် ရေးတပ်ဖွဲ့တွင် ဝင်ရောက်စစ်မှုထမ်း ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    

အသက် (၃၅)နှစ်ရှိပြီဖြစ်သည့် အူဆိုက်သည် စက်တင်ဘာလအတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပသည့် စိန်ခေါ်ပွဲတွင် အိမ်ရှင် ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာကို အမှတ်ဖြင့်အနိုင်ရပြီးနောက် WBA (Super)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်များ လွှဲပြောင်းရယူနိုင်ခဲ့သူဖြစ်သည်။ 

စစ်မှုထမ်းမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အူဆိုက်က "ကြောက်စရာ မရှိပါဘူး။ လုံးဝမကြောက်ပါဘူး။ စိတ်ရှုပ်စရာတွေပဲ ရှိပါတယ်။ ဒီလိုဟာမျိုး (၂၁)ရာစုမှာ ဘယ်လိုဖြစ်နိုင်မှာလဲ"ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    

ထို့ပြင် မေလတွင် ဂျိုရှူအာနှင့် မကျေပွဲ ပြန်လည်ထိုးသတ်မည့်အပေါ် ၎င်းက "ကြိုးဝိုင်းထဲကို ဘယ်အချိန် ပြန်ဝင်ခွင့်ရမလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာက ကျွန်တော့်အတွက်တော့ ချန်ပီယံခါးပတ်တစ်ခုထက်ပိုပြီး အရေးကြီးပါတယ်"ဟု ဆက်လက်ပြောကြားခဲ့သည်။

အူဆိုက်သည် ၂၀၁၂ လန်ဒန် အိုလံပစ် ဟဲဗီးဝိတ်တန်းလက်ဝှေ့ ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိထားသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းပြီးနောက် ခရူဆာဝိတ်တန်းတွင်လည်း WBA (Super)၊ IBF၊ WBO၊ IBO စသည့် အဓိကချန်ပီယံခါးပတ် (၄)ခုစလုံးရရှိကာ အငြင်းပွားဖွယ်မရှိ ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ 

ထို့ပြင် WBA (Super)၊ WBC နှင့် WBO လိုက်ဝိတ်တန်း ချန်ပီယံဟောင်း လိုမာချန်ကိုလည်း စစ်မှုထမ်းနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent