၂၀၂၁ ခု ဒီဇင်ဘာ ၂၁ ရက် အင်္ဂါနေ့တွင် အမေရိကန်ပြည်ထောင်စုအနေနှင့် ယူကရိန်း ကိစ္စအပေါ် ဖိအားပေးနေသမျှ ရုရှားသည် လိပ်ခဲတည်းလည်းအနေအထားမှ တပ်အင်အား ဆုတ်ခွာရန် အကြောင်းမရှိကြောင်း၊ အနောက်နိုင်ငံများအဖို့ “ရန်စမှုမျဉ်း”ကို နင်းလျက် ထမင်းရည်ပူစည်းလောင်ကာ ပွဲ ဆက်နေခဲ့လျှင် ပြင်းထန်သောတုံ့ပြန်မှုနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
လွန်ခဲ့သောရက်သတ္တပတ်က အမေရိကန်ပြည်ထောင်စုနှင့် NATO အဖွဲ့ဝင်နိုင်ငံများက အဆိုပြုထားသော ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကိစ္စအပေါ် တုံ့ပြန်သောအားဖြင့် ပူတင်သည် ရုရှားစစ်အရာရှိများနှင့် တွေ့ဆုံရာ၌ ဤစကားကို ပြောခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အိမ်ဦးကြမ်းပြင်လိုဖြစ်နေတဲ့ ယူကရိန်းကို အမေရိကန်ပြည်ထောင်စုက ဘာလာလုပ်နေတာလဲ...တစ်ခါ ကျွန်တော်တို့မှာ ဆုတ်ခွာစရာ ဘာအကြောင်းမှ မရှိတာကို သူတို့နားလည်သင့်ပြီ။ ကျွန်တော်တို့ အားအားယားယား စောင့်ကြည့်နေတယ်လို့များ သူတို့ ထင်နေလေလား”ဟု ပူတင် ပြောခဲ့သည်။
“ကျွန်တော်တို့ရဲ့ အနောက်နိုင်ငံမိတ်ဆွေများက ရန်လိုရန်စမှုမျဉ်းကြောင်းကို ဆက်ပြီးကျော်နင်းလာရင်တော့ ကျွန်တော်တို့က စစ်ဆင်ရေး-နည်းပညာဆိုင်ရာ လုံလောက်တဲ့ တုံ့ပြန်မှုကို ပြုသွားမှာဖြစ်ပြီး မိတ်ဆွေမဟုတ်တော့တဲ့ ခြေလှမ်းကို ခပ်ပြင်းပြင်း လှမ်းရပါလိမ့်မယ်။”
ပူတင်အနေနှင့် ထိုသို့သော ရန်စမှုအပေါ် သည်းခံနိုင်မည့် အတိုင်းအတာများကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ၊ သူ့ဆိုလိုရင်းက ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂီရက်ဘ်ကော့ပြောကြားဖူးသည့် “NATO ၏ စီမံကိန်းများနည်းတူ ဥရောပဒေသ၌ ရုရှားဒုံးပျံများကို ပြန်လည်နေရာချ ထားနိုင်ကြောင်း” စကားအတိုင်း ကြေးမုံရိပ်သွင်ထင်လျက် ရှိပါသည်။
၁၉၈၇ ခုနှစ်၌ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချက်နှင့် အမေရိကန်သမ္မတရော်နယ်ရေဂင်တို့၏ သဘောတူညီချက်အရ မိုင်အကွာအဝေး ၃၁၀ မှ ၃,၄၀၀ အတွင်းပစ်ခွင်းနိုင်သော တာလတ်ပစ်နျူကလီယား လက်နက်များ ကမ္ဘာအနှံ့ချထားမှုကို ကန့်သတ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းသည် စစ်အေးခေတ်တင်းမာမှုကို အရှိန်လျှော့နိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ် စာရင်းအရ ဆိုဗီယက်နှင့် အမေရိကန်နှစ်ဘက်လုံးက လက်နက် ၂,၇၀၀ ခန့် ဖျက်ဆီးခဲ့ပြီးဖြစ်၏။ သို့သော် ရုရှား၏ 9M729 ဒုံးပျံများ တိုးပွား လာမှုကို အကြောင်းပြကာ ၀ါရှင်တန်သည် ၂၀၁၉ ခု၌ ဤသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့၏။ ဤအချက်ကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂီရက်ဘ်ကော့က အစဖော်လှုပ် နှိုးလိုက်ခြင်းဖြစ်သည်။
