၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် သောကြာနေ့။ (၂၄) ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲကို တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင် ကျင်းပခဲ့သည်။
အမေရိကန်ဦးဆောင်သော နိုင်ငံအချို့က ဖွင့်ပွဲအခမ်းအနားသို့ အစိုးရအဖွဲ့ကိုယ်စားပြု တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့သော်ငြား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ရုရှားသမ္မတအပါအဝင် ကျန်နိုင်င့ံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသဖြင့် ဖွင့်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သည်။
ထို့ထက်ပို၍ ထူခြားသည်မှာ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲနေ့၌ပင် တရုတ်နှင့်ရုရှားတို့သည် ‘အတိုင်းအတာ အကန့်အသတ်မဲ့’ လက်တွဲဖက်အဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်။ မပြောမပြီး မတီးမမြည်ဆိုသကဲ့သို့ တစ်နိုင်ငံ့အရေးကို နောက်တစ်နိုင်ငံက ခပ်စိမ်းစိမ်းနေကြမည်မဟုတ်ဘဲ ယူကရိန်းနှင့် ထိုင်ဝမ်အရေးများတွင် နောက်ခံပြုအားပေးလျက် အနောက်အုပ်စုကို ရင်ဆိုင်ရာ၌ ရည်မှန်းချက်တူညီစွာ လက်တွဲကြမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဧည့်ခံကြိုဆိုခဲ့ပြီး နှစ်နိုင်ငံအနေနှင့် မည်သို့သော စစ်အေးကာလဖြစ်စေ ရင်းနှီးချစ်ကြည်မှုမှာ ပိုမိုခိုင်မြဲလျက်ရှိကြောင်း၊ အာကာသ၊ ရာသီဥတု ပြောင်းလဲမှု၊ အသိဉာဏ်တုနှင့် အင်တာနက်ထိန်းကျောင်းခြင်းကဏ္ဍများ၌ အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
ကရင်မလင်သည် သူ့အိမ်နီးချင်းနိုင်ငံအနီး တပ်အင်အား ၁၀၀၀၀၀ ကျော်ဖြန့်ကြက်ခြင်းနှင့် ယူကရိန်းနိုင်ငံကို NATO သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်မပြုရေး ရုရှား၏တောင်းဆိုချက်ကို ဘေဂျင်းက ထောက်ခံခဲ့သည်။ အလားတူကမ္ဘာ့ပါ၀ါပိုင်ရှင်များ အသည်းအသန် သြဇာချဲ့ထွင်သည့်နောက်ခံနှင့် ထိုင်ဝမ်လွတ်လပ်ရေးအတွက် မည်သည့်အားထုတ်မှုမျိုးကိုမဆို မော်စကိုက ဆန့်ကျင်သွားမည်ဖြစ်သည်။
နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် “နိုင်ငံနှစ်ခုအကြား ချစ်ကြည်ရင်းနှီးမှုသည် အကန့်အသတ်မရှိ၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ‘တားမြစ်ထားသော နယ်ပယ်ကဏ္ဍ’ မရှိ” ကြောင်း ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုက အိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးရာအရ သပိတ်မှောက်ထားသောအချိန်တွင် ရှီနှင့်ပူတင်၏ ကြေညာချက်မှာ အနောက်အုပ်စုသို့ ဆန့်ကျင်ရပ်တည်သော သင်္ကေတသဘောကို ထိထိရောက်ရောက် အချိန်ကိုက်ရည်ညွှန်းလိုက်နိုင်သည်။
