ယူကရိန်းကို အခြေပြုလျက် ရုရှားနှင့် ယူကရိန်း၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့ (NATO)၊ ရုရှားနှင့် ဥရောပသမဂ္ဂ (EU) တို့အကြား အပြန်အလှန်ပြောဆိုစွပ်စွဲချက်များ အရှိန်တက်နေသည်မှာ ၂၀၂၁ ခု၊ ဒီဇင်ဘာမှ ၂၀၂၂ ခု၊ ဇန်နဝါရီလကုန်အထိ နှစ်လတာကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခု ဖေဖော်ဝါရီလဆန်း၌ ထူးခြားသော မဟာဗျူဟာမြောက် မူဝါဒရေးရာ အလှုပ်အခတ်နှစ်ခုကို ကမ္ဘာကြီးက မြင်လိုက်ရသည်။
ပထမတစ်ခုမှာ ဘေဂျင်း၌ ကျင်းပခဲ့သော ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်ရင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာနှစ်နိုင်ငံသဘောတူညီချက်ထုတ် ပြန်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ ရုရှား၏ ယူကရိန်း အပေါ် ရပ်တည်ချက်ကို တရုတ်ကသဘောတူခဲ့ပြီး ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်သော တရုတ်၏ “တစ်နိုင်ငံတည်းသော တရုတ်ပြည်မူဝါဒ”ကို ရုရှားက ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုနိုင်ခဲ့ကြသည်။ ဒုတိယအရေးပါသောအရွေ့အဖြစ် ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က လိပ်ခဲတည်းလည်း ဖြစ်နေသော ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အလို့ငှာ မော်စကိုနှင့် ကိယက်ဗ်သို့ သွားရောက်ကာ အဆိုပါသမ္မတ နှစ်ဦးနှင့် လူကိုယ်တိုင် တွေ့ဆုံစကားပြော အဖြေရှာခဲ့ခြင်းဖြစ်သည်။
မက်ခရွန်၏ သံတမန်ခရီးစဉ်ကို နေ့ ရက်၊ နာရီအလိုက် မှတ်တမ်းပြုထားပါသည်။ (မြန်မာစံတော်ချိန်နှင့် ညှိနှိုင်းလိုလျှင် ဂရင်း နစ်စံတော်ချိန်တွင် + ၆း၃၀ နာရီ ပေါင်းထည့်ရန် ဖြစ်၏။)
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၀၉းဝ၃ နာရီ။
မော်စကိုသည် ခန့်မှန်းအင်အားစစ်သည် ၁၀၀,၀၀၀ ကျော်ကို ယူကရိန်းနယ်စပ်အနီး သူ့နိုင်ငံပိုင်နက်အတွင်း တပ်အင်အား ဖြန့်ကြက်ထားသည့်အတွက် ယူကရိန်းကိုကျူးကျော်သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်မည်ဟု အနောက်နိုင်ငံများက စိုးရိမ်မှုများတိုးပွားလျက်ရှိသည်။ အကယ်၍ ကျူးကျော်သိမ်းပိုက်ခဲ့မည်ဆိုလျှင် အနောက်အုပ်စုက ရုရှားအပေါ် တားဆီးပိတ်ပင်ကန့်သတ်မှုဆန်ရှင်များ ချမှတ်သွားမည်ဖြစ်ပြီး ဥရောပသို့ ဓာတ်ငွေ့ပို့လွှတ်ရောင်းချရန် ရုရှားကတည်ဆောက်နေဆဲဖြစ်သော Nord Stream 2 ပိုက်လိုင်းကိစ္စကိုပါ အတားအဆီးဖြစ်သွားမည်ဟု သတိပေးထားသည်။ မော်စကိုကမူ ယူကရိန်းကိုကျူးကျော်ရန် မည်သည့်စီမံကိန်း မျှမရှိဘဲ NATO ၏ ရုရှားအပေါ် လုံခြုံရေးအရ ခြိမ်းခြောက်လာမှုကိုသာစွပ်စွဲခဲ့သည်။
