အမှားသတင်း၊ တလွဲပစ်မှတ်နှင့် အမေရိက၏ တာဝန်ခံမှု

အမှားသတင်း၊ တလွဲပစ်မှတ်နှင့် အမေရိက၏ တာဝန်ခံမှု
Photo:Topcor
Photo:Topcor
Published 21 December 2021
မိုးဧအောင်

၂၀၂၁ ခု ဒီဇင်ဘာလအတွင်း နယူးယောက်တိုင်းသတင်းစာ၏ စုံစမ်းဖော်ထုတ်ချက်အရ အသစ်ထပ်မံရရှိလာသော ပင်တဂွန်မှတ်တမ်းများက အရှေ့အလယ်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ဆင်နွှဲခဲ့သော လေကြောင်းစစ်ပွဲများသည် “ ထောက်လှမ်းရေး အားနည်းချက်” နှင့် “ပစ်မှတ်မှားယွင်းခြင်း” များဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သောဆယ်စုနှစ်အတွင်း အရပ်သား ၁၀၀၀ ကျော်သည် ထိုမှားယွင်းပစ်မှတ်ကြောင့် သေဆုံးခဲ့ရကြောင်း သိရှိလာရသည်။

အစီရင်ခံစာ၌ ပင်တဂွန်၏ ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများကို စုစည်းထားပြီး ထိုသို့လေကြောင်း မှားယွင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအကြောင်း မှတ်တမ်းမှတ်ရာ ၁၃၀၀ ကျော်ရှိသည်။ ထိုကြံစည်မှုများတွင် အမေရိကန်ပြည်ထောင်စုအနေနှင့် အသေးစိတ်ဒီဂရီထိ တိကျစွာ ပစ်လွှတ်နိုင်သော ဗုံးများကိုသာ အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုစသော အာမခံချက်များကို ယခင့်ယခင်က ထုံးစံအတိုင်း မတွေ့ရကြောင်း စာရွက်စာတမ်းများက ညွှန်ပြနေသည်။

သတင်းစာကထုတ်ပြန်ခဲ့သော အပိုင်း နှစ်ပိုင်းပါဝင်သည့် ထောက်လှမ်းရေးအလွဲ၊ ပစ်မှတ်အမှားမှတ်တမ်းများ ပထမပိုင်းတွင် “မည်သည့်မှတ်တမ်းမှတ်ရာ တစ်ခုတစ်လေကမှ မှားယွင်းဆောင်ရွက်မိခြင်း သို့မဟုတ် ထိုဆောင်ရွက်မှုအတွက် စည်းကမ်းချက်နှင့်အညီ အရေးယူခြင်း လုံးဝမတွေ့ရ” ဟု ဖော်ပြခဲ့၏။

တိုင်းမ်၏ ယခင်ထုတ်ပြန်ချက်များတွင် ထိုကဲ့သို့သော ထိခိုက်သေဆုံးမှုမျိုး ရာဂဏန်းနှင့်ချီ၍ရှိကြောင်း အစီရင်ခံခဲ့ပြီးဖြစ်သည်။ သို့သော် ယခုစုံစမ်းဖော်ထုတ်ချက်အရ ကျန်ရှိနေသော အရပ်သားသေဆုံးမှုမှာ “အလွန်အကျွံ စာရင်းလျှော့၍ ပြခဲ့ကြောင်း” နှင့် အနည်းဆုံး နောက်ထပ် ရာချီလျက် သေဆုံးခဲ့ကြောင်း သိရှိလာရသည်။

စောင့်ကြည့်စုံစမ်းမှု၏ ချွတ်ယွင်းချက်များ

ဤထုတ်ပြန်ချက်တွင် မှားယွင်းဆောင်ရွက်ခဲ့သဖြင့် သေဆုံးခဲ့ရသော အရပ်သားများကိစ္စကို သက်ဆိုင်ရာစီမံအုပ်ချုပ်မှု တာဝန်ရှိသူများက လုံးဝအရေးယူခြင်းမရှိသည့် အမှုအခင်းများကို ဖော်ပြထားသည်။

