ကာကွယ်ရေးဦးစီးချုပ် ၊ EAO အချို့၏ သဘောထားများနှင့် ငြိမ်းချမ်းရေး

ကာကွယ်ရေးဦးစီးချုပ် ၊ EAO အချို့၏ သဘောထားများနှင့် ငြိမ်းချမ်းရေး
Published 6 February 2022

(၁)

၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ယင်း၏အကျိုးဆက်က ၂၀၁၅ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့တို့ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ကနဦး NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက် အဖွဲ့အစည်းများအနက် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ပါဝင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိကာ နိုင်ငံတော်၏ အာဏာလွှဲပြောင်းရယူပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးသိန်းစိန်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သော NCA စာချုပ် လမ်းစဉ်အတိုင်းပင် ဆက်လက် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် NLD အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိနေပြီး NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားလည်း ရှိနေသည်။

ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းစဉ်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း စာချုပ်ဖြစ် ပေါ်လာရေး ဆွေးနွေးစဉ်ကာလနှင့် NCA စာချုပ် လက်မှတ်ရေးထိုးပြီးကာလများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများက ဖြစ် ပွားနေဆဲပင်ဖြစ်သည်။

အထူးသဖြင့် NCA စာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအနက် ကရင်အမျိုး သားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၅)၊ ရှမ်းပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် တပ်မတော်စစ်ကြောင်းများအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တပ်မတော်စစ်ကြောင်းများအကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်း လက်နက် ကိုင်အဖွဲ့ (RCSS/SSA) နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှု နည်းပါးသကဲ့သို့ ရလဒ်အရအကျိုးဖြစ်ထွန်းမှုလည်း နည်းပါးနေသေးသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်တွင်လည်း ၎င်းတို့၏ မူဝါဒများ အလိုက် ရပ်တည်မှုများလည်း ကွဲပြားနေပြီး NCA-S EAO ကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်မှု အောက်တွင် လတ်တလောနိုင်ငံရေးအခြေအနေကိုကြည့်ကာ လှုပ်ရှားဆောင်ရွက်နေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေး ကော်မတီတို့ကို ဖွဲ့စည်းထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာသုံးရပ် ကိုရယူပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ၁၆ ကြိမ် ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကိုးကြိမ် တွေ့ဆုံဆွေးနွေး ထားသည်။

ထိုသို့ ဆွေးနွေးမှုများတွင် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ “၀”လက်နက်ကိုင်အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)၊ တအာင်းအဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပါဝင် သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့(KIA) နှင့်မူ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

(၂)

တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ အာဏာသုံးရပ်ကို ရယူပြီးနောက် ယခင်က ငြိမ်သက်ခဲ့သော နယ်မြေများတွင်ပင် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တွင်လည်းကောင်း၊ တပ်မတော်နှင့် PDF အကြားတွင်လည်းကောင်း၊ တပ်မတော်နှင့် EAO+PDF ပူးပေါင်းအဖွဲ့အကြားတွင် လည်းကောင်း တိုက်ပွဲများဖြစ်ပွားလာခဲ့သည်။

တပ်မတော်က နိုင်ငံတော်၏ အာဏာရယူမှုကိုဆန့်ကျင်သော ပြည်မရှိ လူငယ် အများအပြားသည် ၎င်းတို့နှင့်နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ထံ တွင် စစ်သင်တန်းများတက်ရောက်၍ တိုက်ခိုက်ရေးလုပ်ငန်း၊ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားရာဧရိယာ ပိုမိုကျယ်ပြန့်လာသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် မျှော်လင့်ရန် ခက်ခဲလာသည့်အနေအထားဖြစ်နေသည်။

၂၀၂၁ ခုနှစ်တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဒေသအချို့တွင် တပ်မတော်နှင့် EAO၊ PDF များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ 

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲပင်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဘက်က လေ ကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ ရယူတိုက်ခိုက်ခဲ့သည်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။

ကယားပြည်နယ်တွင် လက်ရှိအချိန် အထိ တပ်မတော်နှင့် KNPP + PDF တို့ အကြား တိုက်ပွဲများရှိနေဆဲဖြစ်ပြီး မကြာသေးမီ ကာလအတွင်းက ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ တပ်မတော်ဘက်က လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ချင်းပြည်နယ်တွင် တပ်မတော်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း များပြားလှသော လူနေအိမ်များမှာ မီးလောင်ပျက်စီဆုံးရှုံးခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တပ်မတော်နှင့် ဒေသခံ PDF တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် ဒေသခံအများအပြားမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