ကရင်မလင်အနေနှင့် ဤအကျပ်အတည်း ဖြေလျှော့နိုင်ရေးအတွက် “ယူကရိန်းအား NATO အဖွဲ့ထဲသို့ မည်သည့်အခါမှ ဝင်ခွင့်မပြုပါရ” တည်းဟူသော NATO ၏ အာမခံချက်ကတိကဝတ်ကို လိုလားသည်။ အမေရိကန်ပြည်ထောင်စုနှင့် NATO အဖွဲ့က အဆိုပါတောင်းဆိုမှုကို ပယ်ချခဲ့ပြီး ၀ါရှင်တန်အနေနှင့် လက်နက်ထိန်းချုပ်ရေးကဲ့သို့သော
အခြားအကြောင်းအရာများကို ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၉း၃၀ နာရီ။
တင်းမာမှုများလျော့ကျနိုင်ရန်အလို့ငှာ ယူကရိန်းအနီး၌ စစ်ရေးလှုပ်ရှားမှုအသစ်များ
ထပ်မံဆောင်ရွက်ဦးမည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြင်သစ် သမ္မတ အီမန်နျူယယ်မက်ခရွန်သို့ ကတိပေးခဲ့ကြောင်း ပြင်သစ်အစိုးရအရာရှိများက ပြောကြားသည်။ ယူကရိန်းနယ်စပ်အနီး ဘီလာရုစ်နယ်နိမိတ်အတွင်းရှိ စစ်ရေးလေ့ကျင့်မှုများကိုလည်း စစ်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် ပြန်လည်ဆုတ်ခွာပေးမည်ဖြစ်ကြောင်း ရုရှားခေါင်းဆောင်က သဘောတူခဲ့သည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ မက်ခရွန်နှင့်တွေ့ဆုံပြီးချိန်တွင်မည်သို့သော လိုက်လျောမှုများပြုခဲ့ကြောင်းကို ပူတင်ကိုယ်တိုင် မီဒီယာသို့ တိုက်ရိုက်ရည်ညွှန်းပြောကြားခဲ့ခြင်းမရှိပါ။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊ ဂရင်းနစ်စံတော်ချိန် - ၉း၅၁ နာရီ။
ပြင်သစ်နှင့် ရုရှား ခေါင်းဆောင်တို့သည် ပေါ်ပေါက်လျက်ရှိသော အကျပ်အတည်းကို ကျော်လွှားနိုင်ရန် အကောင်းမြင်ဝါဒဖြင့် သတိရှိရှိ ချဉ်းကပ် ထုတ်ဖော်ခဲ့ကြ၏။ ဆွေးနွေးမှုမှ ပေါ်ထွက်လာခဲ့သော အရေးပါသည့် ရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။မက်ခရွန်က “ခိုင်မာသော လုံခြုံရေးအာမခံချက်များ”ပူတင်ထံ အဆိုပြုခဲ့၏။ နှစ်ဘက်လုံး စစ်ရေးလှုပ်ရှားမှုအသစ်များ မပြုလုပ်ရန်၊ မဟာဗျူဟာမြောက် ဆွေးနွေးမှုအသစ် စတင်ရန်နှင့် ကိယက်ဗ်ပဋိပက္ခအတွက် မော်စကိုက နောက်ခံ ပြုထားသော ယူကရိန်းအရှေ့ပိုင်းမှ ခွဲထွက်ရေးသမားများနှင့် ငြိမ်းချမ်းရေး လမ်းစဉ် ပေါ်ထွက်လာစေရေး အားထုတ် သွားကြရန် ပါဝင်သည်။
“တကယ်လို့ ရုရှားသာ မလုံခြုံရင် ဥရောပတိုင်သားတွေ အတွက်လည်း လုံခြုံမှာ မဟုတ်ပါဘူး” ဟု မက်ခရွန် ပြောခဲ့သည်။
ပူတင်က မက်ခရွန်၏ အဆိုပြုချက်များသည် အဖြေတစ်ခုအတွက် စတင်နိုင်ဖွယ် ခြေလှမ်းများ ဖြစ်ကြောင်းနှင့် မော်စကို၏ အဓိက လုံခြုံရေးတောင်းဆိုချက်များကို ထပ်တလဲလဲ ပြောဆိုခဲ့သည်။
