Facebook ၏ အမုန်းစကားတားဆီးရေးနှင့် ဘင်္ဂလားဒေ့ရှ် ဥပမာများ

Facebook ၏ အမုန်းစကားတားဆီးရေးနှင့် ဘင်္ဂလားဒေ့ရှ် ဥပမာများ
Published 12 February 2022
မိုးဧအောင်

Facebook သည် ဘာသာရေးအခြေခံ သော အကြမ်းဖက်မှုများကို ပေါက်ဖွားစေ ခဲ့မည်ဟု အဆိုပါလူမှုပလက်ဖောင်းကို တည်ထောင်သူက စိုးစဉ်းမျှပင် ရည်ရွယ်ခဲ့မည် မထင်ပါ။

သို့သော် Facebook၏ လူမှုမီဒီယာ ပလက်ဖောင်းပေါ် တက်ရောက်ရေးသား၊ ရုပ်သေရုပ်ရှင် ပုံတင်ကြသော ပုပုကွကွ နုနု ရွရွ၊ ရင့်ရင့်ညောင်းညောင်း ရဲရဲတင်းတင်း၊ ပြင်းပြင်းရှရှ ပွပွယောင်းယောင်း၊ ကောင်း ကောင်းဆိုးဆိုး ကျိုးကျိုးပျက်ပျက် နေ့ရက် နှင့်အမျှ သန်းချီနေသော ပို့စ်များအတွက် အများပြည်သူ ဖတ်ရှုမြင်ကြားရန်သင့်မသင့် ထိန်းသိမ်းရန်လိုအပ်လာသည်။ ဤဖြတ်သန်းရသည့် ဖြစ်စဉ်ကို တင်ပြချက်များကို ထိန်း ကျောင်းခြင်း(Content Moderation) ဟု ဆိုသည်။ လူသားထိန်းသိမ်းသူများ(Human Moderator) သာမက ကွန်ပျူတာသချင်္ာ မှတ်ဉာဏ်တုစနစ်အားပြု အယ်ဂိုရစ်သမ် (Algorithm) ထိန်းချုပ်မှုကို အစီအစဉ်ထည့် သွင်းထားသည်။ သို့သော် လစဉ်ပုံမှန်သုံးစွဲသူ ပေါင်း သန်း ၃,၀၀၀ နီးပါးရှိနေသော Facebook အတွက် တင်ပြချက်များကို ထိန်းကျောင်းရာတွင် ကြုံရာကျပန်းမဟာဗျူဟာများ ဖြစ်ပေါ်နေကြောင်း အသံစီစီညံညံ ထွက် လာခဲ့ချေပြီ။

၂၀၂၁ ခု အောက်တိုဘာလ၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် အုပ်စုနှစ်ခုအကြား သတ်ပွဲ ဖြတ်ပွဲ အကြီးအကျယ် လှုပ်ခတ်ခဲ့သည်။ နိုင်ငံနှင့်အဝန်း မွတ်စလင်များက ရာချီသော ဟိန္ဒူဘာသာဝင်တို့၏ အိုးအိမ်နှင့် ဘုရားဝတ် ပြုကျောင်းများကို ဖျက်ဆီးခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့ကြသည်။

တိုက်ခိုက်မှုများ၏ မီးပွားစလွင့်ရာ အ ရင်းအမြစ်မှာ Facebook ပေါ်တွင် ပဋိပက္ခ ကို နှိုးဆွသောပို့စ်တစ်ခု တင်ခဲ့ရာမှ လူထုအကြား ဗိုင်းရပ်စ်ပမာ ပြန့်ပွားသွားခဲ့ခြင်းဖြစ် သည်။ ပထမတစ်ခုမှာ ဟိန္ဒူနတ်ဘုရား မဒူရ် ဂါ၏ ခြေထောက်၌ ကျမ်းမြတ်ကိုရန်ကို မလျော်မကန် ထားခဲ့သည်ဟု ကောလာဟလ ဖြန့်ခဲ့ကြ၏။ ဒုတိယပို့စ်၌မူ ဟိန္ဒူဘာသာဝင် တစ်ဦးက အစ္စလာမ်ဘာသာကို ဝေဖန်မှုပြုသည်ဟု’အရောက်ပို့’ ပြန်သည်။ အားလုံး သော လှုံ့ဆော်မှုများသည် Facebook နံရံပေါ်မှ စတင်ခဲ့သည်သာမက အချိန်မီတားဆီး ထိန်းသိမ်းမှု မပြုခဲ့သဖြင့် တိုင်းလုံးနယ်နှံ့ပျံ့ခဲ့ ရသည်။