အထူးသဖြင့် မကွေးတိုင်းဒေသကြီးရှိ ကျေးရွာအချို့မှာ စစ်ကိုင်းတိုင်းဒေသကြီးဘက်သို့ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ကရင်ပြည်နယ်တွင် တပ်မတော်နှင့် KNLA တပ်မဟာအချို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး အထူးသဖြင့် KNLA တပ်မ ဟာ (၅) နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်။

ဒီဇင်ဘာလကုန်ပိုင်းတွင် တပ်မတော် နှင့် KNU တပ်မဟာအချို့အကြား တိုက်ပွဲအတွင်း KNU တပ်မဟာ (၆) နယ်မြေသို့ တပ်မတော်ဘက်က လေကြောင်းပစ်ကူ၊ လက် နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

မကြာသေးမီကာလအတွင်းကလည်း တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် တပ်မတော် ဘက်က ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မ ဟာ (၅) နယ်မြေအချို့ကို လေကြောင်းပစ်ကူ များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တပ်မတော်ဘက်က လေကြောင်း ပစ်ကူများဖြင့် ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက် ခြင်းမပြုမီ KNU ဗဟိုက ၎င်းတို့ ထိန်းချုပ်ရာ နေရာများကို လေယာဉ်မပျံသန်းရဇုန်းအဖြစ် သတ်မှတ်၍ နိုင်ငံတကာက စောင့်ကြည့်ပေး ရန် ကြေညာချက်ထုတ်ပြန်ကာ နှစ်ကြိမ်တိုင် တောင်းဆိုခဲ့သည်။ 

KNU ဗဟို၏ အဆိုပါ တောင်းဆိုချက် သည် မည်သို့မျှ အကျိုးသက်ရောက်မှုမရှိခဲ့ဘဲ တပ်မတော်၏ လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ရှမ်းမြောက်ဒေသတွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့သကဲ့သို့ ပြည်နယ်မဟုတ်သော တိုင်းဒေသကြီးအချို့တွင် လည်း မြို့ပြတိုက်ပွဲအသွင် ပစ်ခတ်တိုက်ခိုက်မှု များနှင့် လုပ်ကြံသတ်ဖြတ်မှုများမှာ လက်ရှိ အချိန်အထိ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက် ပိုင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း များပြားလှသော အပြစ်မဲ့အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း များစွာရှိခဲ့သည်။

မငြိမ်မသက်ဖြစ်နေသော ပြည်တွင်းရေးအပေါ် နိုင်ငံတကာက စိုးရိမ်ကြောင်း ဖော်ပြမှုများရှိခဲ့ပြီး အချို့ကမူ ပြည်တွင်းစစ်ဖြစ် ပေါ်လာနိုင်သည်ဟု လေ့လာသုံးသပ်မှုများရှိနေရာ လတ်တလော နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးမှာ လွန်စွာ စိုးရိမ်စရာကောင်းသည့်အခြေအနေပင် ဖြစ်သည်။

(၃)

တပ်မတော်၏ နိုင်ငံတော်အာဏာရယူမှုနှင့် NLD အစိုးရလက်ထက် နိုင်ငံ့ခေါင်း ဆောင်များအား ဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ် ချခဲ့ကြသည်။

အာဏာရှင်စနစ်အပြင် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင် ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်နိုင်ရေးအတွက် ကရင်အမျိုးသားများနှင့်အတူ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအားလုံးက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြော ကြားသည်။

ဇန်နဝါရီ ၃၀ ရက်တွင် ကျရောက်သည့် (၇၃) ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

ကရင်အမျိုးသားခုခံတော်လှန်ရေး၏ ရည်ရွယ်ချက်သည် အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို ဖျက်သိမ်းပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်ရန် ဖြစ်သည်ဟု ယင်းသဝဏ်လွှာတွင် ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ယင်းရည်ရွယ်ချက်သည် ကရင်အမျိုးသားများအပြင် နိုင်ငံတစ်ဝန်းရှိ လူမျိုးတိုင်း၏ ရည်မှန်းချက်များ၊ အကျိုးစီးပွားများနှင့် တိုက် ရိုက်သက်ဆိုင်နေပြီး လက်ရှိအချိန်တွင် လူမျိုး ကြီးဝါဒကို လက်ကိုင်အသုံးချနေသော အာ ဏာရှင်များနှင့် ရင်ဆိုင်နေရ သည်ဟု ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်များ ကို ပုံစံမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေရသမျှ ကာလပတ်လုံး လူမျိုးတိုင်း၏ အမျိုးသားဂုဏ် အင်္ဂါရပ်များ၊ သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုများ အဓွန့်ရှည်ပြီး အစဉ်ထာဝရဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် ထိန်းသိမ်းမြှင့်တင်နိုင် မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ပြည်ထောင်စုကြီး၏ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းသည် သက်ဆိုင်ရာ လူမျိုးအားလုံးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်ရန်သာ ရှိတော့သည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