“တကယ်လို့များ ယူကရိန်းဟာ NATO အဖွဲ့ထဲ ဝင်၊ စစ်ရေးနည်းလမ်းသုံးရင်း ခရိုင်းမီးယားကို ပြန်ယူဖို့ကြိုးစားလာခဲ့ရင် ဥရောပ နိုင်ငံတွေဟာ စစ်ထဲကို အလိုအလျောက် ဆွဲသွင်းခံရပြီး ရုရှားနဲ့ ပဋိပက္ခ ဖြစ်ကြရတော့မယ် ... (အဲဒီလိုဆို) ဘယ်သူမှ နိုင်မှာမဟုတ်ဘူး” ဟု ပူတင်က ပြောခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန်နှင့် ယူကရိန်း သမ္မတ ဇယ်လင်စကီးတို့ တွေ့ဆုံပြီးချိန်၌ ခေါင်းဆောင်နှစ်ဦး ပြန်လည်ဆွေးနွေးကြ မည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁ဝး၁၁ နာရီ။
ရုရှားစစ်သင်္ဘောခြောက်စီးသည် မြေထဲ ပင်လယ်အခြေစိုက်ရေတပ်စခန်းမှ ပင်လယ် နက်ဆီသို့ ဦးတည်ခုတ်မောင်းသွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ Interfax သတင်းဌာနမှ ထုတ်ပြန်သည်။ ဤ စစ်သင်္ဘောအရွှေ့အပြောင်းသည် မူလကပင် ကြိုတင်စီမံထားခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန က ပြောခဲ့သည်။ လွန်ခဲ့သောလကပင် ရုရှား ရေတပ်သည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ပစိဖိတ်မှ အတ္တလန္တိတ်သမုဒ္ဒရာတစ် လျှောက် စစ်ဆင်ရေးလေ့ကျင့်ခန်းအပြည့်အစုံ ပြုလုပ်သွားမည်ဟု ကြေညာထားခဲ့သည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁ဝး၂၄ နာရီ။
ယူကရိန်းသည် ပြင်သစ်သမ္မတ မက်ခ ရွန်နှင့် ဆွေးနွေးစကားပြောကြားရန် မျှော်လင့်လျက်ရှိကြောင်း၊ သို့သော် ယူကရိန်း၏ “အနီရောင်မျဉ်းမှတ်”ကို မက်ခရွန်က ဆန့်ကျင်ကျော်ဖြတ် အားထုတ်ရန်မဟုတ်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလက်ဘာက ပြောခဲ့သည်။
“မစ္စတာမက်ခရွန် မော်စကိုကနေ သယ်လာမယ့် အကျိုးဖြစ်ထွန်းနိုင်တဲ့ အချက်ပြမှုတွေကို ကျွန်တော်တို့အားလုံး မျှော်လင့်နေကြပါတယ်။ ထပ်ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ပွင့်ပွင့်လင်းလင်းစကားပြောကြ မယ်။ ကျွန်တော်တို့ဟာ အပြုသဘောဆောင်ချင်တယ်။ ကျွန်တော်တို့ဟာ သံတမန်ရေးရာ အဖြေကို ရှာနေကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကိုယ်တိုင် “သား”ထားတဲ့ ”အနီရောင်မျဉ်း မှတ်”ကိုတော့ ကျွန်တော်တို့ ဖျက်မှာ၊ ဖြတ်မှာ မဟုတ်ဘူး။ အဲဒီလိုဖျောက်ဖျက်ပစ်အောင်လာပြီး ဖိအားပေးလို့လည်း မရဘူး}}ဟု ကူလက်ဘာက ပြောခဲ့သည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁ဝး၂၄ နာရီ။