၂၀၀၄ ခုနှစ် လူမှုကွန်ရက်ကို စတင် တည်ထောင်စဉ်ကပင် Facebook သည် သူ့ ပလက်ဖောင်းမှ အန္တရာယ်ဖြစ်လာနိုင်သော ကိစ္စရပ်များကို သတိထားခဲ့၏။ သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (terms of service) အရ ခြိမ်းခြောက်စကားများကို ဖယ်ရှားခွင့်ရှိသည်။ သို့သော် ထိခိုက်နစ်နာ အန္တရာယ်ရှိစေနိုင်သော ရေးသားတင်ပြချက်များမှာ ပလက် ဖောင်းပေါ်၌ တိုးပွားမြဲ တိုးပွားနေပြီး Facebook ၏ မူဝါဒများကို အချိန်နှင့်တစ်ပြေးညီ စည်းကမ်းချမှတ်လျက် ထိန်းချုပ်နိုင်မည့် ချဉ်းကပ်မှုများကို ပြုနေရဆဲဖြစ်သည်။ နှစ် ကာလကြာသည်နှင့်အမျှ ပိုင်ဆိုင်မှုအမည် အဖြစ် Meta ဟု ပြောင်းလဲကာ ‘ဘေးကင်း ရေးနှင့် လုံခြုံမှု’ အတွက် Facebook သာမက အခြားပိုင်ဆိုင်ရာ ကွန်ရက်များဖြစ်သောWhatsApp နှင့် Instagramအတွက်ပါ ဒေါ်လာဘီလျံချီ၍ သုံးစွဲခဲ့သည်။

သို့သော် ဤအားထုတ်မှုများသည် အမုန်းစကားများကို အခြေခံသော အကြမ်းဖက် ဆူပူမှုများအောက်ဝယ် အဟောသိကံ ဖြစ်ခဲ့ရ သည်။ ဘင်္ဂလားဒေ့ရှ်၌ တိုက်ခိုက်မှုများမပေါ်ပေါက်မီ သီတင်းပတ်အတွင်း Facebook ၏ ဝန်ထမ်းဟောင်းဖြစ်သူ ဖရန့်ဆက်ဟော်ဂင်က အမုန်းစကားနှင့် လူမှုရေးကိစ္စရပ်များအပေါ် ကုမ္ပဏီ၏ ‘ခုတ်ရာတခြား၊ ရှရာတလွဲ’ ဆောင်ရွက်မှုများကို အမေရိကန်ပြည်ထောင်စုကွန် ဂရက်ရှေ့မှောက်၌ လာရောက်သက်သေခံ ထွက်ဆိုခဲ့သည်။ Facebookသည် ‘လူမျိုးစု အကြား အကြမ်းဖက်မှုကို လုံးလုံးလျားလျား ကြီးထွားစေခဲ့ကြောင်း’ သူက ပြောခဲ့၏။ ကုမ္ပဏီဘက်ကမူ Facebook ပေါ်ရှိ ကြီးနိုင်ငယ် ညှင်း အပြုအမူများနှင့် နှောက်ယှက်တိုက်ခိုက်မှုများဆိုင်ရာ မူဝါဒများကို ပြန်လည်စိစစ်လျက်ရှိပြီး ပဋိပက္ခပေါ်ပေါက်ခြင်းများအတွက် အတန်အသင့်သာ ဖြေရှင်းနိုင်သေး ကြောင်း တုံ့ပြန်ခဲ့သည်။

Facebook က အရေးပေါ်ဆောင်ရွက် နေသော ပို့စ်တင်ပြချက်များအပေါ် ထိန်းကျောင်းပုံမှာ စနစ်ကျနမှု အားနည်းပြီး ‘အမယ်ဘုတ်ရဲ့ သူ့ချည်ခင်’ ဆိုသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘာအနှံ့တွင် ဆိုးကျိုးများ ပေါ် ပေါက်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲဟု မြင်နေရသည်။