အမျိုးသားတန်းတူရေးနှင့် အခွင့်အရေးအတွက် ဖော်ဆောင်ရာတွင် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ တန်းတူအ ခွင့်အရေးရှိသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ အကောင်အထည်ဖော်ဆောင်ရန် အရေးကြီးသောအချက်များပင်ဖြစ်သည် ဟုလည်း ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် KNU တည်ထောင်သည့် (၇၅) နှစ်ပြည့်နေ့သို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဝဏ်လွှာ ပေးပို့သည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ်၊ KIO/KIA ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၌ (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားခဲ့ပြီး ၎င်း၏ ကချင်ဘာသာဖြင့် ပြောကြားချက်များကို ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများက မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့ကြသည်။

KIO/KIA သည် လက်ရှိအချိန်အထိ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

လက်ရှိအချိန် အမည်အမျိုးမျိုးဖြင့် တပ်မတော်ကို တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း တပ်မတော်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG ကို ဝန်းရံပေးရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းသည်ဟု ကချင်သတင်းဌာနများက ဖော်ပြခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော TNLA ၊ MNDAA နှင့် AA အဖွဲ့တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များရှိပါက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ်လွှာ ပေးပို့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် KIA တို့သည် မြောက်ပိုင်းမဟာမိတ်အမည်ဖြင့် ယခင်အစိုးရလက်ထက်က နိုင်ငံရေးဆွေးနွေးမှုများ အတူတကွဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများဖြစ်ကြပြီး ၂၀၁၈ ခုနှစ်အတွင်း ရှမ်းမြောက်ဒေသရှိ ပြင်းထန်သော တိုက်ပွဲများတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနက် TNLA နှင့် AA တို့သည် လိုင်ဇာတွင် စစ်သင်တန်းများပေးကာ KIA က သန္ဓေတည်ပေါက်ဖွားပေးခဲ့သော လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကြီး လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်သော KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့၏ ပြောကြားချက်များနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သော သဝဏ်လွှာပါအချက်များအရ ၎င်းတို့နှင့် သက်ဆိုင်ရာ ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အလားအလာ ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၎င်း၏ နှစ်သစ်မိန့်ခွန်းနှင့် နိုင်ငံတော် တာဝန်ထမ်းဆောင်မှု (၁) နှစ်ပြည့်မိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အမြဲတမ်း ကြိုဆိုကြောင်း ကမ်းလှမ်းဖိတ်ခေါ်ထားသည်။

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် စိန်ရတု လွတ်လပ်ရေး နေ့ဖြစ်သည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းအသီးအပွင့်များနှင့် ပြည့်စုံရန် အရေးကြီးသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ ၂၀၂၂ ခုနှစ် မိန့်ခွန်းများတွင် ထည့်သွင်းပြောကြား ထားသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လက်ရှိနိုင်ငံရေးအခြေအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၎င်း၏ ဖိတ်ခေါ်ချက်နှင့် ရည်ရွယ် ချက်များ အထမြောက်အောင်မြင်ရန်မှာ အခက်အခဲများရှိနေဦးမည်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

မတူညီမှုများကို ဘေးဖယ်ထားပြီး တူညီမှုများဖြင့် နိုင်ငံအား ရှေ့ဆက်သွားမည်ဆိုသော နည်းလမ်းသည်ပင် ယခင်အစိုးရ လက်ထက်များတွင် ကောင်းမွန်စွာ အလုပ်မဖြစ်ခဲ့ဟု နိုင်ငံရေးလေ့လာသူများ ထောက်ပြကြသည်။

လက်ရှိကြုံတွေ့နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအား မည်သို့ဖြေရှင်းကြမည်ကို နိုင်ငံတကာက စောင့်ကြည့်နေသည်။

တစ်ဖက်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ခေါ်ချက်နှင့် ရည်ရွယ်ချက်များ အောင်မြင်ရန် တပ်မတော်ဘက်က မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရသေးသည့် အခြေအနေတွင် ရှိနေသည်။

သို့သော် မြန်မာ့နိုင်ငံအရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကို ပြုလုပ်ရန် နိုင်ငံတကာက တိုက်တွန်းတောင်းဆိုမှုများရှိနေသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် EAO အချို့၏ သဘောထားများအရ ၂၀၂၂ ခုနှစ်တွင် မြန်မာ့ငြိမ်းချမ်းရေး မည်သို့ဖြစ်ပေါ်လာမည်ကို ဆက်လက်စောင့်ကြည့်ရုံသာ ရှိတော့သည်။

Most Read

Most Recent