“ဥရောပသည် ဆွေးနွေးပွဲစားပွဲဝိုင်း၌ ရှိနေကြောင်း ပြသရန်”အတွက် မော်စကိုနှင့် ကိယက်ဗ်သို့ လူကိုယ်တိုင်အရောက်သွားကာ ပဋိပက္ခကို ဖြေရှင်းရန် မက်ခရွန် ကြိုးစားနေကြောင်း အယ်လ်ဂျာဇီယားသတင်းဌာန၏ အက်ဘ်ဒယ်-ဟာမစ်က ကိယက်ဗ်မြို့တော် မှ သတင်းပေးပို့ခဲ့၏။
“မက်ခရွန် မော်စကိုကို ရောက်နေချိန် မှာပဲ ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်ဝါရှင်တန်ကို ရောက်နေတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူတို့ဟာ ဥရောပသမဂ္ဂရဲ့ ပါ၀ါ နန်းတော်တွေပါ”ဟု ရည်ညွှန်းခဲ့သည်။
“ပြင်သစ်သမ္မတက ... ဒါ ဥရောပပဲ။ အနာဂတ်နဲ့ ဥရောပရဲ့ လုံခြုံရေးလျာထားစီ စဉ်မှုတွေ၊ ဒီကိစ္စအားလုံးအတွက် ဆွေးနွေး ဖျောင်းဖျမှုကို ဥရောပခေါင်းဆောင်တွေ ဘာလို့ ဦးမဆောင်နိုင်ရမှာလဲလို့ ပြောခဲ့ပါတယ်”
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁ဝး၂၄ နာရီ။
မက်ခရွန်က သူသည် ပူတင်၏ လက်ခံ ယုံကြည်မှုကိုသာ ဦးစားပေးခဲ့ပြီး ပဋိပက္ခ၏ “တင်းမာမှု”လျှော့ချရန် အဓိကမဟုတ်ကြောင်း ကိယက်ဗ်၌ သတင်းသမားများကို ပြောခဲ့သည်။ “ကျွန်တော်ဟာ အရှိန်လျော့တာ ဒါမှမဟုတ် ပိုပြီး တင်းမာသွားတာမျိုး ဘာမှ ရယူခဲ့ခြင်း မရှိပါဘူး။ ကျွန်တော့်ရည် ရွယ်ချက်ကိုက ပွဲကို ဆက်မကြီးအောင် ရပ်ထားဖို့၊ တင်းမာမှုတွေ ထပ်မဖြစ်အောင် ကာကွယ်ဖို့နဲ့ ရှုထောင့်အသစ်တွေ ရှာဖွေဖို့ ... အဲဒီရည်ရွယ်ချက် ပြည့်ခဲ့ပါတယ်”ဟု မက်ခ ရွန်က ဆိုခဲ့သည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁၁းဝ၀ နာရီ။
ယူကရိန်းပဋိပက္ခ ကြီးထွားလာပါက အရှေ့ဥရောပကို အကာအကွယ်ပြုရန်အ တွက် အမေရိကန်တပ်ဖွဲ့အင်အား ၃,၀၀၀ ကို ပိုလန်နှင့် ရိုမေးနီးယားသို့ ဖြန့်ကြက်ရန် ၀ါရှင်တန်၏အစီအစဉ်အရ အမေရိကန်တပ်ဖွဲ့ ပထမသုတ် ရိုမေးနီးယားသို့ ရောက်ရှိလာကြောင်း ကာကွယ်ရေးဝန်ကြီး ဗာဆေးဒင်ကု က ပြောကြားခဲ့၏။
အမေရိကန်တပ်ဖွဲ့အင်အား ၁၀၀ သည် ရိုမေးနီးယားမြေပြင်၌ နေရာယူထားပြီး စစ်ထောက်၊ စစ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် ကြောင်း၊ ကျန်တပ်ဖွဲ့များ မကြာမီ ရောက်ရှိ လာမည်ဖြစ်ကြောင်း ဒင်ကုက ပြောကြား သည်။ ၂၀၀၄ ခုနှစ်၌ NATO မဟာမိတ်အဖွဲ့ဝင်ဖြစ်လာခဲ့သော ရိုမေးနီးယားကို ဒုံးကျည် ကာကွယ်ရေးစနစ် ထောက်ပ့ံခဲ့ပြီး ယခုအခါ အမေရိကန်စစ်သည် ၉၀၀ ရောက်ရှိပြီးဖြစ်သည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁၂း၄၀ နာရီ။
ပူတင်နှင့် မက်ခရွန် တွေ့ဆုံမှုနှင့်ပတ် သက်၍ သဘောတူညီချက် ရ၊ မရကိစ္စကို “လက်ရှိအခြေအနေအရ မော်စကိုနဲ့ ပဲရစ်အ ကြား ဘာသဘောတူညီချက်မှ ပြုထားခြင်းမ ရှိပါဘူး”ဟု ကရင်မလင်က ငြင်းဆိုသည်။
