မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်ကပ်ရောဂါ မုန်တိုင်းထန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှာဆိုရင် ကိုဗစ် Positive လူနာသစ် ၆၆၄၅ ဦးအထိ ရှိခဲ့ပြီးတော့ သြဂုတ်လအတွင်းမှာ ဆိုရင်လည်း ကိုဗစ် Positive လူနာသစ် ၄၉၈၇ ဦးအထိ ရှိခဲ့ပါတယ်။
ကိုဗစ် Positive လူနာတွေ သေဆုံးမှုမှာလည်း ဇူလိုင်လအတွင်းမှာ ၄၆၇ ဦးရှိခဲ့ပြီးတော့ သြဂုတ်လအတွင်းမှာ ၅၉၀ ဦးအထိရှိခဲ့ပါတယ်။
ထို့ပြင်ကို နေအိမ်မှာပဲရောဂါကူးစက်ဖြစ်ပွားခဲ့သူတွေ၊ သေဆုံးခဲ့သူတွေရဲ့စာရင်းတွေ မပါဝင်သေးပါဘူး။ တကယ့်မြေပြင်အခြေအနေအရဆိုရင် ကူးစက်ဖြစ်ပွားခဲ့သူတွေနဲ့ သေဆုံးခဲ့သူတွေရဲ့စာရင်းက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေထက် ပိုမိုများပြားနိုင်တယ်လို့ ကိုဗစ်အရေး ဆောင်ရွက်နေသူတွေက သုံးသပ်ပြောကြားခဲ့တာတွေလည်း ရှိပါတယ်။
အဲဒီကာလတွေအတွင်းမှာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ များစွာ ပျက်စီးခဲ့ကြရသလို ဝမ်းနည်းပူဆွေးမှုတွေ၊ သောကတွေနဲ့သာ တွေ့ကြုံခံစားခဲ့ကြရပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကစလို့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ ကူးစက်ဖြစ်ပွားမှုနှုန်းရော၊ သေဆုံးမှုနှုန်းပါ တဖြည်းဖြည်းနဲ့ လျော့ကျလာပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်မှာ ကိုဗစ် Positive လူနာသစ် ၂၃၉ ဦးနဲ့ အတည်ပြုလူနာ ခုနစ်ဦးသာ သေဆုံးခဲ့ပါတယ်။
“မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်း လျော့ကျလာခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ကပ်ရောဂါက အမြင့်ဆုံးအခြေအနေကနေ ပြန်ကျလာတာမျိုးလည်း ရှိသလို ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံခြင်းကလည်း အဓိကအကြောင်းရင်းအနေနဲ့ပါဝင်ပါတယ်။ ကာကွယ်ဆေးကို များများထိုးနိုင်ရင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းရော သေဆုံးမှုနှုန်းပါ သိသိသာသာလျော့ကျလာမှာပါ” လို့ အဲဒီကာလအတွင်းက ကိုဗစ်ကူးစက် ကပ်ရောဂါအရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတဆရာဝန်တစ်ဦးက ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာဆိုရင်လည်း မွန်ပြည်နယ်မှာ ကိုဗစ် Positive လူနာသစ် ၁၂၂ ဦးသာ တွေ့ရှိခဲ့ပြီးတော့ အတည်ပြုလူနာ ခုနစ်ဦး သေဆုံးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြို့နယ်အလိုက် ကိုဗစ် Positive လူနာသစ်တွေ့ရှိမှု အခြေအနေက ကျိုက်ထိုမြို့နယ်မှာ ငါးဦး၊ ဘီးလင်းမြို့နယ်မှာ နှစ်ဦး၊ ပေါင်မြို့နယ်မှာ ၁၁ ဦး၊ မော်လမြိုင်မြို့နယ်မှာ ကိုးဦး၊ ကျိုက်မရောမြို့နယ်မှာ ၂၃ ဦး၊ ချောင်းဆုံမြို့နယ်မှာ ၃၆ ဦး၊ မုဒုံမြို့နယ်မှာ ၁၃ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ ခြောက်ဦး၊ ရေးမြို့နယ်မှာ ၁၀ ဦးနဲ့ ပြည်ပနိုင်ငံက ပြန်လည်ဝင်ရောက်လာသူများအနက်က တစ်ဦးမှာ ကိုဗစ် Positive တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင်ကို အတည်ပြုလူနာ သေဆုံးမှုအနေနဲ့ကလည်း မော်လမြိုင်မြို့နယ်မှာ နှစ်ဦး၊ ချောင်းဆုံမြို့နယ်မှာ သုံးဦးနဲ့ မုဒုံမြို့နယ်မှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကပ်ရောဂါနဲ့ပတ်သက်လို့ ကူးစက်ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုတွေ လျော့ကျလာခြင်းနဲ့အတူ ကပ်ရောဂါကို ဂရုပြုမှုကလည်း လျော့ကျလာပါတယ်။ အပြင်ထွက်ရင် Mask မတပ်ကြတော့ပါဘူး။ ယခင်ကလို Hand Gel ဘူးလေးတွေ၊ လက်ဆေး အရက်ပျံဘူးလေးတွေ မဆောင်ထားကြတော့ဘူး။
လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ် ကူးစက်ကပ်ရောဂါရဲ့သန္ဓေပြောင်းမျိုးဆက်ဖြစ်တဲ့ SARS-CoV-2 Variant Omicron ကူးစက်ဖြစ်ပွားမှုနှုန်းက ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံမှာလည်း SARS-CoV-2 Variant Omicron ကူးစက်မှု တွေ့ရှိနေရပြီ ဖြစ်ပါတယ်။
“အခုလက်ရှိမှာ Delta လည်း မပြတ်သေးဘူး။ ရှိနေတုန်းပဲ။ အခုရန်ကုန်ပြန်တွေမှာလည်း နှာရည်ယိုတာ၊ ချောင်းဆိုးတာ၊ ဖျားတာတွေတွေ့နေရလို့ ဆေးစစ်လိုက်လို့ရှိရင် ကိုဗစ် Positive ဖြစ်နေတာ တွေရှိနေတော့ Omicron လည်း မွန်ပြည်နယ်ထဲ ရောက်လာနိုင်တယ်လို့ ယူဆလို့ရနိုင်ပါတယ်” လို့ မော်လမြိုင်မြို့မှာ ကိုဗစ်ကူးစက်ကပ် ရောဂါအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာသက်ကျော်စိုးက ပြောပါတယ်။
၎င်းက ဆက်လက်ပြီးတော့ “ကိုဗစ်နဲ့ပတ်သက်လာရင်တော့ ဘာမှလုပ်လို့မရဘူး။ အဓိက Mask တပ်ရမယ်။ တခြားကြိုတင်ပြင်ဆင်မှုက ဘာမှလုပ်စရာမရှိဘူး။ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေ ကာကွယ်ဆေးထိုးကြပါ။ ကာကွယ်ဆေးထိုးပြီးသားလူတွေလည်း Booster ထိုးလို့ရမယ့်ရက် ရောက်လာရင် Booster ထိုး။ ဒါမျိုးပဲ လုပ်လို့ရပါမယ်။ ကိုဗစ်ကို ကာကွယ်နိုင်ဖို့က အဲဒီနှစ်ချက်တည်းရှိပါတယ်။ တချို့လည်း ဖျားနာလို့ ဆေးရုံ ဆေးခန်းတွေမှာလာပြရင်းနဲ့မှ Positive ဖြစ်နေတာကို သိရတယ်။ ဒီအတိုင်း အရပ်ထဲမှာ သာမန်နှာစေး၊ ချောင်းဆိုးဖြစ်တယ်။ ရိုးရိုးတုပ်ကွေးဖြစ်တယ်ဆိုပြီး ဆေးသောက်ပြီး နေနေကြတဲ့သူတွေလည်း အများကြီး တွေ့ရတယ်။ ကျွန်တော်တို့ တစ်ခု သတိထားရမှာက တစ်နေရာမှာ အစုလိုက် အပြုံလိုက်၊ အများနဲ့ နေမကောင်းဖြစ်ပြီ ဆိုရင်တော့ ဆေးစစ်ကြည့်မယ်ဆိုရင်တော့ ကိုဗစ် Positive ဖြစ်နေကြပြီလား။ Positive ဖြစ်နေကြပြီဆိုရင်လည်း Delta ပဲလား၊ Omicron လား သိရအောင် ဓာတ်ခွဲစစ်ဆေးကြည့်မှ သိရမှာပါ” လို့ ပြောပါတယ်။
အခုလည်း ကျန်းမာရေးဌာနက ကာကွယ်ဆေးများ ဆက်တိုက်ထိုးပေးနေကြောင်း၊ ကာကွယ်ဆေး မထိုးရသေးသူများ ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးကြရန် တိုက်တွန်းလိုပါကြောင်း၊ တချို့လည်း ရောဂါအခံရှိသည့်အတွက် ဆေးမထိုးဘဲနေ နေကြသူတွေလည်း ရှိနေကြောင်း၊ အမှန်က ရောဂါအခံရှိသူက ကာကွယ်ဆေးကို ပိုပြီးတော့တောင် ထိုးရမှာဖြစ်ကြောင်း၊ အခု ရုရှားကလာသည့် ကာကွယ်ဆေးဖြစ်သည့် Sputnik Light ထိုးပေးနေသည်ဟု သိရကြောင်း၊ ထိုကာကွယ်ဆေးက တစ်ကြိမ်တည်းသာ ထိုးရသည်ဟု သိရကြောင်း၊ ဒါပေမဲ့ သူ့ကိုထိန်းသိမ်းရသည့် စရိတ်ကကြီးသည်ဟု သိရကြောင်းနှင့် အပူချိန် (-) ၁၈ လောက်မှာထားသိုရသည်ဟု ကြားသိရကြောင်း၊ မီးလည်းပျက်လို့မရကြောင်း ဒေါက်တာသက်ကျော်စိုးက ဆိုပါတယ်။
