ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု တောင်ကိုရီးယားနိုင်ငံတွင် ရာခိုင်နှုန်း ၈၀ မြင့်တက်ခဲ့ပြီး အမေရိကန်၊ ဘရာဇီး၊ ရုရှားနှင့် ဂျာမနီနိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်း အသီးသီးလျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှုအနေဖြင့် ဂျာမနီနိုင်ငံတွင် ရှစ်ရာခိုင်နှုန်း၊ ရုရှားနိုင်ငံတွင် ခုနစ်ရာခိုင်နှုန်း ၊ အမေရိကန်နိုင်ငံတွင် ၃၉ ရာခိုင်နှုန်းနှင့် ဘရာဇီးနိုင်ငံတွင် ၂၃ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် သေဆုံးမှုအနေဖြင့် အမေရိကန်နိုင်ငံတွင် ခြောက်ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၁၁ ရာ ခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၅၁ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ရုရှားနိုင်ငံနှင့် မက္ကစီကိုနိုင်ငံတို့တွင် ရှစ်ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့သည်။
ဟောင်ကောင်အစိုးရသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် အရေးပေါ် အခွင့်အာဏာကို ကျင့်သုံးလျက် တရုတ်ပြည်မကြီးမှ ဆရာဝန်များနှင့် သူနာပြုများကို ဟောင်ကောင်တွင် လာရောက် အလုပ်လုပ်ကိုင် ခွင့်ပြုလိုက်သည်ဟု သိရသည်။
ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်သည် တစ်ဟုန်ထိုး မြင့်တက်လာသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်။
လူဦးရေထူထပ်သော ဟောင်ကောင်သည် အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်း၏ ဖိစီးမှုဒဏ်ကို အလူးအလဲရင်ဆိုင်နေရကာ နေ့အလိုက် ရောဂါကူးစက်သူ ထောင်ချီရှိနေသည့်အတွက် ဆေးရုံများတွင် မနိုင်မနင်းဖြစ်နေကာ ရောဂါကူးစက်သူ အားလုံးကို သီးသန့်အဆောင်များတွင် ခွဲထားမည့်အစိုးရ၏ အစီအစဉ်များကိုလည်း ဖိအားများ သက်ရောက်စေခဲ့သည်။
တရုတ်ပြည်မကြီးနည်းတူ ဟောင်ကောင် အာဏာပိုင်များသည်လည်း ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို တစ်သဝေမတိမ်း ကျင့်သုံးလျက်ရှိသည်။ တရုတ်ပြည်မကြီးတွင် ကပ်ရောဂါကာလ တစ်လျှောက်လုံး၌ ရောဂါကူးစက်ပြန့်ပွားမှုများကို အများအားဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။
သို့ရာတွင် အလွန်ကူးစက်မြန်သည့် အိုမီခရွန်ဗီဇပြောင်းမျိုးကွဲ ဗိုင်းရပ်စ်ကြောင့် ကူးစက်မှုများ သိသိသာသာ မြင့်တက်လာပြီးနောက်တွင် တရုတ်ပြည်မကြီးထံ အကူအညီ တောင်းခံမှုများ မြင့်တက်လာခဲ့သည်။
“ဟောင်ကောင်ဟာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ကူးစက်ရောဂါ ပြန့်ပွားမှု အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အဲဒီအခြေအနေဟာ တစ်ခဏအတွင်းမှာပဲ ပိုဆိုးရွားလာခဲ့ပါတယ်” ဟု ဟောင်ကောင်အစိုးရက အရေးပေါ် အခွင့်အာဏာ အသုံးပြုကြောင်း ကြေညာခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။
လက်ရှိတွင် တရုတ်ပြည်မကြီးမှ ဆရာဝန်များ သတ်မှတ်စည်းမျဉ်းများနှင့် ပြည့်မီခြင်းမရှိပါက ဟောင်ကောင်တွင် အလုပ်လုပ်ကိုင်ခွင့် ရှိမည်မဟုတ်ပေ။
အချိန်တိုအတွင်း၌ ဟောင်ကောင်၏ ကပ်ရောဂါထိန်းချုပ်ရေးစွမ်းပကားကို မြှင့်တင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပဥ္စမလှိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် အရေးပေါ် အခွင့်အာဏာအရ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်အားလုံးကို လူပုဂ္ဂိုလ် အချို့ သို့မဟုတ် အချို့သော စီမံကိန်းများအတွက် ကင်းလွတ်ခွင့်ပြုကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။
လတ်တလော ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်သည့် နည်းလမ်းမှန်သမျှကို လုပ်ဆောင်သွားရန် တရုတ် သမ္မတ ရှီကျင်းပင်က ပြီးခဲ့သည့်သီတင်းပတ်တွင် ညွှန်ကြားခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်များက ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်၌ တရုတ်ပြည်မကြီးမှ ဆရာဝန်များ လာရောက်အလုပ်လုပ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ နှစ်အတန်ကြာ အငြင်းပွားမှုများရှိခဲ့သည်။ ယင်းအစီအစဉ်သည် ဟောင်ကောင်၏ အကြီးအကျယ် ဝန်ပိနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ဝန်ထမ်းမလုံလောက်မှုကို လျော့ပါးသက်သာစေလိမ့်မည်ဟု ကပ်ရောဂါကာလမတိုင်မီကပင် ထောက်ခံပြောဆိုမှုများ ရှိခဲ့သည်။
ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်၌ ဗြိတိန်လက်အောက်မှ တရုတ်၏ အုပ်ချုပ်မှုအောက်သို့ ပြန်ရောက်ရှိခဲ့သည်။














