PTTEP က ကမ်းလွန်လုပ်ကွက် M-3 တွင် အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အကဲဖြတ်ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်များ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်မည်

PTTEP က ကမ်းလွန်လုပ်ကွက် M-3 တွင် အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အကဲဖြတ်ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်များ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်မည်
PTTEP သဘာဝဓာတ်ငွေ့စီမံကိန်း၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
PTTEP သဘာဝဓာတ်ငွေ့စီမံကိန်း၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 6 February 2022

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-3 တွင် (Aung Sinkha Development Project and Appraisal Exploration Drilling Campaign) အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အကဲဖြတ်ရှာဖွေ တူးဖော်ရေးလုပ်ငန်းစဉ်များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

M-3 တွင် အောင်သင်္ခဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် အကဲဖြတ် ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် Marine Baseline Survey of EIA Studies လုပ်ငန်းများအား Survey Vessel: MV.HAIDUONG 68 (Call Sign: XWLT) ရေယာဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်မည့် တည်နေရာများကိုပါ ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းများ နှောင့်နှေးမှု မဖြစ်ပေါ်စေရေး လုပ်ငန်းခွင်တည်နေရာများမှ လေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊  ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

PTTEP က မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် M-9 နှင့် M-3 တို့တွင် Geophsical Site Investigation လုပ်ငန်းများကို ဇန်နဝါရီ ၂၇ ရက် မှ မေ ၂၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 နှင့် M03 တို့တွင် Geophsical Site Investigation (GSI) Survey လုပ်ငန်းများကို Survey Vessel “MV.PTSC Researcher” ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာတို့ကိုလည်း ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကမ်းလွန်လုပ်ကွက် M3 နှင့် M9 က ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ကျိုက်လတ်ဒေသတွင် မဂ္ဂါဝပ် ၆၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်းကို PTTEP က ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။

PTT ရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (PTTEP) သည် မြန်မာအစိုးရထံမှ စီမံကိန်းလုပ်ပိုင်ခွင့်ရရှိပြီးနောက် မြန်မာနိုင်ငံ၏ ပြည်တွင်းသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းစီမံကိန်းလုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးအတွက် ပံ့ပိုးပေးရန်နှင့် ကုမ္ပဏီ၏ ရည်မှန်းချက်အတိုင်း စီးပွားရေးလုပ်ငန်းအသစ်များ ရှာဖွေသွားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

မုတ္တမပင်လယ်ကွေ့ရှိ မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်များဖြစ်သော M3 နှင့် ဇောတိက M9 တို့မှထွက်ရှိသော ပြည်တွင်းသဘာဝဓာတ်ငွေ့တို့ကို အသုံးပြု၍ စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်တွင်းသဘာဝဓာတ်ငွေ့အသုံးပြုမှုမြင့်မားလာစေပြီး နိုင်ငံတော်အတွက် စျေးနှုန်းသက်သာသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဟု သိရသည်။

PTTEP ၏ ပြည်တွင်းသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းသည် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းစဉ်အထိ ပါဝင်သော ပေါင်းစပ်စီမံကိန်း ဖြစ်သည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာနှစ်ဘီလျံခန့်ရှိပြီး စီမံကိန်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၆၀၀ ဓာတ်အားပေး စက်ရုံ၊ ကံပေါက်-ဒေါ်ငြိမ်း-ကျိုက်လတ်မြို့ များသို့ ချိတ်ဆက်သွယ်တန်းမည့် ကမ်းလွန်နှင့် ကုန်းတွင်းဓာတ်ငွေ့ ပိုက်လိုင်းအသစ် (၃၈၀ ကီလိုမီတာ ခန့်)၊ ကျိုက်လတ်ဓာတ်အားပေးခွဲရုံမှ လှိုင်သာယာဓာတ်အားပေးခွဲရုံသို့ ချိတ်ဆက်မည့် Trasmission Line များ ပါဝင်သည်။ PTTEP အနေဖြင့်လည်း ၂၀၂၂ ခုနှစ်တွင် အဆိုပါစီမံကိန်းအတွက် အပြီးသတ်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်အဆင့်သို့ ရောက်ရှိရန်ရည်မှန်းထားသည်။

Most Read

Most Recent