 

ဘင်္ဂလားဒေ့ရှ်မှ Facebook မီးပွားများ

ဘင်္ဂလားဒေ့ရှ်၌ သာမန်ရပ်ထဲရွာထဲ ပြောလေ့ရှိသော ဘာသာရေးဆိုင်ရာ အထွတ် အထိပ်ပုဂ္ဂိုလ် သို့မဟုတ် ကျမ်းစာအပေါ် မလျော်မကန်လုပ်သည်ဆိုသော စွပ်စွဲချက်မျိုးမှာ ရံဖန်ရံခါ ပေါ်ပေါက်လေ့ရှိပြီး တိုင်းပြည် အတွင်း လူများစုဖြစ်သည့် မွတ်စလင်အုပ်စုက ကျန်အုပ်စုငယ်များအပေါ် တိုက်ခိုက်လာအောင် သွေးထိုးပေးလေ့ရှိသည်။ Facebook မပေါ်မီကပင် ဤသို့သော အမုန်း စကား ပျံ့နှံ့မှုမျိုးမှာ တစ်ယောက်စကား တစ် ယောက်နားသို့ ‘ခါး’ သွားစေခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုမျိုးနှင့်သာ အဆုံးသတ်ခဲ့ကြသည်။ ၁၉၉၉ ခုနှစ်တွင် ကဗျာဆရာ၊ လောကီသီးသန့်ဝါဒီ ရှမ်ဆာရာမန်ကို ၀ိ၀ါဒကွဲပြားဖွယ် သူ၏ကိုယ်ပိုင်အမြင်အတွက် စစ်သွေးကြွများ က လူမဆန်စွာ တိုက်ခိုက်ခဲ့ကြ၏။

Facebook ပေါ်လာသောအခါ အဆိုပါ အမုန်းစကားတို့၏ ပြန့်ပွားပုံမှာ ပိုမိုကျယ်ပြန့် လာသည်။ အထူးသဖြင့် နိုင်ငံရေးနှင့် ဘာသာ ရေးသြဇာရှိသူများက  သူတို့ ကိုယ်စားပြုရာ လူအုပ်စု၏ မသိနားမလည်မှုကို ဒေါသအဖြစ် ပုံသွင်းရန် ကြံစည်လာနိုင်သည်။ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ဤ Facebookပို့စ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်းရှိ လူနည်းစုများအပေါ် ပြင်းထန်သော ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်အောင် စေ့ဆော်ပေးခဲ့သည်။ တိုင်းပြည် အတွင်း Facebookကို အခြေခံခဲ့သော ပထမဆုံး အကြမ်းဖက်မှုနမူနာအဖြစ် ၂၀၁၂ ခုနှစ် အတွင်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များ အကြား ပေါ်ပေါက်ခဲ့သည်။ ဖြစ်ပုံမှာ ကိုရန် ကျမ်းအား မီးရှို့နေသော ဓာတ်ပုံတစ်ပုံကို ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် tag တွဲ၍ ပို့စ်တင်လိုက်ရာမှ အစပြုပြီး ထောင်နှင့်ချီသော မွတ်စလင်များက တိုက်ခိုက်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် မိသားစု အနည်းဆုံး ၁,၀၀၀ မှာ အိုးအိမ် စွန့် ခွာ ထွက်ပြေးခဲ့ကြရသည်။