■ ရုရှားနှင့် ယူကရိန်း
ရုရှား၏ လက်နက်ကိုင်တပ်ဖွဲ့အင်အား ၉၀၀,၀၀၀ သည် ယူကရိန်း၏ လေးဆရှိသည်။ တိုက်ပွဲဝင်တင့်ကား ၂,၈၄၀ မှာ ယူကရိန်းနှင့် နှိုင်းယှဉ်လျှင် သုံးဆတစ်ဆ ပိုကြီးသည်။ ယူကရိန်းအနေနှင့် ၂၀၁၀ မှ ၂၀၂၀ အတွင်း ကာကွယ်ရေးဘတ်ဂျက်ကို တိုးမြှင့်ခဲ့သည့်တိုင် လွန်ခဲ့သည့်နှစ်က ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံမှာ ရုရှား၏ ဆယ်ပုံတစ်ပုံသာရှိကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (International Institute for Strategic Studies-IIS)က ခန့်မှန်းတွက်ချက်ထားပါသည်။
ယခုအခါ ယူကရိန်းနယ်စပ်အနီး၌ ထောင်ချီသော စစ်သည်အင်အားများ နေရာယူထားခြင်းသည် အစောဆုံး လာမည့်လအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော် သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဆိုသည့် အမေရိကန်နှင့် ယူကရိန်း၏ စွပ်စွဲချက်များကို ရုရှားက ပယ်ချလိုက်သည်။
ရုရှား၏အဆိုအရ အရှေ့ဥရောပ၌ အနောက်နိုင်ငံများအပါအဝင် NATO က စစ်ရေးလှုပ်ရှားမှုများ မပြုပါဟူသော ကတိအတိုင်း အာမခံရန် လိုအပ်သည်။ အကြောင်းမှာ ယူကရိန်းသည် အနောက်မဟာမိတ်များ နှင့် ဆက်ဆံရေးခိုင်မာလာသည်နှင့်အမျှ NATO ၏ ဒုံးလက်နက်များ ယူကရိန်းပိုင်နက် အတွင်း နေရာချထားခဲ့လျှင် ရုရှား၏လုံခြုံရေး ခြိမ်းခြောက်ခံလာရမည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီး က ရုရှားနှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း၊ “တိုက်ရိုက်စကားပြောမယ်။ မျက်နှာချင်းဆိုင် တွေ့မယ်။ ဘယ်ပုံစံမျိုးဆိုပြီး ကျွန်တော်တို့ ကြိုတင်သတ်မှတ်မထားနဲ့”ဟု ပြောခဲ့သည်။ သို့သော် မော်စကိုအနေနှင့် ယူကရိန်း သို့မဟုတ် NATO ၏ တင်ကြိုကြံစည်ချက်ကို ရှင်းလင်းစွာ မသိရသေးသရွေ့ တွေ့ဆုံမှုပြုမည်မဟုတ်ကြောင်း ထပ်ကာတလဲလဲ ဖော်ပြနေပါသည်။
ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ပူတင် အလေးထားဖော်ပြခဲ့သည်မှာ ပြင်သစ် သမ္မတ အီမန်နျူယယ် မက်ကရွန်ကို ဖုန်းခေါ် ဆို၍ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နှင့် ဂျာမနီ တည်းဟူသော နော်မန်ဒီလေးနိုင်ငံအုပ်စု၏ ခေါင်းဆောင်များ တွေ့ဆုံနှီးနှောဖလှယ်ရန် ပြောကြားခဲ့သည့်အချက်ဖြစ်သည်။ ထိုပါ၀ါ ပိုင်ရှင်များ ကိယက်ဗ်တွင် တွေ့ဆုံကြခြင်းဖြင့် လက်ရှိငြိမ်းချမ်းရေး သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုခိုင်မာစွာ အားဖြည့်နိုင်ရန် ဖြစ်သည်။ ယူကရိန်းက ဤပွဲသည် ရုရှားနှင့် သူ့လူများဟု သဘောပိုက်သည့်အတွက် တွေ့ဆုံရန် အလှမ်းဝေးဆဲဖြစ် နေ၏။
အင်အားကြီး အနောက်နိုင်ငံများသည် ယူကရိန်းနှင့် NATO အပေါ် သူတို့၏ တစ်လုံးတစ်စည်းတည်း ပ့ံပိုးမှုကို ရုရှားသိအောင် ပြသလိုကြသည်။ ဂျာမနီဝန်ကြီးချုပ်သစ် အိုလက်ဖ်ရှော့ဇ်သည် ပူတင်အား ဖုန်းခေါ်၍ ထိုအချက်ကို ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် ထိပ်သီးခေါင်းဆောင်များ လူချင်းတွေ့ဆုံမှုပြုနိုင်ခြေကို မေးမြန်းခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်က “ကျွန်တော်တို့ ပထမ အဆင့်အနေနဲ့ သံခင်းတမန်ခင်းအရ တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကို စောင့်ကြည့်ကြရလိမ့်မယ်”ဟု ဖြေကြားခဲ့သည်။
■ အမေရိက၏ ထောက်ပ့ံမှုများ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥရောပဆိုင်ရာ ထိပ်တန်းသံတမန် ကာရင် ဒွန်ဖရိုင်းက သတင်းထောက်များကို ပြောကြားခဲ့ရာတွင် ၀ါရှင်တန်သည် မော်စကိုနှင့် တွေ့ဆုံရေးအတွက် လမ်းကြောင်းသုံးသွယ်ဖွင့်ကာ ပြင်ဆင်ထားကြောင်း၊ နှစ်နိုင်ငံအကြား လမ်းကြောင်း (bilaterally)၊ ၂၀၁၉ ခုနှစ်ကနောက်ဆုံးတွေ့ဆုံခဲ့ကြသော NATO -ရုရှားကောင်စီလမ်းကြောင်း (NATO-Russia Council)နှင့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation for Security and Cooperation in Europe) လမ်းကြောင်းတို့ဖြစ်ကြောင်း ပြောပြခဲ့သည်။
လက်ရှိကာလတွင်မူ မော်စကိုသည် ရန်စပွားအောင် ဆောင်ရွက်နေသမျှ အမေရိကန်ပြည်ထောင်စုက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများနှင့် ထောက်ပ့ံပို့ဆောင်ရေးပစ္စည်းများကို နောက်သီတင်းပတ်၊ နောက်လ အထိ ဆက်လက်ပ့ံပိုးနေမည်ဟု မစ္စဒွန်ဖရိုင်းက ပြောခဲ့ပါသည်။
“သမ္မတ (ဂျိုး)ဘိုင်ဒင်က သမ္မတ ပူတင် ကို ပြောခဲ့သလို ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေရှိရင် ကျွန်မတို့က ယူကရိန်းတွေကို ကာကွယ်ရေးပစ္စည်းတွေ ဆက်လက် ထောက်ပ့ံဖြည့်တင်းပေးမှာပါ။ လက်ရှိ ထောက်ပ့ံနေကျ အစီအစဉ်ထက် ပိုပြီးပ့ံပိုးမှာ”ဟု ပြောဆိုသည်။