သဘောတူညီချက်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပေါ် ရှုမြင်ချက်အား အခြေခံသွားမည့် နိုင်ငံတကာအစီအစဉ်တစ်ရပ် တည်ထောင်နိုင်ရေးအတွက် တရုတ်နှင့် ရုရှားတို့ လက်တွဲအကောင်အထည်ဖော်နိုင်မည့် ပိုမိုအသေးစိတ်ကျသော ခိုင်မာသည့် အမှတ်လက္ခဏာများ ပါဝင်သည်။
ပူတင်အနေနှင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၁၇.၅ ဘီလျံတန်ဖိုးရှိ ဓာတ်ငွေ့ရောင်းချရေး စာချုပ်အသစ်ကို ယခုကဲ့သို့ ‘အခါသင့်၍ အခွင့်သာချိန်’ အတွင်း သဘောတူခဲ့ပြီး ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသမှ ပိုက်လိုင်းသွယ်တန်းကာ ပို့လွှတ်သွားမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုကမူ ရှီအနေနှင့် ယခုလိုခေါင်းဆောင်ချင်းတွေ့ဆုံခိုက် ယူကရိန်း၌ တင်းမာမှုများ လျှော့ချနိုင်ရေးဆွေးနွေးသင့်ကြောင်း ‘ပေါက်ပေါက်ဖောက်’ ပြန်ပါသည်။
ကမ္ဘာကြီးသည် ‘တာဝန်ခံမှုရှိသော ပါ၀ါများ’ ကို မျှော်လင့်ထားသဖြင့် ထိုသို့သောချဉ်းကပ်မှုအတိုင်း ပြုမူသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် ဒန်နီယယ်ခရစ်တန်ဘရင့်က ပြောဆိုသည်။ “တကယ်လို့များ ရုရှားက ယူကရိန်းကို ဝင်သိမ်းပြီး အဲဒါကို တရုတ်က ထိုင်ကြည့်နေမယ်ဆိုရင်တော့ ရုရှားရဲ့ ယူကရိန်းအပေါ် အနိုင့်အထက်ပြုတာကို တရုတ်အနေနဲ့ အလိုတူအလိုပါလို့ ‘မပြေးသော်လည်း ကန်ရာရှိ’ သွားမှာပဲ။”
သို့သော် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရန် စီမံကိန်းမရှိကြောင်း မော်စကိုက ငြင်းပယ်ထားသည်။
အိုဘားမားအစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန်အဖြစ် ဆောင်ရွက်ခဲ့သူ၊ Asia Society ဉာဏ်ကြီးရှင်အဖွဲ့မှ ဒန်နီယယ်ရပ်ဆယ်က ရှီနှင့်ပူတင်သည် “အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုအပေါ် အတူတကွ ဆန့်ကျင်ဖို့အတွက် သူတို့ရဲ့ပိုင်းဖြတ်ချက်ကို လက်တွဲကြေညာလိုက်တာ။ ဆန်ရှင်အားလုံးကို ဒဏ်ခံနိုင်ဖို့၊ အမေရိကန်ရဲ့ ကမ္ဘာ့ခေါင်းဆောင်မှုကို ယှဉ်ဖို့အသင့်ပါပဲ” ဟု ပြောကြားခဲ့သည်။
ပုံသေကားကျ မဟာမိတ် မဖြစ်ကြမီကပင် အဆိုပါနှစ်နိုင်ငံအနေနှင့် သူတို့၏အကျိုးစီးပွားကို ကိုယ်စီကာကွယ်ရန်နှင့် အနောက်တိုင်းက ဖိအားပေးနေသော သူတို့၏ အာဏာရှင်အုပ်ချုပ်မှုဆိုင်ရာ နည်းဗျူဟာအကြောင်း ရင်းခံပြဿနာများ ရှိခဲ့ကြသည်။
■ နှစ်နိုင်ငံ အပြန်အလှန် နားလည်မှု
တရုတ်နှင့်ရုရှား နှစ်နိုင်ငံတို့ ပိုမိုနီးကပ်သွားကြသကဲ့သို့ နှစ်နိုင်ငံလုံးအပေါ် လူ့အခွင့်အရေးနှင့် အခြားကိစ္စရပ်များ၌ အနောက်အုပ်စုက ဖိအားပေးနေကြဆဲဖြစ်သည်။