၂၀၁၆ ခု ဇူလိုင်လအတွင်း တိုခါကျေးရွာအပြင်ဘက်၌ ရွာသူရွာသား ၁၂၀ အသတ်ခံခဲ့ကြရကြောင်း မှတ်ချက်ပြုထုတ်ဖော်ထားသည်။ အခင်းဖြစ်ချိန်က ထုတ်ပြန်ချက်တွင် အမေရိကန်ကို ရန်ပြုလာသော တိုက်ခိုက်ရေးသမား ၈၅ ဦးကို သုတ်သင်ခဲ့ကြောင်း အစီရင်ခံထားခဲ့၏။

ပစ်မှတ်မှားယွင်းသတ်ဖြတ်မှုသာဓကအဖြစ် ထပ်မံဖော်ပြထားသော လျှပ်တစ်ပြက် လေကြောင်းစီးနင်း တိုက်ခိုက်မှုတစ်ခုမှာ ၂၀၁၅ ခု နိုဝင်ဘာလအတွင်း အီရတ်နိုင်ငံ ရမ္မာဒီတွင် ပေါ်ပေါက်ခဲ့၏။ အစ္စလာမ္မစ်နိုင်ငံတော်၊ အီရတ်နှင့် ဆီးရီးယားဒေသခွဲ (ISIS-ISIL) အတွင်းမှ လူတစ်ဦးသည် “အမျိုးအမည် ခွဲခြားရခက်သော လေးလံသည့်အရာဝတ္ထုတစ်ခု” ကို ဆွဲယူလာသည့်အတွက် လေကြောင်းမှ ပစ်ခတ်ချေမှုန်းခဲ့သည်။ ဖြစ်ရပ်တစ်ခုလုံး ပြန်လည်စိစစ်သည့်အခါ အဆိုပါ အရာဝတ္ထုမှာ လေကြောင်းတိုက်ပွဲအတွင်း သေဆုံးခဲ့ရသော ကလေးတစ်ဦး၏အလောင်း ဖြစ်နေပြန်သည်။

စွမ်းဆောင်ရည်ညံ့ဖျင်း၍ သတင်းရင်းမြစ်လက်တံတိုသော စောင့်ကြည့်စုံစမ်းထောက်လှမ်းမှုများက ပစ်မှတ်အမှားများကို မကြာခဏဆိုသလို ရွေးချယ်ပေးကာ သတ်ဖြတ်မှုများ ပေါ်ပေါက်လျက်ရှိကြောင်း အစီရင်ခံစာက ဆိုပါသည်။

လတ်တလောအဖြစ်အပျက်မှာ အမေရိကန်တပ်များ အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာနေစဉ်အတွင်း ဟာမစ်ကာဇိုင်းလေဆိပ်ကို အစ္စလာမ္မစ်နိုင်ငံတော်၊ ခိုရာဇန် (ISIS-K) အဖွဲ့က အသေခံဗုံးခွဲခဲ့ရာ အမေရိကန် မရိန်းတပ်သား ၁၃ ဦးအပါအဝင် အာဖဂန်အရပ်သားများ ရာချီ၍ သေဆုံးခဲ့၏။ ထိုလုပ်ရပ်အတွက် လက်တုံ့ပြန်ရန် အမေရိကန်ပြည်ထောင်စုက ဒရုန်းလွှတ်ကာ လေကြောင်းမှ ပစ်မှတ်ကို ချေမှုန်းခဲ့သည်။ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ လမ်းပေါ်တွင်ရပ်ထားသော သံသယရှိသည့်ကားကို ဗုံးအတွဲလိုက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အုပ်စုနှင့် ပတ်သက်မှုလုံးဝ မရှိသည့် အရပ်သားဝန်ထမ်းမိသားစု သေဆုံးခဲ့ရ၏။ နောက်ပိုင်းစုံစမ်းချက်အရ ပစ်မှတ်ကို မှားယွင်းရွေးချယ်မိသော ဒရုန်းတိုက်ခိုက်မှု၏ သားကောင်ဖြစ်ရရှာသူ ၁၀ ဦးမှာ မိသားစုတစ်ခုတည်းကသာ ဖြစ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ တိုက်ခိုက်မှုများကြောင့် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ အရပ်သားအများအပြားမှာ အကြီးစားဆေး ကုသမှုလိုအပ်နေသော မစွမ်းမသန်သူများအဖြစ် ရှင်သန်ကြရသည်။ သို့သော် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးကြောင်းကို ဖော်ပြခံရသည်မှာ တစ်ဒါဇင်ပင် မပြည့်ပါ။