ပဋိပက္ခတို့သည် ရက်ချိန်းထားဘိသကဲ့ သို့ တစ်နှစ်တစ်ကြိမ် မှန်မှန်ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တွင် ဟိန္ဒူတစ်ဦးက တမန်တော် မိုဟာမက်အား သိက္ခာချကြောင်း Facebookပေါ်၌ ပို့စ်တင်ပြီး မှား ယွင်းစွပ်စွဲကာ မွတ်စလင် ရုန်းရင်းဆန်ခတ်ပြု သူများသည် ဟိန္ဒူရွာများကို တိုက်ခိုက်ခဲ့၏။ နောက်နှစ်နှစ်အကြာတွင်လည်း အဆိုပါဖန် တီးစွပ်စွဲပုံမျိုးဖြင့် ဟိန္ဒူဘုရားကျောင်း ၁၅ ကျောင်းကို ဖျက်ဆီးခဲ့ကြပြန်သည်။ ၂၀၁၇ ခုနှစ်၌ အင်အား ၂၀,၀၀၀ ခန့်ရှိသော လူအုပ် စုကြီးက ဟိန္ဒူကျေးရွာကို မီးတင်ရှို့ခြင်း၊ ၂၀၁၉ ခုနှစ်၌ ဟိန္ဒူအသိုက်အဝန်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့၍ လေးဦး သေဆုံးကာ လူ ၅၀ ဒဏ်ရာရခဲ့ခြင်းတို့ တောက်လျှောက် ပေါ်ပေါက်ခဲ့သည်။ ၂၀၂၁ ခု၊ နှစ်စပိုင်းတွင် Facebookပေါ်ရှိ အပြန်အလှန်ရေးသားမှု၌ တမန်တော်မိုဟာမက်ကို ဝေဖန်သည်ဟု မှား ယွင်းစွပ်စွဲခံရသော ဟိန္ဒူတစ်ဦး၏ နေအိမ် နှင့် ကား ဖျက်ဆီးခံခဲ့ရသည်။

ကုန်လွန်ခဲ့သော ဆယ်စုတစ်ခုလုံး ဟိန္ဒူ ဖြစ်စေ၊ ဘာသာမဲ့ဖြစ်စေ၊ မွတ်စလင်ဖြစ်စေ ဘလော့ဂါများအားလုံးလိုလို သူတို့ ရေးသား သော အွန်လိုင်းပို့စ်များကို ကနဦးကြည့်ကာ ဘုရားသခင်နှင့် ကျမ်းစာအပေါ် ပြစ်မှားသူ များဟု သတ်မှတ်၍ အစ္စလာမ္မစ်များက သတ် ဖြတ်ခဲ့၏။ ထိုအဖြစ်က အခြားသောသူများ ကိုပါ နိုင်ငံစွန့်ခွာ ထွက်ပြေးစေရန် ဖိအား ဖြစ်ခဲ့သည်။

 

အမုန်းစကား စိစစ်ဖယ်ရှားခြင်း

အမုန်းစကားများကို ဖယ်ရှားပစ်နိုင်ရန် Facebookသည် အယ်ဂိုရစ်သမ်၊ သုံးစွဲသူက သတင်းပို့ခြင်း၊ ဌာနတွင်း ပို့စ်ဖတ်ရှုစစ်ဆေး သူ စသော ဘက်စုံသုံးမဟာဗျူဟာကို အားပြု ခဲ့သည်။ ကုမ္ပဏီ၏ ကွန်ပျူတာဉာဏ်တု အ ခြေပြု အယ်ဂိုရစ်သမ်များကို အန္တရာယ်ရှိသော ပို့စ်တင်ပြချက်များ ဖော်ထုတ်ဖယ်ရှား နိုင်ရန်၊ သုံးစွဲသူ သတင်းပို့ချက်များအား အလို အလျောက် တုံ့ပြန်နိုင်မည့်စနစ်များ ထည့် သွင်းပေးထားသည်။ အယ်ဂိုရစ်သမ်စနစ် အနေနှင့် တိတိပပ မဆုံးဖြတ်နိုင်သည့်အခါ အဆိုပါပို့စ်များကို လူသားထိန်းသိမ်းရေးမှူး များထံ လက်လွှဲလိုက်သည်။ ထိုအခါ ထိန်း ကျောင်းသူအဖို့ ဘာသာစကားတံတိုင်း၊ တင် ပြထားသော အကြောင်းအရာအပေါ် ချိန်ညှိ နားလည်နိုင်စွမ်းစသော အခက်အခဲများ ရင် ဆိုင်ရတော့သည်။