အကယ်၍ ပူတင်သည် ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ခဲ့လျှင် ရုရှား၏စီးပွားရေးကို ပိတ်ဆို့နိုင်ရန်အတွက် ပြင်းထန်သော ပြည်ပပို့ကုန်ထိန်းချုပ်မှု သတ်မှတ်ချက်များကို ၀ါရှင်တန်က ချမှတ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်အစိုးရအရာရှိများက ရိုက်တာသတင်းဌာနသို့ ပြောခဲ့ကြသည်။ မည်သည့် အတိုင်းအတာထိ မည်သို့ချမှတ်မည်ကို အဆင့်မြင့်အရာရှိများ၏ အစည်းအဝေး၌ ညှိနှိုင်းသွားကြမည်ဖြစ်သည်။
NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတော့တင်းဘာ့ဂ်က မဟာမိတ်အဖွဲ့သည် မော်စကိုနှင့် အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးပွဲများကို လာမည့်နှစ်ဦးပိုင်း၌ ကျင်းပနိုင်ရန် နည်းလမ်းရှာဖွေသင့်ကြောင်း တိုက်တွန်းထားသည်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂု က ယူကရိန်းအရှေ့ပိုင်း၌ အမေရိကန်ပြည်ထောင်စုမှ ပုဂ္ဂလိက ကာကွယ်ရေးပစ္စည်း ကန်ထရိုက်တာ ၁၂၀ ကျော် လာရောက်လှုပ်ရှားနေကြောင်း၊ အဆိုပါဒေသမှာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားခွဲထွက်ရေးသမားများ နှင့် ယူကရိန်းတပ်ဖွဲ့တို့ တိုက်ခိုက်ရာအရပ် ဖြစ်ကြောင်း၊ “ဒေါသမထွက်ထွက်အောင် ဆွပေးလျက်” ဓာတုပစ္စည်းများကိုပါ ပြင်ဆင်နေကြောင်း စွပ်စွဲခဲ့သည်။
အဆိုပါစွပ်စွဲမှုအတွက် ရုရှားကာကွယ်ရေးဝန်ကြီးအနေနှင့် မည်သည့်အထောက်အထားမှ မပြခဲ့ဘဲ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကမူ “လုံးဝမှားယွင်းသော”စွပ်စွဲ ချက်ဟု ဖော်ပြခဲ့သည်။
ဤပဋိပက္ခဖြစ်စဉ်တောက်လျှောက် ရုရှားသည် စကားအရာ၌ တင်းမာလာခဲ့ပြီး ဒုတိယဝန်ကြီး ရက်ဘ်ကော့က ကမ္ဘာကြီး တစ်ခုလုံး နျူကလီးယားစစ်ပွဲမှ သီသီကလေး လွတ်ခဲ့ရသော ၁၉၆၂ ခု၊ ကျူးဘားဒုံးပျံ အရေးအခင်းနှင့် နှိုင်းယှဉ်ပြောကြားလာသည်အထိ သတိပေးမှုများ ရှိလာသည်။
မော်စကို၏ လိုလားချက်များဖြစ်သော ယူကရိန်းကို NATO သို့ အဖွွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်မပြုရေး၊ အရှေ့ဥရောပမှ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်တပ်များ ဆုတ်ခွာရေးစသည်တို့ကို ၀ါရှင်တန်နှင့် အပေါင်းအပါများက ဤပဋိပက္ခဖြစ်စေရန် အစပျိုးမီးမွှေးခဲ့ခြင်းမဟုတ်ဟု ခံယူထားကြသည်။
သို့သော် မော်စကိုတောင်းဆိုသော လိုလားချက်များကို ငြင်းပယ်ကာ ရှေ့တိုး ဆောင်ရွက်မှုများကို လုပ်ဆောင်နေခြင်းဖြင့် ဆွေးနွေးပွဲဖြစ်မြောက်ရေး အခွင့်အလမ်းများ တံခါးပိတ်သွားပြီး ပဋိပက္ခမီးပုံကို ဓာတ်ဆီ လောင်းသည်နှင့် အလားသဏ္ဌာန်တူသွား ပါလိမ့်မည်။