အမေရိကန်ပြည်ထောင်စု စစ်ဦးစီးချုပ်ရုံးမှ ဗိုလ်ကြီး ဘီလ်အာဘင်ကို အဆိုပါမှားယွင်းမှုများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ “ကမ္ဘာမှာ အကောင်းဆုံး နည်းပညာ လက်ထဲမှာ ကိုင်ထားနိုင်ပေမဲ့ အမှားအယွင်းတွေက ရှိနေတုန်းပါ။ မပြည့်စုံသေးတဲ့ သတင်းအချက်အလက်ကို အခြေခံမိတာ ဒါမှမဟုတ် ရတဲ့သတင်းအပေါ် အကောက်အယူလွဲမှားလို့ ခုလိုဖြစ်ရတာပါ။ ကျွန်တော်တို့တတွေ ဒီအမှားအယွင်းကနေ သင်ခန်းစာယူကြရမယ်။ နောင် အခုလို ထိခိုက်နစ်နာမှုမျိုးမဖြစ်အောင် လုံ့လဝီရိယထားကြရမယ်။ ဖြစ်စဉ်တစ်ခုချင်း စိတ်ချသေချာတဲ့အထိ စောင့်ကြည့်စုံစမ်းရမယ်။ ပြီးတော့ အပြစ်မဲ့သေဆုံးသူ တစ်ယောက်ချင်းစီအတွက် ဝမ်းနည်းရပါတယ်” ဟု တိုင်းမ်သတင်းစာသို့ တုံ့ပြန်ခဲ့သည်။

ဝေဟင်က မမြင်ရသော မြေပြင်

အရှေ့အလယ်ပိုင်း၌ အမေရိကန်တို့၏ လေကြောင်းတိုက်ပွဲဆင်နွှဲမှုများမှာ ယခင် သမ္မတ ဘားရက်အိုဘားမားအစိုးရလက်ထက် နောက်ဆုံးနှစ်ပိုင်းများအတွင်း တဟုန်ထိုး မြင့်တက်လာခဲ့၏။ အကြောင်းမှာ မြေပြင်တိုက်ပွဲစဉ်အတွက် လူထုထောက်ခံမှု ကျဆင်းလာခဲ့သောကြောင့် ဖြစ်သည်။

အိုဘားမား၏အပြောအရ လူမပါသော လေကြောင်းတိုက်ခိုက်မှုများကို အဝေးမှထိန်းချုပ်သည့် ချဉ်းကပ်မှုအသစ်သည် “ သမိုင်းတစ်လျှောက် အတိကျဆုံးလေကြောင်းတိုက်ပွဲဆင်နွှဲမှု” ဖြစ်ပြီး အရပ်သားများသေဆုံးမှုကို အနည်းဆုံးထိ လျှော့ချနိုင်ကြောင်း ပြောကြားခဲ့၏။

နည်းပညာသစ်သည် ရန်သူများစုစည်း ပြည့်နှက်ခိုအောင်းနေထိုင်ရာ အိမ်တစ်လုံး၏အတွင်းပိုင်းထိ ဖျက်ဆီးနိုင်စွမ်းရှိပြီး အိမ်အခွံအတိုင်း ကျန်ရစ်နိုင်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

သို့သော် ငါနှစ်ရာသီ တစ်ဖြတ်ပြီးချိန်၌ အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဆီးရီးယားတို့တွင် လေကြောင်းတိုက်ခိုက်မှု ၅၀,၀၀၀ ကျော် ပြုလုပ်ခဲ့သော အတွေ့အကြုံအရ ကြေညာထားခဲ့သလောက် တိတိကျကျ မရှိခဲ့ပါ။