အင်္ဂလိပ်ဘာသာပြန်ဆိုပြီး စာလုံးရေ ၅၄၀၀ နီးပါးရှိသော ရှည်လျားသည့် ထုတ်ပြန်ကြေညာချက်တွင် အနောက်အုပ်စုနှင့် ပေါက်ကွဲလုနီးပါး တင်းမာနေသော ပစ္စက္ခအခြေအနေများထက် အခြားကျယ်ပြန့်သော နောက်ခံအချက်အလက်များ သိသာထင်ရှားစွာ ပါဝင်သည်။ ထုတ်ပြန်ချက်၏ အနှစ်ချုပ်အဖြစ် အောက်ပါအတိုင်း ဖော်ပြနိုင်သည်။
-ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ဖယ်ထုတ်၍မရသော အစိတ်အပိုင်းအဖြစ် တရုတ်၏ ရပ်တည်ချက်ကို သဘောတူလျက် ဤကျွန်းလွတ်လပ်ရေးအတွက် မည်သည့်အားထုတ်မှုမျိုးကိုမဆို ရုရှားက ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။
-မော်စကိုနှင့် ဘေဂျင်းတို့သည် သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းမဟာမိတ်ဖွဲ့ထားသော သြကပ်စ် (AUKUS) ကို ဆန့်ကျင်ပြီး ထိုအဖွဲ့ကြောင့် ဒေသတွင်း လက်နက်တပ်ဆင်မှုပြိုင်ပွဲ ကြီးထွားလာနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။
-NATO ၏ အင်အားချဲ့ထွင်မှုများ ရပ်တန့်ရန် ရုရှားနိုင်ငံနှင့်အတူ တရုတ်က တောင်းဆိုပြီး အနောက်အုပ်စုထံမှ လုံခြုံရေးဆိုင်ရာ အာမခံချက်များရရှိရန် ရုရှား၏တောင်းဆိုမှုကို ကူညီပ့ံပိုးသွားမည်။
-‘အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဒေသအနှံ့ ဒုံးကျည်ဖြန့်ကြက်မှု ကာကွယ်ရေးဆိုင်ရာ အစီအစဉ်များတိုးမြှင့်လာခြင်း၊ နျူကလီးယားမဟုတ်သော လက်နက်များ၏ စွမ်းရည်မြှင့်တင်ခြင်းနှင့် အခြားမဟာဗျူဟာမြောက် ရည်မှန်းချက်များအတွက်’ နှစ်နိုင်ငံလုံးက စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်၏ စာသားအတော်များများတွင် ၀ါရှင်တန်ဟု အမည်တိတိကျကျ မဖော်ပြဘဲ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမိုးသော၊ ထိပ်တိုက်ရင်ဆိုင်တွေ့နေကျဖြစ်သော၊ သူတို့၏ ဒီမိုကရေစီဇာတ်ကို ကမ္ဘာပတ်၍ ‘ဘူးသွင်း’ နေသော ‘အဆိုပါနိုင်ငံ’ ဟု ညွှန်းခဲ့သည်။
၀ါရှင်တန်မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ တရုတ်ရေးရာကျွမ်းကျင်သူ စကော့ကင်နေဒီက ထုတ်ပြန်ချက်များ မည်မျှ ‘ပျံလန်’ နေသည်ဖြစ်စေ၊ မဟာမိတ်နက်ရှိုင်းမှုမှာ အတိုင်းအတာရှိကြောင်း ပြောဆိုခဲ့သည်။ “တရုတ်ဟာ ရုရှားနဲ့အတူ ရပ်တည်ချင်ပေမဲ့ ခပ်ပါးပါးပါ၊ သိပ်ပြီး ထဲထဲဝင်ဝင် မဟုတ်ပါဘူး။ ယူကရိန်းမှာ ဒါမှမဟုတ် ထိုင်ဝမ်မှာ စစ်ပွဲတစ်ခုခုဖြစ်လာခဲ့ရင် အဲဒီမဟာမိတ်အက်ကြောင်းထင်လာဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်တယ်။”
■ နည်းပညာနှင့် စွမ်းအင်ကဏ္ဍ
နည်းပညာဆိုင်ရာနယ်ပယ်တွင် ရုရှားနှင့် တရုတ်တို့သည် အသိဉာဏ်တုနှင့် သတင်းအချက်အလက် လုံခြုံရေးကဏ္ဍတို့တွင် အတူတကွပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရန် အဆင်သင့်ရှိနေကြသည်။