အမုန်းစကားဆိုင်ရာပို့စ်များ သူ့နံရံပေါ် ၌ တွေ့ရှိရသည့်အခါ Facebookသည် သဘောကွဲလွဲချက်ပေါ် မူတည်လျက် ကျွမ်းကျင် သူတို့၏ ဆုံးဖြတ်ချက်အရ ပိတ်ပင်မှုပြစ်ဒဏ် များကို အတိုင်းအဆနှင့် ချမှတ်သည်။ ဘင်္ဂ လားဒေ့ရှ်တွင် ဟက်ကာနှင့် ဆက်စပ်သူ များ၊ အကောင့်တုများ၊ ရွေးကောက်ပွဲအခြေပြု သ တင်းမှားများကို ပယ်ဖျက်လေ့ရှိပြီး လက်ရှိ အချိန်၌ နိုင်ငံ၏ ပြည်သူရေးရာ မူဝါဒမန်နေ ဂျာတစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် ခန့် အပ်ကာ ဘင်္ဂါလီစကားပြော ဝန်ထမ်းများ ကိုလည်း တိုးချဲ့ခန့်အပ်ထားသည်။

ဤသို့သော ‘မြွေမသေ တုတ်မကျိုး’ ပေါ်လစီသည် အမုန်းစကားများကို တားဆီးရန် မလုံလောက်တော့ကြောင်း သက်သေပြချက်များ ရှိလာသည်။ ပြီးခဲ့သော နှစ်ကုန်စစ်တမ်းအရ အွန်လိုင်းအမုန်းစကားများကို အယ်ဂိုရစ် သမ်သုံး၍ Facebookပေါ်မှ ဖယ်ရှားနိုင်သည် မှာ ငါးရာခိုင်နှုန်းအောက်သာ ရှိကြောင်း သိ ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်၌ ပေါ်ပေါက်ခဲ့ရ သည့် ရန်စမီးပွားတွင် Facebookမှ အဆိုပါ ပို့စ်ကို မဖယ်ရှားနိုင်မီ ခြောက်ရက်အတွင်း Share လုပ်သည့်အကြိမ်ရေ ၅၆,၀၀၀ ရှိ ခဲ့သည်။ အမုန်းစကားတားဆီးရန် အားထုတ် မှုများရှိခဲ့သော်ငြား ကုမ္ပဏီ၏မူဝါဒမှာ ‘ယုန် တောင်ပြေး ခွေးမြောက်လိုက်’ ဖြစ်နေခြင်း၊ ရန်ပုံငွေ လုံလောက်စွာ ချထားမပေးခြင်း၊ အခက်အခဲ အကျပ်အတည်းကြားမှ ပို့စ်စိစစ် သူများ၏ လစာနည်းပါးခြင်းတို့ကြောင့် ခရီး မတွင်ခဲ့ပါ။

သော့ချက်ကျသော နောက်ထပ်ကိစ္စ တစ်ခုမှာ Facebook သည် အင်္ဂလိပ်စကား ပြော အနောက်နိုင်ငံများ၏ တင်ပြချက်များကို သာ အားပြုစိစစ်နိုင်ခြင်းဖြစ်သည်။ ထို့ ကြောင့် ကမ္ဘာအနှံ့ ကျန်ဘာသာစကားသုံးစွဲ ရေးသားသူအချို့၏ အမုန်းတရားပွားစေသော ပို့စ်များကို လွှတ်ပေးထားသကဲ့သို့ ဖြစ်နေသည်။ အဆိုပါတိုင်းပြည်များ၌ အကြမ်း ဖက်မှုများအထိ ကြီးထွားလာခြင်း မရှိစေရန်အတွက် လူမှုပလက်ဖောင်းအနေနှင့် ဆီလျော်သော အရင်းအမြစ်များကို ထိထိရောက်ရောက် သုံးစွဲသွားရန် လိုအပ်သည်။ ဒေသခံ နှင့် ကုမ္ပဏီရုံးချုပ်ဝန်ထမ်းအင်အား တွဲဖက် ခန့်အပ်ခြင်း၊ ဒေသန္တရရင်းမြစ်များ ပေါင်းစပ် ဖြည့်ဆည်းခြင်း၊ အမုန်းစကားဆိုင်ရာ သင်တန်းများကို ဘာသာစကားပေါင်းစုံနှင့် ပို့ချ ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဓိ၊ ဓလေ့၊ သမိုင်းကြောင်းအခြေပြု Product ဒီဇိုင်း ဗဟုသုတများ ဖွံ့ဖြိုးစေခြင်း စသည့်အချက်များ ပါဝင်ရပါမည်။ သက်ဆိုင်ရာ အစိုးရများ အနေနှင့် Facebook  က ဤဆောင်ရွက်ချက် များကို မလွဲမသွေ အကောင်အထည်ဖော်ပေးစေရန် ဥပဒေပြုပြဋ္ဌာန်းကာ တွန်းအားပေးနိုင်ပါသည်။ ဥပမာ ဥရောပသမဂ္ဂ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အက်ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့သည့် အတွက် Facebook၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူနိုင်စွမ်း တိုးတက်လာခဲ့သည်။