နယူးယောက်တိုင်းမ်က ထုတ်ပြန်ချက်အတွက် သတင်းစုစည်းခဲ့ရာတွင် “ မှားယွင်းပစ်မှတ်ကြောင့် ထိခိုက်ခဲ့ရတဲ့နေရာ ၁၀၀ ကျော်ကို အရောက်သွားခဲ့တယ်၊ အသက်ရှင်ကျန်ရစ်ဆဲ ဒေသခံတွေကို လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့တယ်။ အခုလက်ရှိနဲ့ အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်အရာရှိတွေကိုလည်း အင်တာဗျူးလုပ်ခဲ့တယ်” ဟု သတင်းထောက်က ဆိုပါသည်။

ပင်တဂွန်၏ အထောက်အထားများကို Freedom of Information မှတစ်ဆင့် တောင်းဆိုခဲ့ရာ ၂၀၁၇ ခု မတ်လမှစတင်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဦးစီးချုပ်ရုံးတို့က တရားစွဲဆိုထားသော အမှုအခင်းများ ပါဝင်သည်။ ထို့ပြင် အာဖဂန်နစ္စတန်ဆိုင်ရာ စစ်ဥပဒေမှတ်တမ်းသစ်များကိုလည်း ဖော်ထုတ်ခဲ့သည်။

လေကြောင်းတိုက်စစ်ဆင်နွှဲမှု မစတင်မီ အမေရိကန်တပ်မတော်အနေနှင့် အရပ်သား သေဆုံးမှုကို အနည်းဆုံးလျှော့ချနိုင်ရန်အလို့ငှာ ဆောင်ရွက်သွားမည့် အသေးစိတ်လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လမ်းညွှန်ပြသရမည်။

သို့သော် လက်တွေ့တွင်မူ အထင်မှား လှည့်စားတတ်သော သတင်းပေးများ၊ မတိကျသောအချက်အလက်များက အချိန်နှင့်အမျှ ပေါ်ထွက်နေပြီး ဒုက္ခရောက်ပျက်စီးစေသည့် လမ်းကြောင်းအမှားအယွင်းများ ဖြစ်ပျက်နေ၏။

ဥပမာပြရသော် ဝေဟင်မှ ကြည့်ရှုနိုင်သော ဗီဒီယိုတွင် အဆောက်အအုံအတွင်း သို့မဟုတ် သစ်ရွက်သစ်ခက်အောက် သို့မဟုတ် တာပေါ်လင်အစအောက် သို့မဟုတ် အလူမီနီယမ်အောက်၌ လူ ရှိ မရှိကို ပြသနိုင်ခြင်းမရှိပါ။

တစ်ဖန် ပေးလာသည့်သတင်းအချက်အလက်အပေါ် ကောက်ချက်အမှားလည်း ဆွဲနိုင်ပါသေးသည်။ ဗုံးချပြီးကာစအရပ်၌ အလုံးအရင်း ထွက်ပြေးနေကြရှာသော လူအများအပြားကို ဒုက္ခသည်များဟု အဖြစ်မှန် သဘောမထားဘဲ မိမိတို့ကို ဆန့်ကျင်နေသည့် တိုက်ခိုက်ရေးသမားများဟု ကောက်ချက်ချပုံမျိုးဖြစ်သည်။

“ တစ်ခါတစ်ရံ လူတွေ ‘အုပ်လိုက် ဆိုင်ကယ်စီး’ သွားကြတာကို အန္တရာယ်ကျရောက်တော့မယ့် တိုက်ပွဲလက္ခဏာအဖြစ် သတ်မှတ်မိပြီး တိုက်ခိုက်မိတာမျိုး” ဟု တိုင်းမ်က ပြောပါသည်။

