ယူကရိန်းအရေးကို တုံ့ပြန်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမည်

ယူကရိန်းအရေးကို တုံ့ပြန်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမည်
အိမ်ဖြူတော်၏ တောင်ဘက်မြက်ခင်းပြင်မှ Marine One ရဟတ်ယာဉ်ပေါ်သို့ တက်ရောက်ရန် လမ်းလျှောက်လာသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ်
အိမ်ဖြူတော်၏ တောင်ဘက်မြက်ခင်းပြင်မှ Marine One ရဟတ်ယာဉ်ပေါ်သို့ တက်ရောက်ရန် လမ်းလျှောက်လာသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ်
Published 28 February 2022
Ref: AFP

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်းအား ရုရှား၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ကာ တညီတညွတ်တည်း တုံ့ပြန်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်တွင် ပြုလုပ်မည့် ဖုန်းပြောဆိုဆွေးနွေးမှုတွင် ပါဝင်တက်ရောက်မည့်သူများကိုမူ အမေရိကန်အစိုးရက အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပေ။

ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းမြို့ကြီးများ၏ လမ်းမများပေါ်တွင် တိုက်ပွဲများ ဆင်နွှဲလျက်ရှိစဉ် ရုရှားသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အပယ်ခံဖြစ်လာခဲ့ကာ အနောက်နိုင်ငံများ၏ ဝေဟင်ပိုင်နက် ပိတ်ပင်မှုများနှင့် အဓိကဘဏ္ဍာရေး ကွန်ရက်စနစ်များမှ ပိတ်ပင်ခံရမှုအပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားနှင့် ရင်ဆိုင်နေရသည်။

ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းတွင်လည်း စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇)က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များချမှတ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း ချမ်းသာကြွယ်ဝသော ဂျီ ၇ အုပ်စုအနေဖြင့် ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုကို ဆန့်ကျင်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏ နျူကလီးယားတပ်ဖွဲ့များကို အသင့်အနေအထားတွင် ရှိနေရန် တပ်လှန့်နှိုးဆော်ခဲ့သည့်အတွက် နိုင်ငံတကာ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုကလည်း သမ္မတပူတင်က ယင်းကဲ့သို့ အမိန့်ပေးခြင်းသည် လုံးဝလက်သင့်မခံနိုင်စရာဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယူကရိန်းအား ရုရှား၏ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချမည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အချေအတင်ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ်တွင် သမ္မတဘိုင်ဒင်က ၎င်း၏မဟာမိတ်များနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ဂျီ ၇ နိုင်ငံများ၏ ခေါင်းဆောင်များက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရုရှားက ၎င်း၏စစ်ဆင်ရေးလုပ်ဆောင်မှုကို ရပ်တန့်ချင်း မရှိပါက လက်ရှိကြေညာထားသော ဒဏ်ခတ်အရေးယူမှုများအပြင် နောက်ထပ်အစီအမံများ ချမှတ်သွားမည်ဟု ဖော်ပြထားသည်။

ယူကရိန်းတွင် စစ်ဆင်ရေးဆင်နွှဲခြင်းမှ ရုရှား၏ စစ်ရေးအသာစီးရမှုများနှင့် နယ်မြေသိမ်းယူခြင်းကဲ့သို့ အခြေအနေအပြောင်းအလဲမှန်သမျှကို မိမိတို့အနေဖြင့် အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဂျီ ၇ အဖွဲ့ကြီးအနေဖြင့် ယူကရိန်းနှင့် ကမ္ဘာ့နိုင်ငံအားလုံး၏ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရန်အတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုသည်။          

ဂျီ ၇ နိုင်ငံများသည် ရုရှားအပေါ် ပြင်းထန်သည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်ကာ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က နိုင်ငံတကာဘဏ်ငွေပေးချေမှုစနစ် (SWIFT) မှ ရုရှားဘဏ်အချို့ကို ဖယ်ထုတ်ခဲ့ပြီး သမ္မတပူတင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့တို့ကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်ခဲ့သည်။

Most Read

Most Recent