ပူတင်သည် ဇယ်လင်စကီးနှင့် တိုက်ရိုက် စကားပြောရန် အဆင်သင့်ဖြစ်မဖြစ် သတင်း ထောက်များ၏အမေးကို ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ရုရှားခေါင်းဆောင်သည် အကျပ်အတည်းအပေါ် အဖြေရှာနိုင်ရေး အထောက်အပ့ံဖြစ်မည် ဆိုလျှင် “မည်သူနှင့်မဆိုရ”တွေ့ဆုံဖို့ ပြင်ဆင် လျက်ရှိကြောင်း ဖြေကြားခဲ့သည်။
“ဒါပေမဲ့ ခင်ဗျားတို့ နားလည်ထားရ မှာက ကျွန်တော်တို့ ဘာရည်ရွယ်ချက်နဲ့ တွေ့ ကြမလဲ၊ ဘယ်အကြောင်းအရာတွေ ကျွန်တော်တို့ ဆွေးနွေးကြမလဲ။ ဘယ်လို အနီးစပ် ဆုံးအဖြေမျိုး ကျွန်တော်တို့ ကြိုထုတ်ထား နိုင်မလဲ ဆိုတာပါပဲ”
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁၃း၂၀ နာရီ။
ပူတင်ရော ဇယ်လင်စကီးပါ မင့်စ်သ ဘောတူညီချက် (Minsk Protocol) ကို လေး စားလိုက်နာကြမည်ဖြစ်ကြောင်း မက်ခရွန် က ပြောခဲ့သည်။
ယူကရိန်းသမ္မတနှင့် စကားပြောဆိုခဲ့ ရသည်ကို “ကျွန်တော်တို့ အခုဆိုရင် ဆွေး နွေးညှိနှိုင်းစရာလမ်းကြောင်းသစ်တွေ ဖြစ်နိုင်ခြေရှိလာပြီ”ဟု မက်ခရွန်က သတင်းထောက် များအား ပြောခဲ့သည်။
မင့်စ် သံတမန်သဘောတူညီချက်သည် ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်ဒေသ၌ စစ်ပွဲပြီးဆုံး ရန် ၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့သော သုံးပွင့်ဆိုင် သဘောတူညီချက်ဖြစ်သည်။ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ စေ့စပ်ဖျန်ဖြေမှုဖြင့် ယူကရိန်း၊ ရုရှားဖက်ဒရေးရှင်းနှင့် ဥရောပလုံခြုံ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Co-operation in Europe -OSCE) တို့ သုံးပွင့်ဆိုင်သဘောတူညီချက် ချုပ်ဆိုခဲ့ခြင်းဖြစ်၏။ နော်မန်ဒီ ကမ်းခြေသို့ မဟာမိတ်တပ်များ ခြေချခဲ့သည့်နှစ် ၇၀ ပြည့်အခမ်းအနားနေ့၊ ၂၀၁၄ ခုနှစ် ဇွန် ၆ ရက်၌ ဂျာမနီ၊ ရုရှား၊ ယူကရိန်းနှင့် ပြင် သစ်ကိုယ်စားလှယ်များတွေ့ဆုံပြီး ဒွန်ဘတ် စစ်ပွဲအတွက်အဖြေရှာရာမှ ဤပရိုတိုကောလ် ရရှိလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ လေးနိုင်ငံကိုလည်း Normandy Format ဟု မီဒီယာများက ရည်ညွှန်းလေ့ရှိသည်။
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁၃း၄၀ နာရီ။
အယ်လ်ဂျာဇီယားသတင်းဌာနမှ အက် ဘ်ဒယ်-ဟာမစ်က မက်ခရွန်သည် “Nomandy Format ကို လက်ကိုင်ပြုကာ ပဋိပက္ခ ဖြေရှင်းရေးခရီးအား ရှေ့ရောက်အောင် တွန်းနေသည်မှာ မြင်သာကြောင်း”သတင်းပို့ခဲ့ သည်။
၂၀၁၅ ခုနှစ်၌ ပြင်သစ်နှင့် ဂျာမနီတို့က ကမကထပြုပြီး ရုရှားနှင့် ယူကရိန်းကို တိုက် ရိုက်ဆွေးနွေးစေခဲ့သော Normandy Format ရလဒ်အရ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ စစ်ပွဲ အဟုန် လျော့ကျသွားခဲ့သည်မှာ ယနေ့ထက် တိုင် ဖြစ်သည်။