“ရုရှားက ကာကွယ်ဆေးက မဆိုးဘူးလို့ပြောလို့ရတယ်။ Sinopharm နဲ့ယှဉ်ရင် ပိုပြီးတော့ လက်ခံနိုင်တဲ့အနေအထားမျိုးရှိတယ်။ သူက ဆေးတစ်ကြိမ်တည်းထိုးရတယ်။ မော်လမြိုင်မှာဆိုရင်လည်း လက်ရှိကာကွယ်ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေး ဆက်ထိုးပေးနေတယ်လို့ သိထားပါတယ်။ Booster ထိုးလို့ရတဲ့သူတွေက Booster ဆက်ထိုးပါ။ ကျွန်တော်တို့ သိရသလောက် မော်လမြိုင်မြို့မှာ ကာကွယ်ဆေးထိုးပြီးသူ ၈၅ ရာခိုင်နှုန်းကျော်သွားပြီလို့ သိရတယ်။ ဒီနှုန်းက တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ကာကွယ်ဆေး ထိုးနှံပြီးသူအများဆုံးလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ Omicron Outbreak တွေဖြစ်လာမယ်ဆိုရင် သိပ်ပြီးတော့ စိတ်ပူစရာမလိုဘူး။ အသေအပျောက်များမှာတို့၊ ဆေးရုံတက်ရသူများမှာ တို့၊ အောက်ဆီဂျင် လိုအပ်ချက်များမှာတို့ စတဲ့အနေအထားမျိုးတွေ သိပ်ပြီးတော့ မဖြစ်နိုင်တော့ဘူးလို့ ယူဆလို့ရပါတယ်” လို့ ဒေါက်တာသက်ကျော်စိုးက သုံးသပ်ပြောကြားပါတယ်။
လက်ရှိ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် အထိကို မွန်ပြည်နယ်အတွင်းမှာ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်လို့ ကာကွယ်ဆေး ထိုးနှံရမယ့် လူဦးရေ စုစုပေါင်း ၁၂၃၃၇၉၄ ဦး ရှိသည့်အနက်က ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၉၈၃၅၇၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်း၊ ဒုတိယ အကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၉၂၀၆၆၅ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း ရှိနေပြီးဖြစ်ကြောင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။
“မွန်ပြည်နယ်အတွင်း ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်း လွှမ်းခြုံနိုင်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်။ Omicron မဖြစ်ပွားနိုင်လည်း ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ အခု ရုရှားကလာတဲ့ Sputnik Light ကာကွယ်ဆေး ရောက်ရှိလာတဲ့အခါမှာ ကာကွယ်ဆေးမထိုးရသူတွေအားလုံး လွှမ်းခြုံနိုင်ရေးအတွက်ကို သူကတစ်ကြိမ်တည်း ထိုးရတဲ့အတွက် ကာကွယ်ဆေးထိုးနှံတဲ့သူလည်း အဆင်ပြေတယ်မှာပါ” လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးမှာရှိတဲ့ သက်ဆိုင်ရာက သတ်မှတ်ပေးထားတဲ့ ကာကွယ်ဆေးထိုးစုရပ်တွေမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတယ်လို့လည်း သိရပါတယ်။
လတ်တလော မွန်ပြည်နယ်အတွင်းမှာ ကိုဗစ် Positive လူနာသစ်တွေထဲမှာ ကာကွယ်ဆေးထိုးနှံထားပြီး သူတွေကိုလည်း ပါဝင်နေပေမဲ့လည်း ရောဂါပြင်းပြင်းထန်ထန် မခံစားရတဲ့အပြင် အသက်အန္တရာယ် စိုးရိမ်ရတာမျိုးလည်း မရှိဘူးလို့ ကိုဗစ်ဆောင်ရွက်ပေးနေကြတဲ့ ဆရာဝန်တွေ၊ ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုကြပါတယ်။
ဒါ့ကြောင့်လည်း လာမယ့်ဘေးပြေးတွေ့နိုင်အောင်လို့ ကိုဗစ်ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးထားကြဖို့ ထပ်မံတိုက်တွန်းပါရစေ။