ဤသို့အားထုတ်မှုများကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် Facebookသည် အမုန်းစကား မပြန့်ပွားစေရေးအတွက် ဒေသဆိုင်ရာ သို့မဟုတ် တိုင်းပြည်အခြေပြု စည်းကမ်းချက်များ ရရှိလာနိုင်သည်။ ဘင်္ဂလားဒေ့ရှ်တွင် အလားတူမူဝါဒမျိုး ချမှတ်ထားသည့်အတွက် ပို့စ်စိစစ်သူများအနေနှင့် အစ္စလာမ်ဆိုင်ရာ ရေးသားချက်များသည် အခြား သောအကြောင်းအရာများထက်ပို၍ ‘အထိ မခံ ရွှေပန်းကန်’ ဖြစ်ကြောင်း နားလည်သဘောပေါက်လာကြသည်။

အန္တရာယ်ရှိသော ရေးသားတင်ပြချက် များကို နံရံပေါ်မှ အချိန်မီ ဖယ်ရှားနိုင်ရန် Facebook သည် အမုန်းစကားနှင့်ပတ်သက်သော ဖွင့်ဆိုရှင်းလင်းချက်များကို ပြန့်ကျဲ လျက်ရှိသော ဒေသဆိုင်ရာ အပိုင်းအခြားနှင့် အညီ ဒေသခံသုံးစွဲသူများ ယခုထက်ပိုမိုသိရှိ နားလည်လာစေရန် အားထုတ်ရပါမည်။ လက်ရှိအခြေအနေတွင် အမုန်းစကားနှင့်ပတ်သက်သော အသိအမြင် ပြည်သူတို့အကြား ပျံ့နှံ့မှုမှာ အလွန်အားနည်းနေသေးသည်။ Facebook အနေနှင့်  အားသန်ရာသုတေသန များကို ရန်ပုံငွေကျခံ သုံးစွဲနေသည့်တိုင် အရင်းခံအကြောင်းတရားကို မရှင်းလင်းနိုင် သကဲ့သို့ ဖြစ်နေသည်။

Facebook အဖို့ အမုန်းစကား၊ သတင်း အမှား၊ ရန်စပွားသော ရေးသားတင်ပြချက်၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုပြဿနာ များနှင့် နပန်းလုံးနေဆဲမှာပင် ဘင်္ဂလားဒေ့ရှ်၌ အလားတူဖြစ်ရပ်များ အကင်းမသေသေးပါ။ သုံးစွဲသူ စုစုပေါင်း ၄၇ သန်းကျော် ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ Facebook ပေါ်မှ အလှုပ်အခတ်မှာ အာနိသင်မြင့်မားနေဆဲဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကြက်မှုရှိသော Facebook မီဒီယာပလက်ဖောင်းသည် အမေရိကန်ပြည်ထောင်စု၏ ပြင်ပတွင်ပေါ်ပေါက် နေသော အမုန်းစကားများ သူ့နံရံပေါ်မှ ပြန့် ပွားသွားခြင်း မရှိစေရန် ကြီးမားစွာ လုံ့လ ဥဿဟ ပြုရပါလိမ့်မည်။ ကုမ္ပဏီအနေနှင့် အဓိပ္ပာယ်ပြည့်ဝ၍ ရင်းမြစ်ပြည့်စုံကုံလုံသော ချဉ်းကပ်မှုမျိုးကသာ အမုန်းစကားများ မပြန့်ပွားရေးနှင့် သုံးစွဲသူတို့၏ လုံခြုံမှုအတွက် စီမံခန့်ခွဲနိုင်ပါလိမ့်မည်။ 

Most Read

Most Recent