“ပြင်သစ်ရယ်၊ ဂျာမနီရယ်၊ ယူကရိန်းနဲ့ ရုရှားရယ် စားပွဲဝိုင်းတစ်ခုတည်းမှာ ထိုင်စကားပြောကြရင်း နိုင်ငံရေးအပေးအယူလုပ်ဖို့ ကြိုးစားကြလိမ့်မယ်။ ဒီ Format က ရုရှားနဲ့ ယူကရိန်း မျက်နှာချင်းဆိုင်ထိုင်ပြီး တိုက်ရိုက် စကားပြောနိုင်မယ့် အရေးပဲ”
■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်၊
ဂရင်းနစ်စံတော်ချိန် - ၁၃း၅၇ နာရီ။
ယူကရိန်းသည် ပူတင်အနေနှင့် တင်းမာ မှုများ လျှော့ချရေးနှင့် နယ်စပ်ဒေသမှ တပ် များပြန်လည်ရုပ်သိမ်းရေးအတွက် ကာယကံမြောက် သက်သေပြချက်ကို မြင်တွေ့လို ကြောင်း ဇယ်လင်စကီးက ပြောခဲ့သည်။
“ပွင့်လင်းမှုဟာ အမြဲထာဝရ တန်ဖိုးကြီး ပါတယ်။ တကယ်စစ်မှန်ပြီး ကစားပွဲမဟုတ်ရင်၊ လေးလေးနက်နက် ပွင့်လင်းမှုဟာ ပြက်လုံးထုတ်တာ မဟုတ်ဘူးဆိုရင် ခု ဖြစ်နေတာ အန္တရာယ်တကယ်ကြီးကြောင်း နားလည်ဖို့ လိုပါတယ်”ဟု ယူကရိန်းသမ္မတက သတင်း ထောက်များသို့ မက်ခရွန်နှင့် တွေ့ဆုံပြီးချိန် တွင် ပြောခဲ့သည်။ “ကျွန်တော်က စကားတွေနဲ့ တွင် မယုံတတ်ဘူး။ နိုင်ငံရေးသမားတိုင်းဟာ ခိုင်မာမြဲမြံတဲ့ ခြေလှမ်းစလိုက်တာနဲ့ ပွင့်လင်း မြင်သာပြီးသားလို့ ကျွန်တော် ယုံကြည်တာ ပါ”
■ မဆုံးသေးသော နိဂုံး
နာရီ၊ မိနစ်နှင့်အမျှ ပြောင်းလဲသွားသော သို့မဟုတ် တင်းမာမှုများ ဆက်လက်မြင့်တက် နိုင်မည့်အခြေအနေကိုတားဆီးနိုင်သောအ နေအထားတစ်ရပ်ကို မက်ခရွန် ဖန်တီးနိုင်ခဲ့ သည်။ ဤသည်မှာ မော်စကို၊ ကိယက်ဗ် သံ တမန်ခရီးပြင်းနှင်ရင်း သူ ရှာဖွေရယူနိုင်ခဲ့ သော ပကတိအရှိတရားဟု ဆိုရပေမည်။ ဥရောပ၏ အနာဂတ်လုံခြုံရေးအတွက် ပုံစံသစ် ထုတ်ဖော်သူဟု မီဒီယာအချို့က ကောင်းချီး ပေးကြပါသည်။
အတိတ်သမိုင်းကို အခြေတည်လျက် ပစ္စုပ္ပန်တွင် ပြင်ဆင်သင့်သည်ကိုလည်း “တချို့ဟာတွေ ပြန်ရေးရမှာ။ သဘောတူညီချက် တွေက ဒိတ်အောက်ပြီး ဥရောပတိုက်အတွက် အလုပ်မဖြစ်တော့တာ ကြာပြီ”ဟု အမှန်မြင်ခဲ့ သူလည်း ဖြစ်ပါသည်။ လက်ငင်းအကျပ်အတည်းအတွင်း ရုရှား၏အခန်းကဏ္ဍကို မက်ခရွန်က ထင်ထင်ရှားရှား အသိအမှတ်ပြုခဲ့သည်။ ”ဟောဒီခြိမ်းခြောက်နေတဲ့ ပကတိအ ရှိကိုကိုင်တွယ်တဲ့အခါ ရုရှားဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားဖြစ်စေဖို့ ဆုံးဖြတ် ထားပြီးသား ... ကျွန်တော်တို့တတွေ ရှင်သန် ဖြတ်သန်းနေရတဲ့ ခေတ်ကြီးထဲက အခုကြုံ နေရတဲ့ တင်းမာမှုအခိုက်အတန့်ကို ကျွန် တော်တို့ လျှော့မတွက်မိစေနဲ့”