“အင်တာနက်၏ နိုင်ငံအလိုက် နည်းဥပဒေများ ပြဋ္ဌာန်းလျက် အချုပ်အခြာအာဏာအပေါ် ထိန်းကျောင်းကန့်သတ်မှုများနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း” နှစ်နိုင်ငံလုံး၏ ယုံကြည်မှုကို သူတို့ ပြောဆိုခဲ့သည်။
ထိုအတောအတွင်း ရုရှားနိုင်ငံမှ အစိုးရနောက်ခံပြု ဧရာမကုမ္ပဏီကြီးများဖြစ်သော Gazprom နှင့် Rosneft တို့က ဓာတ်ငွေ့နှင့် ရေနံကို အမေရိကန်ဒေါ်လာ ဘီလျံဆယ်ချီ၍ ဘေဂျင်းသို့ ရောင်းချရန် သဘောတူညီခဲ့ကြသည်။
၁၉၉၉ ခုနှစ် ပူတင် စတင်အာဏာရယူခဲ့စဉ်ကပင် ရုရှား၏ ပြည်ပသို့ စွမ်းအင်တင်ပို့ရောင်းချမှုကို အနောက်နိုင်ငံများ၌သာ မတည်အရင်းအနှီးအားပြုခြင်းအား တဖြည်းဖြည်းရွှေ့ပြောင်းခဲ့၏။ ထိုအချိန်မှစ၍ ရုရှားသည် တရုတ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသော ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ပြီး အနောက်အုပ်စုထံမှ ဝင်ငွေအပေါ် အားပြုမှုလျှော့ချနိုင်ခဲ့သည်။
ကရင်မလင်၏ ဖော်ပြချက်အရ နှစ်နိုင်ငံသမ္မတများသည် ဒေါ်လာအားပြုမှုကို လျှော့ချလျက် နိုင်ငံအလိုက် အမျိုးသားငွေကြေးများ တွင်ကျယ်စွာ သုံးစွဲရန်လိုအပ်ချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အကယ်၍ ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ခဲ့လျှင် ဆန်ရှင်၏ အစိတ်အပိုင်းအဖြစ် ရုရှားကုမ္ပဏီများ၏ အမေရိကန်ဒေါ်လာ အခြေပြုကုန်သွယ်မှုများကို တားဆီးကန့်သတ်သွားမည်ဟု ပြောဆိုထားသည်။ အိုလံပစ်ဖွင့်ပွဲပြုလုပ်သော တစ်နေ့တည်း၌ပင် အရှေ့ဥရောပရှိ NATO မဟာမိတ်နိုင်ငံများသို့ ပို့လွှတ်လိုက်သော အမေရိကန်တပ်ဖွဲ့ အင်အား ၂၀၀၀ ပထမသုတ်အဖြစ် ရောက်ရှိလာခဲ့သည်။
မည်သို့ဆိုစေ၊ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကာလ၌ အရှေ့ကွန်မြူနစ်အုပ်စုနှင့် အနောက်အရင်းရှင်အုပ်စုတည်းဟူသော မော်စကို-၀ါရှင်တန် ပြိုင်ပွဲကြီးမှာ ၁၉၉၀ ပြည့်ဝန်းကျင်၌ နိဂုံးချုပ်ခဲ့၏။ တစ်ဖန်အမေရိကန်တစ်နိုင်ငံတည်းသာ မဟာအင်အားကြီး ယူနီပိုလာအဖြစ် ကျန်ရှိခဲ့သော နှစ် ၃၀ ခန့်ကာလမှာလည်း အာဖဂန်နစ္စတန်မှ ကစဉ့်ကလျားဆုတ်ခွာခြင်းနှင့်အတူ ရွေ့လျောသွားခဲ့ရပြီဖြစ်သည်။ သို့ဆိုလျှင် ကမ္ဘာ့စူပါပါ၀ါသည် မည်သည့်နိုင်ငံများ ဖြစ်လာကြမည်နည်း။ စီးပွားရေးခိုင်မာအားကောင်းလာသော ဘေဂျင်း၊ နျူကလီးယားနှင့် ကမ္ဘာ့အဆင့်မီ ကြည်း၊ ရေ၊ လေ တပ်မတော်များ ပိုင်သည့် ကရင်မလင်နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ပြည်ပကျူးကျော်မှု ခေါင်းဆောင် ၀ါရှင်တန်တို့၏ ၂၁ ရာစု သမိုင်းသစ်ကို စိတ်ဝင်တစား စောင့်ကြည့်ကြရမည်မှာ သေချာလှပါသည်။