စစ်ဘောင်နှင့် လူ့အခွင့်အရေးဘောင်

ဦးစီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ အာဘင်က လေကြောင်းစစ်ပွဲ စီမံကိန်းရေးဆွဲသူများအနေနှင့် ခက်ခဲလှသည့်အခြေအနေများကြားမှ အကောင်းဆုံးလုပ်ဆောင်နေကြကြောင်း ပြောခဲ့သည်။

သူက ဖြည့်စွက်လျက် ယခုကဲ့သို့ ပြောခဲ့ပါသေးသည်။ “ တိုက်ပွဲနေရာအများစုမှာ ပစ်မှတ်ကို တိုက်ခိုက်သူတွေဟာ ယုံကြည်လောက်တဲ့ အန္တရာယ်အရိပ်အငွေ့ကို ခံစားကြရပြီး အချိန်ကတော့ ကောင်းကောင်းယူလို့ မရဘူး။ ရှုပ်ထွေးနေတဲ့ စစ်ပွဲကြားမှာ ချလိုက်မိတဲ့ဆုံးဖြတ်ချက်တွေက အရပ်သားတွေအပေါ် ထိခိုက်မှုအဖြစ် ဝမ်းနည်းဖွယ်ရာ ရလဒ်ထွက်သွားနိုင်ပါတယ်” ။ သို့ဆိုလျှင် ကမ္ဘာအရပ်ရပ်၌ စစ်ပွဲအတွေ့အကြုံများစွာရှိသော အမေရိကန်ပြည်ထောင်စုက သူ၏ တိုက်ပွဲဝင်စစ်သည်များအပေါ် မည်သို့တိုက်ခိုက်ရန် လမ်းညွှန်ခဲ့ပါသနည်း။

“ငါသည် လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေသော အမေရိကန်တစ်ယောက်အဖြစ် ဘယ်သောအခါမှ မမေ့လျော့ဘဲ ငါ၏ဆောင်ရွက်ချက်များအတွက် ငါတာဝန်ယူသည်။ ငါ့နိုင်ငံကို လွတ်လပ်စေခဲ့သော အခြေခံမူများကို ငါ ယုံကြည်သည်။”

ကမ္ဘာသိထုတ်ပြန်ထားသော အမေရိကန်စစ်သည်တို့၏ သစ္စာဓိဋ္ဌာန်မှ စာသားတစ်စ ဖြစ်ပါ၏။

တာဝန်ခံမှုနှင့်ပတ်သက်၍ လူပြောင်းသော်ငြား မပြောင်းသောစကားအဖြစ် ဖော်ပြစရာ ကျန်ပါသေးသည်။ ကဘူးလ်ရှိ ကလေး ခုနစ်ဦး၊ စုစုပေါင်းအရပ်သား ၁၀ ဦး မှားယွင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့စဉ်က စစ်ဆေးရသူ အမေရိကန်လေတပ်၏ ဒုတိယဗိုလ်ချုပ်ကြီး ဆာမီဆက်ဒ်က ထိုအမှုအပေါ် “ အတည်ပြုချက် သွေဖည်ခြင်း”၊ “ဆက်သွယ်ရေးစနစ် ပြတ်တောက်ခြင်း” စသော အလုံးကြီးကြီးများ လွှတ်ပြီးသကာလ “ဒါဟာ ရိုးသားတဲ့ မှားယွင်းမှုတစ်ခုပါ။ ဒီကိစ္စက ရာဇဝတ်ကြောင်းအရ ပြစ်မှုမမြောက်ပါဘူး။ ပေါ့ဆမှုကြောင့် ပေါ်ပေါက်တတ်တဲ့ သာမန်အမှားတစ်ခုပါ” ဟု သတင်းထောက်များကို ပြောခဲ့၏။

မူဝါဒအခြေပြုစည်းမျဉ်းတို့ကို “စန်းတင်” နေကျ အမေရိကန်ပြည်ထောင်စု၏ စစ်ဘောင်ကျယ်လာချိန်တွင် အခြားနစ်နာသူများအပေါ် ထားရှိသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမူဘောင်ခမျာ ကျုံ့၍ကျုံ့၍သာ ကျဉ်းသွားလေတော့၏။

Most Read

Most Recent